ဖတ်မိတဲ့စာအုပ်တစ်အုပ်အပေါ် ကိုယ့်အမြင် ကိုယ့်ခံစားမှုလေးတွေကို ချရေးရာမှာ လုံးချင်းက (ကိုယ့်အတွက်) ပိုအဆင်ပြေတယ်။ အတိုတွေပေါင်းထားတဲ့ စာအုပ်မျိုးဆို တိုင်က ပတ်ချင်ရော။ ကိုယ်က လျှာရှည်ချင်တဲ့အမျိုးမို့ စာအုပ်ထဲပါတဲ့ တပုဒ်ချင်းစီကို ပြောရရင် ရှည်လံဒေးထမေဘန္တေ တွေဖြစ်ကုန်ရော။ စိတ်လာရာ တစ်ပုဒ်စီခွဲရေးရမလိုတွေဖြစ်ရော။
စာတိုလောက်သာ ဖတ်ချင်ကြ၊ ဖတ်ကြတော့တဲ့ ဖာစီဘုတ်ယဉ်ကျေးမှုမှာ အရှည်ကြီးတွေရေးရပြီး၊ ရေးထားပြီးမှ လူမဖတ်ရင်လည်း အလကား လက်ညောင်းအတွေးညောင်းတာပဲ အဖတ်တင်မှာကိုး။
ဒါ့ကြောင့် ဒီတစ်အုပ်အတွက် “ဒဏ်ရာတွေ သက်သာသွားပြီလား” ကို ရွေးလိုက်တယ်။ (မုန်တိုင်းအသင့်မှာ မြို့တော်ကြီးက လွင့်စင်သွားသူ တစ်ယောက်အကြောင်းပေါ့)
တစ်အုပ်လုံးမှာ ပါတဲ့ တစ်ပုဒ်ချင်းစီနဲ့ ပတ်သက်ပြီး သူ့အမှာစာမှာကို အတော်လေး ပြည့်စုံအောင် ဖေါ်ပြထားပြီးဖြစ်လို့ ဒါလေး ဖတ်လိုက်ရင် တစ်အုပ်လုံးကို ခြုံငုံမြင်မိနိုင်မှာပါ။ ချုပ်ဆိုရရင် မဂ္ဂဇင်းတွေမှာ ပါခဲ့ဖူးတဲ့၊ မဂ္ဂဇင်းဝတ္ထုရှည်(၈)ပုဒ်ကို စုစည်းထားတာ ဖြစ်ပြီး၊ အဲဒီဝတ္ထုအားလုံးကလည်း အဲဒီခေတ်က “ပေါက်ဝတ္ထု” (လူကြိုက်များ/ လူအများစိတ်ဝင်စားခဲ့ကြတဲ့) တွေဖြစ်ခဲ့ပါတယ်။ ပါခဲ့သမျှ ထဲက ‘ကောင်း’တာ ‘စင်’ တာ ‘သန့်’တာလေးတွေ ရွေးစုသီထားတဲ့ ပုတီးကုံးလေးလို့ ဆိုရပါမယ်။
ဆရာကို ရေးဟန် တိမ်းညွတ်ဟန်တွေက ဆူရီယယ်၊ ပဉ္စလက်သရုပ်မှန်ဘက်ကိုနွယ်ချင်တယ်။ (အပုဒ်တိုင်းတော့ မဟုတ်ဘူးပေါ့)။ အဲလို နွယ်တဲ့အခါ တွေးဟန်ရော ရေးဟန်ရောက လွတ်လပ်ပေါ့ပါးပြီး သူ့စိတ်စေရာမျောပါနေတော့တယ်။
