ကျွန်တော်ချစ်ခင်လှတဲ့ မန္တလေးက စာရေးဆရာကြီးညိုထွန်းလူခေါ် ဘဒွေးညို ရဲ့ ပို့စ်တစ်ခုကို ဖတ်ရတယ်။
အလိုကွယ် … သူရို့ သူအိုဇနီးမောင်နှံနေထိုင်မှုက ချစ်စရာ လွမ်းစရာလေး။
သူက ဒီလိုရေးသဗျ။
****
ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ပျော်ခဲ့ကြတယ်။
မဟုတ်သေးဘူး ပျော်ခဲ့တယ်လို့ထင်မိတယ်။
သူကလည်းအံ့သြစရာ။ လက်ဘက်ရည်ကြိုက်တယ်လေ။ ကျုပ်တို့နှစ်ယောက် လက်ဘက်ရည်ဆိုင်မှာထိုင် ခဲ့ရတဲ့နေ့ရက်တွေကို လွမ်းတောင် လွမ်းမိသွားတယ်။
အခု သူကမလိုက်နိုင်တော့ အပြန်မှာသူ့အတွက်လက်ဘက်ရည်ပါဆယ်တစ်ခွက် ဆွဲလာခဲ့ရတယ်။
ကျုပ်ကတော့ သွားနိုင်လာနိုင်တုန်းမို့တော်သေးရဲ့။ လက်ဘက်ရည်ဆိုင်မှာမိတ်ဆွေ နဲ့တွေ့လို့ စကားပြောဖြစ်လည်း နာရီဝက် ထက် ပိုမကြာဘူး။
အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့သူ့ကို စိတ်မချဘူးဗျ။
ဇာတ်ခုံပေါ်မှာ လက်ဘက်ရည် ပါဆယ်ခွက်ကလေးဆွဲပြီး အိမ်ကိုပြန်လာတဲ့အဖိုးအို ဖြစ်တဲ့ ကျုပ်ကိုတွေ့လိုက်ရတယ်။ အိပ်ရာထဲ လှဲနေတဲ့ သူ့ကိုထူပြီး လက်ဘက်ရည်ကို ဖြေးဖြေးချင်း တိုက်လိုက်တယ်။ အမယ်အိုက လက်ဘက်ရည်သောက်ပြီးရင် ကုတင်ပေါ်မှာ ခြေတွဲလောင်းချထိုင်ပြီး ကျုပ်နဲ့ခဏတဖြုတ် စကားပြောလေ့ရှိတယ်။ကျုပ်ကသူ့လောက် သတိမကောင်းဘူး။ မေ့လျော့တာတွေ များလာပြီ။ သူက မနက်ခင်းမှာ သောက်ရမယ့် ဆေးတွေကို သောက်ပြီးပြီလားတဲ့။ ည၁၁နာရီထိုးရင်အိပ်တော့တဲ့။ ကျုပ်မအိပ်နိုင်သေးရင် ကျုပ်ရှိတဲ့နေရာကို ရောက်လာတတ်လို့ အိပ်ချင်ယောင်ဆောင်နေလိုက်ရသေးတယ်။
တကယ်တော့ ဒါတွေက ဘဝဇာတ်ခုံပေါ်မှာဖြတ်လျှောက်ကဏ္ဍ နည်းပါးလာခဲ့တဲ့ ကျုပ်တို့နှစ်ယောက်ရဲ့နေ့စဉ်တွေ့နေရမယ့် မပီဝိုးတဝါး မြင်ကွင်းတွေပါ။
