ဒီနေ့ နေ့လည် “သားဦး” ဆုံးသွားပြီတဲ့။
ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာဆရာ။ အဆုံးအရှုံးတွေက များလိုက်တာ၊ ဝမ်းနည်းစွာ နှုတ်ဆက်လိုက်ရ ခြင်းသာ တတ်နိုင်ခဲ့။
Assorted Cake စာအုပ်မှာ ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့ “သားဦးကို ရိုက်မိတော့မယ်” စာစုလေးနဲ့ပဲ အလေးအနက် နှုတ်ဆက်လိုက်ပါတယ်။
သံသရာခရီးမှာ အစစ အဆင်ပြေပါစေဗျာ၊
**********
“သားဦး ကို ရိုက်မိတော့မယ်”
ဘာမှတော့ သိပ်မလိုပါဘူး။
မြေပြောင်သလင်းခါနေတဲ့ ခြံဝင်းလေးထဲက လှေကား သုံးလေးထစ်လောက်တက်ရမယ့် ရေနံချေးဝနေတဲ့ သစ်သားတစ်ထပ် အိမ်လေး တစ်လုံးလိုမယ်။
အဲ့ဒီအိမ်လေးမှာ ပရိဘောဂ များများမရှိရဘူး။ ဖျာတွေလောက် ခင်းထားရင်ရပြီ။ အိမ်ပေါ်တက်လာရင် ဘုရားစင်ရှိတဲ့ ဧည့်ခန်း လေး ရဲ့ နံဘေးမှာ အိပ်ခန်းလေး ၂ခန်းလောက်တော့ ရှိရမယ်။ အဲ့ဒီ ၂ခန်းကို ကျော်သွားရင် လှေကား ၂ထစ်လောက်ဆင်းရမယ့် မီးဖိုချောင်နဲ့ ထမင်းစားခန်းရှိရမယ်။ ထမင်းစားခန်းအလွန်မှာတော့ ကပြင်ပေါ့။
အဲဒီအိမ်မှာ ကြမ်းပြင်ထိ စိုက်ထားတဲ့ သံချောင်းလေးတွေနဲ့ ပြတင်းပေါက်တွေရှိရမယ်။ (သူ့အပေါ်မှာမှ အပြင်ဖွင့် သစ်သား ပြတင်းပေါက်)
အဲ့လို သံချောင်းလေးတွေကနေ ဝင်လာတဲ့နေရောင် ဘုရားခန်းရှေ့က ဖျာပေါ်ကျနေတာမျိုး၊ ဘုရားရှိခိုးတဲ့သူ ထိုင်နေရင်လည်း သူ့ကိုယ်ပေါ်မှာ အရိပ်အစင်း ထင်နေသလိုမျိုး လိုချင်တယ်။
ကဲ .. စမယ်။
ယိုင်နဲ့နဲ့ ဝါးခြံစည်းရိုးလေးကို လွန်ပြီး အဖိုးကြီးတစ်ယောက်ဝင်လာမယ်။ အသက် (၇၅/၈၀)ပေါ့။ မျက်နှာမှာ အရေးကြောင်းလေး တွေတော့ ရှိစေချင်တယ်။ ဘာမိတ်ကပ်မှ မတင်ချင်ဘူး။ (ဆံပင်ဖြူပြီး ယောင်ထုံးထားလည်းရတယ် ။ ကျွန်နော့်လို ထိပ်ပြောင်နေ လည်းရတယ်)
အသက်အရ မြန်မြန်မလျှောက်နိုင်ဘူး။ (ဟန်လုပ်ပြီးလည်း လျှောက်ပြစရာမလိုဘူး) သူ့အသက် သူ့သဘာဝအတိုင်းပဲ လျှောက်၊ ဖြည်းဖြည်းလျှောက်ဝင်လာ။ သူ့လက်ထဲမှာ ကျွပ်ကျွပ်အိပ်နဲ့ ထည့်ထားတဲ့ ပါဆယ်ကော်ဖီလေးတစ်ခွက်။ ကော်ဖီထုပ်လေးကို ဇွန်းအင် (Zoom in) မယ်။ အနောက်က ကျလာတဲ့ မနက်နေရောင်ဟာ ပလပ်စတတ် အကြည်သားကို ဖေါက်ရေမယ်။ ကော်ဖီရည်တွေက လှုပ်နေရမယ်။