စိတ်ဆိုတာကိုက ဆုပ်ဖမ်းဖို့ ခက်တဲ့ အမျိုး။ အဲဒီလိုမျိုး စိတ်ယဉ်ကိုစီးပြီး ရေးသွားတဲ့ ဝတ္ထုဆိုတာမျိုးဟာ ဘယ်လောက်တောင် လွင့်မျောပြီး ဆုပ်ဖမ်းရခက်နေမလဲ တွေးသာ ကြည့်။ တခါတရံ စာရေးသူရည်ညွှန်းချင်တာက တမျိုး၊ စာဖတ်သူဆီ တင်ကျန်ရစ်တာက တမျိုးလည်းဖြစ်နိုင်တာပဲ။ စာဖတ်သူကိုယ်တိုင် က သူ့စိတ်အခံ၊ သူ့ဘဝအခံနဲ့သူ ထင်ရာရွေးကောက်သွားတာမျိုးလည်း ဖြစ်တတ်တာပဲ။
ခုလည်း ဆရာကို့ အနုပညာဗန်းကြီးထဲ ဖြန့်ကျဲထားတဲ့ အစာ အစ အနတွေထဲက ကိုယ်ကောက်ချင်ရာ ကောက်ယူလာခဲ့တယ်။
စား(မြည်း)ကြည့်ကြပါဦးလား။ ကြိုက်မကြိုက်ကတော့ ကိုယ့်အထာနဲ့ကိုယ်၊ ကိုယ့်အစာ ကိုယ့်သဘာ၊ ကိုယ့်နှစ်သက်မှုနဲ့ကိုယ်ပါပေါ့။
………………………….
(( …. အဲဒီနွေဦးရဲ့ နောက်မှာပေါ့။ ကျွန်တော့်အသည်းနှလုံးက ဒဏ်ရာအနာတရနဲ့ မို့မောက်ဖူးရောင်လို့။ တစ်နှစ်ကြာတော့ လူတွေက ဘားတွေဆီ ရောက်ကုန်တယ်။ ကိုယ်သုံးစွဲနိုင်တဲ့ ငွေကြေးအရပေါ့လေ။ တချို့က ဘီယာဆိုင်တွေဆီ ရောက်ရှိ အထိုင်ချ။ ပေါ့ပေါ့ပါးပါး။ ကျွန်တော့်မှာတော့ ဒဏ်ရာက မကျက်။ ဒီလိုနဲ့ ဘားတစ်ခုကို ကျွန်တော် ရောက်သွားတယ်။ အကြီးကြီးတော့လည်း မဟုတ်ဘူး။ မိန်းမတွေ ရော၊ ယောကျ်ားတွေရော နှစ်ခွက်သုံးခွက်လောက် အူလမ်းကြောင်းထဲ စီးဝင်သွားတာနဲ့ တိမ်ယံကြားထဲ နတ်မြင်းပျံစီးသွား နေကြသလိုပဲ။
အကုန် ထက။
အကုန် ထက။
လူတွေ တကယ်ပျော်နေကြပြီလား။ လူတွေဟာ ပျော်ချင်ယောင်ဆောင်နေကြတာလား။ လူတွေဟာ ဖြစ်ချင်ရာဖြစ်တော့ကွာဆိုပြီး ပျော်ပစ် လိုက်ကြတာလား။ မြို့တော်ကြီးမှာ ဘားတွေ တအားတအား များလာနေပြီ။ ဘီယာဆိုင်တွေ ပိုများလာနေပြီ။ အရက်ပုလင်း ရောင်းတဲ့ဆိုင်တွေလည်း တိုးပွားခဲ့ပြီ။ ဘားထဲမှာ လူတွေ ထကကုန်ပြီ။ ကျွန်တော် ထက ရမှာလား။ ကျွန်တော် သီချင်းတွေ လိုက်ဆိုရမှာလား။ ကျွန်တော် အမူးသောက်ပစ်လိုက်တယ်။ …. )))
…….
…….