*****
သူ့စာကို ဖတ်မိလိုက်တာနဲ့ ချက်ချင်းပဲ ကျွန်တော့် အတွေးမြင်ကွင်းတွေလည်း မှုန်ဝါးသွားလေရဲ့၊ ပြီးတော့ နှင်းထူထူထုကို ခွဲထွက်လာတဲ့ နေရောင်နုနုလေးလို မှတ်ဉာဏ်ထဲ အလင်းပြပြရောက်လာတယ်။ လူအိုနှစ်ယောက် အကြောင်း၊ ဇနီးမောင်နှံအိုနှစ်ယောက် အကြောင်း၊ နေဝင်လုချိန် ချစ်ခြင်းအကြောင်း။
တကယ် သည်းသည်းနစ်နစ်ချစ်ခဲ့ကြရင် အချစ်မှာ အိုသည်မရှိပါလား။
ငယ်ရွယ်သည်မှ အိုမင်းသည်အထိ၊ သေဆုံးခြင်း သင်္ခါရမှတပါး သူတို့ကို ခွဲထုတ်မသွားနိုင်ပါလား။
*****
သားဦး ကို ရိုက်မိတော့မယ်
ဘာမှတော့ သိပ်မလိုပါဘူး။
မြေပြောင်သလင်းခါနေတဲ့ ခြံဝင်းလေးထဲက လှေကား သုံးလေးထစ်လောက်တက်ရမယ့် ရေနံချေးဝနေတဲ့ သစ်သားတစ်ထပ် အိမ်လေး တစ်လုံးလိုမယ်။
အဲ့ဒီအိမ်လေးမှာ ပရိဘောဂ များများမရှိရဘူး။ ဖျာတွေလောက် ခင်းထားရင်ရပြီ။ အိမ်ပေါ်တက်လာရင် ဘုရားစင်ရှိတဲ့ ဧည့်ခန်း လေး ရဲ့ နံဘေးမှာအိပ်ခန်းလေး ၂ခန်းလောက်တော့ ရှိရမယ်။ အဲ့ဒီ ၂ခန်းကို ကျော်သွားရင် လှေကား ၂ထစ်လောက်ဆင်းရမယ့် မီးဖိုချောင်နဲ့ ထမင်းစားခန်းရှိရမယ်။ ထမင်းစားခန်းအလွန်မှာတော့ ကပြင်ပေါ့။
အဲဒီအိမ်မှာ ကြမ်းပြင်ထိ စိုက်ထားတဲ့ သံချောင်းလေးတွေနဲ့ ပြတင်းပေါက်တွေရှိရမယ်။ (ကြမ်းပြင်အပေါ်မှာမှ အပြင်ဖွင့် သစ်သား ပြတင်းပေါက်)
အဲ့လို သံချောင်းလေးတွေကနေ ဝင်လာတဲ့နေရောင် ဘုရားခန်းရှေ့က ဖျာပေါ်ကျနေတာမျိုး၊ ဘုရားရှိခိုးတဲ့သူ ထိုင်နေရင်လည်း သူ့ကိုယ်ပေါ်မှာ အရိပ်အစင်း ထင်နေသလိုမျိုး လိုချင်တယ်။
ကဲ .. စမယ်။