မနက်ခင်းလေးဖြစ်ချင်တယ်။
မြူတွေကျပြီး မနက်ခင်းနေရောင်ဟာ အဲ့ဒီမြူတွေကိုဖေါက်၊ သစ်ပင်ကြီးတွေကို ကျော်ပြီး အိမ်ရှေ့က မြေသလင်းလေးထဲ ထိုးကျချင်တယ်။
အဖိုးကြီးဟာ (တုတ်ကောက်မပါဘူး) သူ့ ခန္ဓာကို ချိနဲ့နဲ့ကို သူကိုယ်တိုင် တနိုင်သယ်ရင်း (ကာဖီထုပ်လေးကိုလက်ကဆွဲရင်း) လှေကားထစ်ပေါ် (ဖြည်းဖြည်း) တစ်ဆင့်ခြင်းတက်မယ်။
နောက်ခံအသံက ငှက်သံလေးတွေပါမယ်။ ကြက်သားအုပ်မလေးတွေ အသံပါမယ်။ လေတိုးသံ၊ သစ်ရွက်ခတ်သံပါမယ်။ (ဘာနောက်ခံ ဂီတမှ မသုံးဘူး။ ဗိုလ်ချမ်း @ချမ်းဟိန်းကြွယ် ၊ ငါ့ သတ်တော့မှာပဲ)
ကင်မရာကို သူတံခါးဖွင့်ဝင်လာမယ့် အမှောင်ထဲကနေ တည်ထားမယ်။
ပိတ်ထားတဲ့တဲ့ခါးကို တည်ထားတဲ့ ကင်မရာက အမှောင်အတိဖြစ်နေမယ်။ တံခါးဖွင့်တယ်။ ဆီမထည့်ထားတဲ့ တံခါးသံ ကျွိကျိမည်မယ်။ အဘိုးကြီးနောက်က အလင်းဟာ အခန်းထဲကို ဖြာကနဲ ကျလာမယ်။ အဖိုးကြီးက ဘုရားခန်း (ဧည့်ခန်းလည်း ဟုတ်တဲ့) နေရာက ပြတင်းပေါက်တွေကို အရင် ဖွင့်မယ်။ မနက်ခင်းအလင်းဟာ သံတိုင်တွေကိုဖြတ်ပြီး ကြမ်းပြင်ပေါ်မှာ အရိပ် အစင်းကြီးတွေ ထင်နေမယ်။
အဖိုးကြီးဟာ ကော်ဖီအိပ်ကလေးဆွဲလို့ ပထမဦးဆုံး အခန်းကို ဖွင့်မယ်။ ခြေတလှမ်းလောက်ဝင်ပြီး ဟိုဟို ဒီဒီကြည့်မယ်။ ပြန်ထွက် တံခါးပိတ်မယ်။ နောက်တစ်ခန်းကိုလည်း အဲ့လိုလုပ်မယ်။ (နိုး ဒိုင်ယာလော့ခ်၊ အမေကြီးရေ၊ အမေကြီး ဒီမှာလား တစ်ခွန်းမှ မခေါ်ဘူး။ မျက်စေ့နဲ့ပဲ ကြည့်ရှာမယ်)
ပြီးတော့ လှေကားနှစ်ထစ်လောက်ဆင်းရမယ့် နောက်ဖေး မီးဖိုချောင်ကိုဆင်းမယ်။ မီးဖိုထဲမှာ ဘာမီးမှ မွှေးမထားတာ။ မှောက်ထားတဲ့ ပန်းကန်တစ်ချို့ ဖုံတက်နေတာ ပြမယ်။
အဖိုးကြီးဟာ မီးဖို အလွန်က ကပြင်ဆီထွက်ပြီး တောင်တောင်မြောက်မြောက်ကြည့်မယ်။