(( … ဗင်းဆင့် ဗင်ဂိုးလို မှော်သားအပြည့် ခံစားမှုတွေနဲ့ ကမ္ဘာအတွက် အနုပညာချန်ထားခဲ့ရစ်ဖို့ဆိုတာ ဝေလာဝေး။ ကျွန်တော်ဟာ သိစိတ် ကင်းမဲ့တဲ့ သူရူးလို လမ်းတွေလျှောက်လို့။ အဆုံးအရှုံးတွေကြောင့် ဘဝဟာ ဘယ်လို ရပ်တည်ရှင်သန်ရမလဲ မသိတော့ဘဲ လေတွေ တိုက်နေတဲ့ လမ်းပေါ်မှာ တိမ်တွေလို လွင့်နေမိတယ်။
ကိုယ်နာကျင်တာ သေနတ်။
ကိုယ်နာကျင်တာ ကျည်ဆံ။
သေနတ်နဲ့ ကျွန်တော် အဆင်မပြေနိုင်မှန်းသိလို့၊ မြို့ပေါ်မှာ ကျွန်တော် နေထိုင်တယ်။
နောက်တော့ လူတွေအကုန်လုံး ဘားတွေထဲ ဘီယာဆိုင်တွေထဲ ရောက်ကုန်တာလား။ အငြိမ်သောက်တဲ့သူက သောက်။ အသေ မှောက်တဲ့ လူက မှောက်။ ဘားထဲမှာ နာမည်မရှိတဲ့ တေးသံရှင်က ဟတ်ဒ်ရော့ခ်သီချင်းတစ်ပုဒ်ကို သီဆိုနေပြီ။ မူလကတော့ နာမည်ကြီး အဆိုတော် တစ်ဦးက ဆိုထားတဲ့ နာမည်ကြီးသီချင်းပါပဲ။ အခု နာမည်မရှိတဲ့ တေးသံရှင်က သီဆိုတော့လည်း ကျွန်တော်တို့သွေးတွေကို ပူနွေးပေါက်ကွဲစေပါတယ်။
အကုန် ထက။
အကုန် ထက။
ဒီအချိန်မှာဆိုရင် လိုင်းပေါ်မှာ ဆပ်ပို့တာတွေ တစ်ယောက်ကို တစ်ယောက် အသားကုန်ဆဲနေကြ။ အသေဆဲနေကြ။ ညစ်ညမ်း စကားလုံး တွေနဲ့ တစ်ဦးကိုတစ်ဦး ပစ်ပေါက် အပုပ်ချပြီး ဆဲရေးနေကြပြီ။
ကိုယ်ကျိုးစီးပွား မပါဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။
ဒီလောက် ဒေါသတကြီး နင်ဘဲငဆ ဆဲရေးနေမှတော့။ ကျွန်တော်ကတော့ ဘယ်အပြစ်မဲ့ပြည်သူကိုမှ မသေဆုံးစေလိုပါ။
ကျွန်တော်ဟာ ဘာတွေကို ယုံကြည်ရမလဲ။
ဘယ်သူ့ကိုမှ ယုံပြီး ပုံအပ်လို့မရတာကို ကျွန်တော်ဖြတ်သန်းခဲ့တဲ့ နှစ်ကာလများက အခုသက်သေပြနေပြီပေါ့။
ဒီလို ပွတ်တိုက်မှုတွေနဲ့ ကျွန်တော့်မှာ သွေးသံရဲရဲ ဖြစ်နေရ။ ))
…….
…….
