မီးပန်းပွင့်တုန်း တန်ဆောင်မုန်းမှာ၊ မီးရောင် လရောင် နေအရောင် ညအရောင် လွှမ်း၍မိုးထားတဲ့၊ ဇာတာတစ်စောင် လက်ဖွဲ့တစ်ထောင်ပေးအံ့။
ဆုပ်လျှင်စူး စားလျှင်ရူး၊ ဆုပ်သော် ဖရိုဖရဲ ကြဲသော် တထွေလုံးလုံးဖြစ်နေသည့် လူပု စိတ်တို ခွေးပုရန်လိုလေး၊ လိုလျှင်ကြံဆ နည်းလမ်းရပါစေ။
လိုတာမရ ရတာမလိုသည့် ဆန္ဒကိုမူ လူ့အလို နတ်မလိုက်နိုင်ဟု ခိုလိုညည်းကြမည်သာ။
ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်ပြောရလျှင် ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်ကို သတိတရရှိဖို့ လိုပါမည်။
ပတ္တမြား ဆန်ကျိုး အဖိုးပြည်တန်ကြောင်းကို သိထားလျှင် ကံရှိမှတတ် ဉာဏ်ရှိမှမြတ်သည်ဖြစ်၍ ခရုမှာလည်း အဆန်၊ လူမှာလည်းအကြံဟူသောထုံး နှလုံးမူကာ သာမာန်အခွင့်လမ်းများကိုအလွယ်မယူဘဲ ရွှေချဉ်ပေါင်လက်ခြား ကြက်သားနှင့်မလဲပေါင် ဟူ၍ မာန်တင်းထားနိုင်ဖို့လိုသည်။
သို့သော် အစာကောက်တိုင်းရလျှင် စလုတ်မဆံ့၊ နှမ်းလျင်ကို လုပ်တိုင်းရလျှင် ထည့်စရာပုတ်မဆံ့သည့်သဘောကို ပါဌ် တစ်ချက် အနက် ဆယ်ထွေ စောကျောနိုင်ပါက သောက်လေသောက်လေ ငတ်မပြေ၊ ကာမေငါးသင်း သည်ဆားတွင်း ဆိုသည့် လောဘကို သတိတမံ၊ ဉာဏ်မြေကတုတ် ၊ ပညာစွန်း ချွန်းကဲ့သို့ အုပ် နိုင်မည်ဖြစ်၏။
ထင်းမရှိတော့ ထရံဖျက်၊ ဟင်းမရှိတော့ ကြမ်းစွန်းငှက်ဟု သဘောထားတတ်သူတို့ကြောင့် ကောက်နှောင်း ဆင်စာ၊ သားနှောင်းကျွန်ရာဘဝဖြင့် လူတစ်ခု ပူမှုဆယ်ကုဋေကြုံရစေဦး ယောက်ျားတံခွန် လူရည်မွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်း ထုံးနှလုံးမူ၍ ယောက်ျားတို့လုံလ သေခါမှ လျှော့ရမည်သာဖြစ်သည်။
ပါဌ် – Pali-ပါဌ>ပါဌ်(n) ။ ပါဠိတော်။ ပါဠိစကား။ ပါဌ်သား /မင်္ဂလသုတ်ပါဌ်အနက်။ သမန်၊ ပ။ ဃ။
ကာမေ ငါးသင်း – ကာမဂုဏ်ငါးပါး
ကြမ်းစွန်းငှက် – အိမ်ကြမ်း၏ အစွန်းတွင် အိပ်တန်းတက်သောငှက်
သားနှောင်း – မိဘ အသက်ကြီးမှ ရသောသား
ဖေါ်ပြဝါကျများကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ၁၉၉၆ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ်ပုံနှိပ်ထုတ်ဝေသော “မြန်မာဆိုရိုးစကား” စာအုပ်တွင် ပုံနှိပ်ဖေါ်ပြထားသည့် အောက်ပါ မြန်မာဆိုရိုးစကားများကို စကားစပ်များ၊ စကားဆက်များဖြင့် တွဲကပ်တပ်ဆင်ထားခြင်းဖြစ်ပါသည်။
၁။ မီးပန်းပွင့်တုန်း တန်ဆောင်မုန်းမှာ
၂။ မီးရောင် လရောင် နေအရောင် ညအရောင် လွှမ်း၍
၃။ ဇာတာတစ်စောင် လက်ဖွဲ့တစ်ထောင်
၄။ ဆုပ်လျှင်စူး စားလျှင်ရူး
၅။ ဆုပ်သော် ဖရိုဖရဲ ကြဲသော် တထွေလုံးလုံး
၆။ လူပု စိတ်တို ခွေးပုရန်လို
၇။ လိုလျှင်ကြံဆ နည်းလမ်းရ
၈။ လိုတာမရ ရတာမလို
၉။ လူ့အလို နတ်မလိုက်နိုင်
၁၀။ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်
၁၁။ ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်
၁၂။ ပတ္တမြား ဆန်ကျိုး အဖိုးပြည်တန်
၁၃။ ကံရှိမှတတ် ဉာဏ်ရှိမှမြတ်
၁၄။ ခရုမှာလည်း အဆန်၊ လူမှာလည်းအကြံ
၁၅။ ရွှေချဉ်ပေါင်လက်ခြား ကြက်သားနှင့်မလဲပေါင်
၁၆။ အစာကောက်တိုင်းရလျှင် စလုတ်မဆံ့
၁၇။ နှမ်းလျင်ကို လုပ်တိုင်းရလျှင် ထည့်စရာပုတ်မဆံ့
၁၈။ စောကျောနိုင်ပါက သောက်လေသောက်လေ ငတ်မပြေ
၁၉။ ကာမေငါးသင်း သည်ဆားတွင်း
၂၀။ ပါဌ် တစ်ချက် အနက် ဆယ်ထွေ
၂၁။ သတိတမံ၊ ဉာဏ်မြေကတုတ် ၊ ပညာစွန်း ချွန်းကဲ့သို့ အုပ်
၂၂။ ထင်းမရှိတော့ ထရံဖျက်၊ ဟင်းမရှိတော့ ကြမ်းစွန်းငှက်
၂၃။ ကောက်နှောင်း ဆင်စာ၊ သားနှောင်းကျွန်ရာ
၂၄။ လူတစ်ခု ပူမှုဆယ်ကုဋေ
၂၅။ ယောက်ျားတံခွန် လူရည်မွန်က ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်း
၂၆။ ယောက်ျားတို့လုံလ သေခါမှ လျှော့