အပြင်မှာ အလင်း။ ဟင်းလင်း။ ကပြင်ပေါ်မှာ အလင်း ဟင်းလင်း။ ရေမသုံးတာကြာလို့ ခြောက်အက်နေတဲ့ ကြမ်းပြင်ကို BC နဲ့ တဖြည်းဖြည်း ဆွဲရိုက်မယ်။ နောက်ခံအသံကတော့ လေတိုးသံနဲ့ ငှက်သံပဲ။ (နှဲ မမှုတ်ဖူး၊ တယော မထိုးဘူး။ ပီယာနိုခလုပ် တတို့ချင်း မတို့ဘူး။ ဘာသံမှ မပါဘူး)
(အဲ့ဒီအချိန်မှာ အခန်းထဲက အမှောင်နဲ့ အပြင်ကအလင်းကို ကစားမယ်။ DoP ဆရာတွေ အဲ့တာတွေ တွက်ဗျာ)
ပြီးတော့ သက်ပြင်းတစ်ချက်ရှိုက်မယ်။
တုန်တုန်ဖြည်းဖြည်းပဲ ဘုရားစင်ရှေ့ကို ပြန်တက်လာမယ်။ (အတန်ငယ်မောနေမယ်)
ကော်ဖီထုပ်ကလေး သူ့ဘေးချပြီး လက်အုပ်ချီမယ်။ ကန်တော့မယ်။ ပြန်မော့မတ်လာမယ်။ (ကင်မရာဟာ ဒီနေရာအတွက် ရိုက်ထောင့် အနည်းဆုံး လေးငါးထောင့်လောက်ရိုက်ယူထားမယ်။ ပြီးမှ ပြန်ဖြတ်မယ်)
ပြီးတော့ နှုတ်က တိုးတိုးဆိုမယ်။
…….
“သူမရှိတော့တာ နှစ်ပေါင်းများစွာ ကြာပါပြီဘုရား
သူ ကျန်းမာပါစေ …””
…….
ဘာပြူးကြောင်ကြည့်နေတာလဲ ကိုသက် Thet Oo Maung ၊ ဒေဝီ Shin Daewe ၊ သားဦး ရမယ့် ကဗျာဆု အတွက် သူ့ကို ဂုဏ်ပြုပြီး အတိုရိုက်မှာ ။ အဖြူမည်းနော်။ နင်တို့ ခင်မာလာတွေယူခဲ့။ အသံသွင်းစက်တွေ ယူလှဲ့။ မယူပေး မကူပေးချင်ကြဘူးလား။ ရော့ ဟောသမှာ သားဦး ကဗျာကို ဖတ်ကြည့်။ (ဖတ်မိပြီးမှာ ကျွန်တော် ကျွန်မတို့ ရိုက်ပါရဇီ လာမလုပ်ကြနဲ့)
……….
“ပါဆယ်”
ပါဆယ်ကော်ဖီထုပ်လေးကိုင်ပြီး
အိမ်ထဲကို ဝင်လာတယ်
ပြီးတော့ တစ်ခန်းပြီး တစ်ခန်း သူ့ဇနီးကို လိုက်ရှာ
အတော်ကြီး ကြာမှ သူရှာတွေ့တယ် သူ့ရဲ့ မေ့လျော့တတ်မှုကို
ဒီတော့ ဘုရားစင်ရှေ့သွား
ပါးစပ်က တစ်စုံတရာကို နှုတ်တိုက်ရေရွတ်လို့
တပည့်တော် မေ့သွားတယ်
သူမရှိတော့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ
သူ ကျန်းမာပါစေတဲ့
အသက်ကြီးတော့
အဘဟာ တစ်ခုပြီး တစ်ခု မေ့လျော့လာတတ်တယ်
သူ့ဇနီးအတွက် ကော်ဖီပါဆယ်ကိုတော့ သတိရမြဲ
နေ့တိုင်းပဲလေ။ ။
( ရန်ကုန်ကဗျာဆုရတဲ့ ကဗျာဆရာ သားဦး ကိုတော့ ကျွန်တော် ရိုက်ပလိုက်မိပြီ။)
ငြိမ်းအေးအိမ်
၂၀၂၀ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်