(( … တချို့ညတွေမှာ ကျွန်တော့်မြို့တော်ကြီး ဘာများဖြစ်နေပါလိမ့်လို့ သံယောဇဉ်မပြတ်နိုင်သေးပဲ လိုင်းသုံးမိတာမျိုးလည်း ရှိပါတယ်။ အာရုံပဲ။ Live လွှင့်တာတွေ ပြန်ရှင်းတာတွေနဲ့ တိုးမိတတ်။ ကျော်ပစ်။ ကျော်ပစ်။ ဂျပိုးကို လိပ်ဖြစ်အောင် ပြောနေ။ ဂျင်းကောင်တွေ။ ကျော်ပစ်။ ကျော်ပစ်။ ဘောမတွေရော ထမီခြုံတွေရော အကုန် ကျော်ပစ်။ ကျော်ပစ်။
အိဖူးရော အိမ်ပေါ်မှာ ဘာလုပ်နေသလဲ။
ကွန်ဖရန့်တေးရှင်းမှသည် နီဂိုရှိတ်တက် ကော်ပရိုမိုက်စ်ဆီသို့။ အဲဒီ ဖေ့စ်ဘုတ်ကြီးကနေ ဇာတ်လမ်းစခဲ့တာပေါ့။ အပျက်အပျက်နဲ့ ငါတို့ တစ်ပြည်လုံး နှာခေါင်းသွေးမကဘူး။ အသည်းနှလုံးတွေက သွေးတွေထွက်ကြရတာပေါ့။ နီဂိုရှိတ်တက် ကော်ပရိုမိုက်စ်ဆို။ ဒီနာကျင် ကြေကွဲဖွယ်ဇာတ်ဟာ အဲဒီက စတင်ခဲ့တာပေါ့။ ငါ့တိုင်းပြည်ထဲ မီးခိုးတွေအူကုန်ရော။ ငါ ရင်နာလို့ မဆုံး ဖြစ်ရပေါ့။
ဟိုးတောင်ကုန်းပေါ်က ဆောင်းရာသီခသော လူငယ်များသို့ ကျွန်တော် ဦးညွတ် အလေးပြုပါတယ်။ ))
…….
…….
(( … “အိဖူး .. လမ်းကြောင်းသိလား”
“ရှမ်းအရှေ့ဆီ အနံ့ခံပြီး ပျံသန်းမယ်အစ်ကို။ အိဖူးက ရှမ်းအရှေ့ရဲ့ အနံ့ကို အဝေးကနေ အာရုံခံတတ်ပါတယ်။”
အိဖူးက အရှေ့ကနေ ပျံသန်းတယ်။ ငါက အိဖူးနောက်ကလိုက်ပြီး ပျံသန်းတယ်။ မြို့တော်ကြီးကတော့ ယမ်းနံ့တွေ၊ မီးခိုးလုံးတွေနဲ့အတူ မွှန်ထူမည်းမှောင် ကျန်ရစ်ခဲ့ပြီ။ ငါတို့နှစ်ယောက်ဟာ ပျံသန်းလျက်။
“ရှမ်းအရှေ့ရဲ့ အနံ့တွေကို အပြည့်အဝ ရလာပြီအစ်ကို။ သစ်ပင်၊ တောတောင်၊ ပန်းပွင့် အနံ့တွေ။ ငှက်ကလေးတွေရဲ့ အနံ့တွေ။ ကျွန်မတို့ ငြိမ်းချမ်းစိမ်းလန်းတဲ့ဒေသဆီ ရောက်တော့မယ်။ “
ငါတို့ လွတ်မြောက်ပြီဆိုတဲ့ အသိနဲ့ ငါဟာ သွေးအသစ်တွေနဲ့ လန်းဆန်းသွား။
“အောက်ကို ဆင်းမယ် အစ်ကို”
…….
…….
အားလုံး ဘေးကင်းကြပါစေ။
တောင်ပေါ် တစ်နေရာက ဆောင်းရာသီ ခသော လူငယ်များသို့ ကျွန်တော် ဦးညွတ်အလေးပြုလိုက်ပါတယ်။
( ၂၀၂၂။ Daily ELEVEN တွင် ၄ပတ်၊ ၄ကြိမ် ဖော်ပြခဲ့သည်)
………
စာရေးဆရာဟာ သူ့စာမူတိုင်းရဲ့ အောက်ခြေမှာ စာမူရဲ့ နောက်ခံခုနှစ်တွေကို တိတိပပ ဖော်ပြခဲ့ပါတယ်။
ဆရာကို ကျန်းမာရွှင်လန်းစွာ စာတွေ အများကြီး ရေးနိုင်ပါစေ
ငအအ
Wednesday, July 10, 2024 at 3:18PM