ယိုင်နဲ့နဲ့ ဝါးခြံစည်းရိုးလေးကို လွန်ပြီး အဖိုးကြီးတစ်ယောက်ဝင်လာမယ်။ အသက် (၇၅/၈၀)ပေါ့။ မျက်နှာမှာ အရေးကြောင်းလေး တွေတော့ ရှိစေချင်တယ်။ ဘာမိတ်ကပ်မှ မတင်ချင်ဘူး။ (ဆံပင်ဖြူပြီး ယောင်ထုံးထားလည်းရတယ် ။ ကျွန်နော့်လို ထိပ်ပြောင်နေ လည်းရတယ်)
အသက်အရ မြန်မြန်မလျှောက်နိုင်ဘူး။ (ဟန်လုပ်ပြီးလည်း လျှောက်ပြစရာမလိုဘူး) သူ့အသက် သူ့သဘာဝအတိုင်းပဲ လျှောက်၊ ဖြည်းဖြည်းလျှောက်ဝင်လာ။ သူ့လက်ထဲမှာ ကျွပ်ကျွပ်အိပ်နဲ့ ထည့်ထားတဲ့ ပါဆယ်ကော်ဖီလေးတစ်ခွက်။ ကော်ဖီထုပ်လေးကို ဇွန်းအင် (Zoom in) မယ်။ ကော်ဖီပါဆယ်ထုပ်လေးရဲ့ ခါယမ်းနေမှုကို အနှေးပြကွက်နဲ့ပြမယ်။ သူ့အနောက်က ကျလာတဲ့ မနက်နေရောင်ဟာ ပလပ်စတတ် အကြည်သားကို ဖေါက်နေရမယ်။ ကော်ဖီရည်တွေက လှုပ်နေရမယ်။
မနက်ခင်းလေးဖြစ်ချင်တယ်။
မြူတွေကျပြီး မနက်ခင်းနေရောင်ဟာ အဲ့ဒီမြူတွေကိုဖေါက်၊ သစ်ပင်ကြီးတွေကို ကျော်ပြီး အိမ်ရှေ့က မြေသလင်းလေးထဲ ထိုးကျချင်တယ်။
အဖိုးကြီးဟာ (တုတ်ကောက်မပါဘူး) သူ့ ခန္ဓာကိုယ် ချိနဲ့နဲ့ကို သူကိုယ်တိုင် တနိုင်သယ်ရင်း (ကာဖီထုပ်လေးကိုလက်ကဆွဲရင်း) လှေကားထစ်ပေါ်(ဖြည်းဖြည်း) တစ်ဆင့်ခြင်းတက်မယ်။
နောက်ခံအသံက ငှက်သံလေးတွေပါမယ်။ ကြက်သားအုပ်မလေးတွေ အသံပါမယ်။ လေတိုးသံ၊ သစ်ရွက်ခတ်သံပါမယ်။ (ဘာနောက်ခံ ဂီတမှ မသုံးဘူး။ )
ကင်မရာကို သူတံခါးဖွင့်ဝင်လာမယ့် အမှောင်ထဲကနေ တည်ထားမယ်။
ပိတ်ထားတဲ့တံခါးနောက်က တည်ထားတဲ့ ကင်မရာဟာ အမှောင်ထဲကနေ နေ့အလင်းဘက်ကိုရိုက်မှာ။
တံခါးဖွင့်တယ်။ ဆီမထည့်ထားတဲ့ တံခါးသံ ကျွိကျိမည်မယ်။ အဘိုးကြီးနောက်က အလင်းဟာ အခန်းထဲကို ဖြာကနဲ ကျလာမယ်။ အဖိုးကြီးကဘုရားခန်း (ဧည့်ခန်းလည်း ဟုတ်တဲ့) နေရာက ပြတင်းပေါက်တွေကို အရင် ဖွင့်မယ်။ မနက်ခင်းအလင်းဟာ သံတိုင်တွေကို ဖြတ်ပြီး ကြမ်းပြင်ပေါ်မှာ အရိပ်အစင်းရှည်လျားလျားကြီးတွေ ထင်နေမယ်။
