ကျွန်တော်နှင့် နန္ဒ ၊   နန္ဒာများ

ကျွန်တော်နှင့် နန္ဒ ၊   နန္ဒာများ

******* 

‘နန္ဒ’ ဟု ဆိုလျှင် ဆရာနန္ဒ၏ ‘သံနှင့်သွေး’  ‘ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ” ‘မိုးယံသို့ချီ’ စာအုပ်များက မှတ်ဉာဏ်ထဲကနေ ကမန်းကတန်း ခေါင်ပြူထကြည့်လာကြသည်။ ကျွန်တော် အလွန်နှစ်သက်စွဲလန်းခဲ့သော စာအုပ်များဖြစ်၏။

နန္ဒာသိန်းဇံသည် နာမည်ကျော် ဒဿနိကပါမောက္ခနှင့်၊ စာရေးဆရာဖြစ်ပြီး ဟာသစာပေများနှင့် ထင်ရှားခဲ့သော ဆရာကြပ်ကလေး၏ ကလောင်ခွဲတစ်ခုမှာ ‘နန္ဒသူ’ ဖြစ်သည်။

‘ရှင်နန္ဒမာလာ’ သည် ဘိုးတော်ဘုရားလက်ထက်က ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး၊

‘နန္ဒာပုလဲ”သည် ဆရာတက္ကသိုလ်နန္ဒမိတ်၏ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ်နာမည်ဖြစ်ကာ၊ ‘ကိုကို့နှမ မြနန္ဒာ’သည် ဆရာမကြီးကြည်အေး ၏ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်ပြန်သည်။

‘ငြိမ်းနန္ဒ’သည် ချစ်သော ငယ်သူငယ်ချင်းတစ်ဦးနာမည်ဖြစ်ခဲ့ပြီး ‘ငြိမ်းန္ဒာကျော်’သည် ကျွန်တော့်ဆယ်ကျော်သက်ဘဝက ကဗျာကလောင်နာမည် တစ်ခုဖြစ်ခဲ့ဖူး သည်။

လောကနန္ဒာသည် မျိုးသုဉ်းလုဘေးဆိုက်ရောက်နေသော မြန်မာမျိုးရင်း ကြယ်လိပ်များကို ပြုစုထိန်းသိမ်းထားသည့် ဘေးမဲ့ဥယျာဉ် အမည်ဖြစ်သည်။  ပုဂံမြို့၊ လောကနန္ဒာဘုရားအနီးတွင်ရှိသည်။ ထိုဇာတိဖွား ကြယ်လိပ်များကို ကျွန်တော်ပြုစုမွေးမြူထားဖူးသည်။

မြကန်သာ၊ တောင်ကျ‌ချောင်းတေး၊

ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ

ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ

ငှက်မျိုးစုံသည်၊ဘုံဝတိံသာ

နန္ဒာပေလော၊ တူစွဟုတ္တာ၊  ။ သည် အမည်မသိရှေးစာဆို၏ ‘မြကန်’ ကဗျာဖြစ်ပြီး၊…ကဗျာကို အထက်တန်းကျောင်းသား ဘဝက ကျက်မှတ်လေ့လာခဲ့ရဖူးသည်။ ရှေးက နတ်ပြည်နှင့် ခိုင်းနှိုင်းဖွဲ့ဆိုခဲ့ဖူးသော ပုဂံက မြကန်သည် ခုအခါ ပက်ကြားအက်ထနေသော ကန်ကော တစ်ခုဖြစ်နေပြီ။