အဖိုးကြီးဟာ ကော်ဖီအိပ်ကလေးဆွဲလို့ ပထမဦးဆုံး အခန်းကို ဖွင့်မယ်။ ခြေတလှမ်းလောက်ဝင်ပြီး ဟိုဟို ဒီဒီကြည့်မယ်။ ပြန်ထွက် တံခါးပိတ်မယ်။နောက်တစ်ခန်းကိုလည်း အဲ့လိုလုပ်မယ်။ (နိုး ဒိုင်ယာလော့ခ်။)
( အမေကြီးရေ၊ အမေကြီး ဒီမှာလား တစ်ခွန်းမှ မခေါ်ဘူး။ မျက်စေ့နဲ့ပဲ ကြည့်ရှာမယ်)
ပြီးတော့ လှေကားနှစ်ထစ်လောက်ဆင်းရမယ့် နောက်ဖေး မီးဖိုချောင်ကိုဆင်းမယ်။ မီးဖိုထဲမှာ ဘာမီးမှ မွှေးမထားတာ။ မှောက်ထားတဲ့ ပန်းကန်တစ်ချို့ ဖုံတက်နေတာ ပြမယ်။
အဖိုးကြီးဟာ မီးဖို အလွန်က ကပြင်ဆီထွက်ပြီး တောင်တောင်မြောက်မြောက်ကြည့်မယ်။
အပြင်မှာ အလင်း။ ဟင်းလင်း။
ကပြင်ပေါ်မှာ အလင်း ဟင်းလင်း။
ရေမသုံးတာကြာလို့ ခြောက်အက်နေတဲ့ ကြမ်းပြင်ကို BC (Big Closeup) အထိရောက်အောင် (ခြောက်ကပ်နေတဲ့ကြမ်းပြင်ပေါ်က ဖုန်မှုန့်တွေ အသေးစိတ်ပေါ်လာအောင်ထိ) တဖြည်းဖြည်း ဆွဲရိုက်မယ်။
နောက်ခံအသံကတော့ လေတိုးသံနဲ့ ငှက်သံပဲ။ (နှဲ မမှုတ်ဖူး၊ တယော မထိုးဘူး။ ပီယာနိုခလုပ် တတို့ချင်း မတို့ဘူး။ ဘာသံမှ မပါဘူး)
(အဲ့ဒီအချိန်မှာ အခန်းထဲက အမှောင်နဲ့ အပြင်ကအလင်းကို ကစားမယ်။ DoP ဆရာတွေ အဲ့တာတွေ တွက်ဗျာ)
ပြီးတော့ သက်ပြင်းတစ်ချက်ရှိုက်မယ်။
တုန်တုန်ဖြည်းဖြည်းပဲ ဘုရားစင်ရှေ့ကို ပြန်တက်လာမယ်။ (အတန်ငယ်မောနေမယ်)
ကော်ဖီထုပ်ကလေး သူ့ဘေးချပြီး လက်အုပ်ချီမယ်။ ကန်တော့မယ်။ ပြန်မော့မတ်လာမယ်။ (ကင်မရာဟာ ဒီနေရာအတွက် ရိုက်ထောင့် အနည်းဆုံး လေးငါးထောင့်လောက်ရိုက်ယူထားမယ်။ ပြီးမှ ပြန်ဖြတ်မယ်)
ပြီးတော့ နှုတ်က တိုးတိုးဆိုမယ်။
…….
“သူမရှိတော့တာ နှစ်ပေါင်းများစွာ ကြာပါပြီဘုရား
သူ ကျန်းမာပါစေ …””
…….
“ပါဆယ်”
ပါဆယ်ကော်ဖီထုပ်လေးကိုင်ပြီး
အိမ်ထဲကို ဝင်လာတယ်
ပြီးတော့ တစ်ခန်းပြီး တစ်ခန်း သူ့ဇနီးကို လိုက်ရှာ
အတော်ကြီး ကြာမှ သူရှာတွေ့တယ် သူ့ရဲ့ မေ့လျော့တတ်မှုကို
ဒီတော့ ဘုရားစင်ရှေ့သွား
ပါးစပ်က တစ်စုံတရာကို နှုတ်တိုက်ရေရွတ်လို့
တပည့်တော် မေ့သွားတယ်
သူမရှိတော့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ
သူ ကျန်းမာပါစေတဲ့
အသက်ကြီးတော့
အဘဟာ တစ်ခုပြီး တစ်ခု မေ့လျော့လာတတ်တယ်
သူ့ဇနီးအတွက် ကော်ဖီပါဆယ်ကိုတော့ သတိရမြဲ
နေ့တိုင်းပဲလေ။ ။
( ရန်ကုန်ကဗျာဆုရတဲ့ ကဗျာဆရာ သားဦး ရဲ့ ကဗျာကိုတော့ ကျွန်တော် ရိုက်ပလိုက်မိပြီ။)
ငြိမ်းအေးအိမ်
၂၀၂၀ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်
*****
သီချင်းဖွင့်ထားကြတာလား။
သီချင်းသံက တိုးတိုးလေးကနေ ကျယ်ကျယ်လောင်လောင်ဖြစ်သည်အထိ ကြားလာနေရတယ်။
ဘဒွေးညို ထိုင်နေကျ လက်ဖက်ရည်ဆိုင်ဆီကလား။ သားဦး ဝယ်နေကျ ကော်ဖီဆိုင်ကလား။ နှစ်ဆိုင်စလုံးက တပြိုင်နက် ဖွင့်ထားကြတာလား။ သီချင်း ကတော့ဖြင့် ဒီတစ်ပုဒ်တည်း။ တူလှချည့်လား။ သီချင်းလည်းတူ၊ ခံစားချက်လည်းတူလား။ အဲ့သလိုလား။ မဟုတ်သေးဘူး။ ဟိုလူတွေက မကွဲကွာတဲ့ချစ်ခြင်းကို ပြချင်တာ။ ဖွဲ့ဆိုတာ။ သီချင်းဆီမှာက ငယ်နုစဉ်က ကွဲကွာသွားသူကို အရွယ်လွန်ချိန်မှ ပြန်တွေ့ရမယ်ဆိုရင် လို့ ခံစားထားတာ။ ဒါပေမယ့် အရွယ်ညောင်းတာချင်းကျ တူနေတယ်။
*****
“တို့များအရွယ်ညောင်းခဲ့ရင်”
ရေး- ပန်တျာချစ်လှိုင်
ဆို- ဂီတာ ကိုသာစိန်
ချစ်ခွန်းခြွေတော့ သွေခွာအဝေး ပြေးလေသူရယ်
( တို့များအရွယ်ညောင်းခဲ့ရင်ကွယ်
ခုရွယ် ငယ်စဉ်သွေးလို အချစ်ရေးများတွေးဖို့ရာမလွယ်
သည်သောအခါမှလေကွယ်
ဘုရားသွား ကျောင်းတက် နှုတ်ခွန်းဆက် နှစ်သိမ့်ရုံသာကွယ်
ကိုယ်တို့နှစ်ဦးသားရဲ့ ရင်ထဲဝယ်
အချစ်ရယ် ဘယ်လိုထူးပေမယ့်
ကြည်နူးမြူးပျော်စရာများရယ်
ခုရွယ် ငယ်စဉ်ဘဝလို နုပျိုလန်းဆန်း
(အချစ်ပန်းများ … အချစ်ပန်းများ … ပွင့်နိုင်ပါ့မလားကွယ်) ၂
ငယ်စဉ် သည်ဘဝမှာကွယ်
သည်အလှလေးတွေ နုပျိုစဉ်တုန်းမှာတော့
ပြုံးမော့မော့ ကြော့ကာ နော့ကာသာရယ်
(မာနတွေ ထားကြလို့ရယ်) ၂
အော် ငယ်ဂုဏ်မောက်ပါလို့
တစ်ယောက်နဲ့တစ်ယောက် မကြင်နာရင်ကွယ်
အရွယ်ထောက်လို့ လာပြန်ရင်ကွယ်
အချစ်ရယ် ဘယ်လိုထူးပေမယ့်
ကြည်နူးမြူးပျော်စရာများရယ်
ခုရွယ် ငယ်စဉ်ဘဝလို နုပျိုလန်းဆန်း
အချစ်ပန်းများ … အချစ်ပန်းများ … ပွင့်နိုင်ပါ့မလားကွယ်
***
Wednesday, October 4, 2023 at 6:35 AM