[အလင်္ကာကျော်စွာ စောင်းဦးဘသန်း] ၏ “မန်းတောင် လက်ယာ” အမည်ရ (မန္တလေးမြို့ဘွဲ့ယိုးဒယား) သီချင်းတစ်ပိုဒ် ဆိုညည်းကြည့်မိလိုက်သောအခါ …။ (နန္ဒာရေဝန်းရံခ၊ ပတ်လည်သာ ရွှေမန်းတောင်တော်သာ) ။ (အို.. အို အို.. ဆန်းပါလှ မြို့နန်း ရွှေဝတိံသာ) ဟု ဖွဲ့ဆိုထားသည်ကို မြင်ကြားရ၏။ (ဆန်းလာမောက်ဖြိုး ရွာသည်မိုး၊ ဘုန်းတန်ခိုး  ရွှေမိုးငွေမိုးရွာ၊ ဆင်ဖြူရတနာ ဆက်မည်ခုရောက်လာ) ဆိုကာ ဆင်ဖြူ အကြောင်းလည်း ပါနေသေး၏။ ယနေ့မန္တလေးမှာတော့ ဆင်ဖြူလည်းပြေး နန္ဒာလည်းအေးမည့်ပုံမပေါ်။

“နန္ဒာလှိုင်’ကို ကျွန်တော် မကြိုက်သော်လည်း မယ်တင့်ခေါ် ‘တင့်တင့်ထွန်း’ ကိုမူ ကျွန်တော်နှစ်သက်ခဲ့သည်။

ထို မယ်တင့်က ရာသက်ပန် သာသာနာ့ဘောင် ဝင်သွားသောအခါ သူ့သီလရှင်ဘွဲ့မှာ ‘နန္ဒမာလာ’ဖြစ်သည်။

တလောလေးက ဖဘ တနေရာတွင် မယ်တင့်နှင့်ပတ်သက်ပြီးရေးထားသည်ကို ဤသို့ ဖတ်ရ၏။

မတင့်(တင့်တင့်ထွန်း)ကို တောရကျောင်းလေးမှာ

ညီမလေးတစ်ယောက်က တွေ့လာခဲ့တယ်။

ပုံရိုက်ခွင့်မရှိလို့ မရိုက်လာရဘူးတဲ့။

အရင်ကထက်ပိုလှပြီး မျက်နှာကကြည်ရှင်းနေရောပဲတဲ့။

သူ တရားအားထုတ်နေတဲ့ တစ်ပါးကျောင်းဆောင်ပုံလေးတော့ ညီမလေးက ရိုက်လာခဲ့တယ်။

ကြည့်ရတာ ရင်ထဲမှာ နင့်ကနဲဖြစ်သွားတယ်။

နုနုဖပ်ဖပ်မင်းသမီးဖြစ်ခဲ့ဖူးသူက

အခု တောကြီး တောင်ပေါ်က

တဲပုတ်သာသာ တစ်ပါးကျောင်းဆောင်လေးမှာ

တရားအားထုတ်နေတာတဲ့လေ။

တင့်တင့်ထွန်းဆိုရင် လူတွေက အားကျကြတယ်။

နှစ်ဘဝစာလောက်ကဲပြီး တရားအားထုတ်သွားတာ။

လူဖြစ်ရတာတန်တယ်တဲ့။

ကျွန်တော့်မှတ်ဉာဏ်ထဲတွင် ‘နန္ဒ’ နှင့် ‘နန္ဒာ’များ ဒွေးရောယှက်တင်ဖြစ်နေသော်လည်း  ‘နန္ဒ’ သို့မဟုတ် ‘နန္ဒာ’နာမည်ပါသော မည်သည့် အမျိုးသမီး အသိအကျွမ်းတစ်ဦးမျှ မရှိခဲ့ကြောင်း ဂရုထားမိပြန်၏။ ထိုနာမည်များသည် စိတ်ထဲမှာ သာရှိသော အမှတ်အသားများ ဖြစ်သည်။ သို့သော် ကျွန်တော်ထူးခြားစွာ စွဲလန်းခဲ့ခြင်းကြောင့် ဤမျှ မှတ်မိနေဟန်တူပါသည်။ 

ငအအ

Saturday, August 17, 2024 at 7:25 AM

Visited 47 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *