ဆရာရဲသျှမ်း၏ ‘အစ်ကို ညီပုလေး” စာအုပ်ဖတ်ရသည်။
သူ့စာအုပ်ဖတ်ရချိန်တွင် ကိုညို( ညီပုလေး)ကို လွမ်းစိတ်ဖြစ်ရဆိုသည်ထက် ပိုသော ဝေဒနာကို ခံစားလိုက်ရသည်။
ကိုညို့ကို မချစ်သည့်သူများ ရှိပါလေဦးမည်လားဟုလည်း တွေးမိသည်။ ကျွန်တော်တို့ ဝန်းကျင်မှ ရဲဘော်များ၊ မိတ်ဆွေများ ၊ သူငယ်ချင်းများ မည်သူတစ်ဦးတစ်ယောက်ထံကမှ ကိုညို့ကို မုန်းတီးကြောင်း၊ သဘောမကျကြောင်းပြောဆိုသည်ကို မည်သည့်အခါကမျှ မကြားရခဲ့ စဖူး။
ဤ စာအုပ်အတွက် ဆရာကျော်ရင်မြင့်က အမှာစာ ရေးသားသည်။
သူ့အမှာစာတွင် ၈၅ နှစ်ဦးမှအစမဂ္ဂဇင်း တစ်ခေတ်ဆန်းချိန်၊ အပြိုင်းအရိုင်းပေါ်လာသော မဂ္ဂဇင်းများ၊ ရှိနှင့်ပြီး အရှိန်ရပြီး မဂ္ဂဇင်းများတွင် မန်းမှ စာရေးသူများ အုံကျင်းဖွဲ့ ဝင်ရောက်ရေးသားလာခဲ့ကြောင်း၊ လူငယ်လူသွက်ဖြစ်ပြီးအပေါင်းသင်းဆံ့သော၊ ချစ်ခင် လေးစားသူများသော လူထုမိသားစုဝင် တက်သစ်စ စာရေးဆရာ ကိုညိုက မန်းသို့လာသော အယ်ဒီတာ/ထုတ်ဝေသူများနှင့် မန်းမှ စာ စရေးသူ/အထိုက်အလျောက်နေရာရနေသူ မိဖြူ မောင်နီမခွဲအားလုံးကို ဖိတ်ခေါ် မိတ်ဆက်ပေးခဲ့သူဖြစ်ကြောင်းရေးခဲ့ပါသည်။ အထက်မြန်မာနိုင်ငံမှာ စာရေးဆရာများ တခေတ်တခါပေါ်ပေါက်လာသည်မှာ စာပေဝါသနာနပါသူများ ရင်းရင်းနှီးနှီး စုစုစည်းစည်း နေထိုင် ခဲ့ကြခြင်း၊ တစ်ဦးကိုတစ်ဦး ဖေးမကူညီပြီး လက်တွဲခေါ်ဆောင်ခဲ့ကြခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်လာခြင်း၏ ပင်မမဏ္ဍိုင် အဓိက မှာ ကိုညိုကြောင့် (စာရေးဆရာညီပုလေးကြောင့်) ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။
ဆရာရဲသျှမ်းက သူ့ထက် အသက်(၈)နှစ်ပိုကြီးသော်လည်း စာမေးပွဲစိတ်မဝင်စား၊ ဘောလုံးပဲကန်နေခြင်းနှင့် နရသိမ်အပြန်ခရီး တွေကြောင့် ၁၉၇၆ခု MASU ဘူမိ ဒုတိယနှစ်တွင် တစ်တန်းတည်း လာဆုံခဲ့သည်မှစပြီး ၂၀၂၃ ဇွန်လ ၂၁ရက်ကွယ်လွန်သည်အထိ (၄၄)နှစ်ကြာ ဆုံစည်းခဲ့ရမှုများအကြောင်း အလွမ်းတနင့်တပိုးဖြင့် တခန်းတနား ဖွဲ့ဆိုထားသည့် စာအုပ်ဟု ဆိုချင်ပါသည်။ (ထိုသို့ ဆယ်စု နှစ်များစွာ လက်တွဲမပျက် ချစ်ခင်စွာနေခွင့်ရခဲ့သော ဆရာရဲသျှမ်းကိုပင် အတန်ငယ် မနာလိုဖြစ်ခဲ့မိကြောင်း ဝန်ခံရမည်ဖြစ်သည်။ ထိုစာအုပ်အတွက် အကြံပြုရမည်ဆိုလျှင် ဓာတ်ပုံများအကြောင်းပြောချင်သည်။ စာအုပ်ပါ ဓာတ်ပုံများသည် ရှားပါး မှတ်တမ်းပုံများဖြစ် သည်။ ပြန်လုပ်ယူ၍မရသော ထိန်းသိမ်းထားသင့်သော အမှတ်တရပုံများဖြစ်ကြသည်။ ယနေ့အချိန်တွင် ဓာတ်ပုံဟောင်းများကို အကောင်းဆုံးအရည်သွေးရအောင် ပြန်သန့်နိုင်သော လူများ/ဆော့ဖ်ဝဲလ်များ အတော်ရှိ နေပြီဖြစ်သည်။ ဓာတ်ပုံများကို သန့်ကြည်အောင် လုပ်ပြီး စာတစ်မျက်နှာ(သို့) အနည်းဆုံး မျက်နှာဝက်ခန့် ဖေါ်ပြနိုင်ခဲ့လျှင် ကောင်းလေစွ ဟု လောဘ တက်မိသည်။)
ကျွန်တော်တို့ ကိုညိုကို ခင်သည်၊ ချစ်သည်၊ သိသည်ဆိုသည်မှာ သူ့ဘဝ၏ အစိတ်အပိုင်းသေးသေးလေးကိုသာ သိပြီး သူ့စိတ်ရင်းကြောင့်၊ သူ့လူမှုဆက်ဆံရေးကြောင့် ချစ်ကြခင်ကြခြင်းဖြစ်သည်။ ဤစာအုပ်မှာ ကျွန်တော်တို့ မသိသေးသော သူ့အကြောင်း များစွာကို သိလိုက်ရသည်။ ဘူမိကျောင်းသားဘဝ ကွင်းဆင်းချိန် တောမီးဝိုင်းခံရသည့်အခိုက်၊ ကိုညို၏ ခေါင်းဆောင်နိုင်စွမ်း၊ ရုတ်တရက် ဖြစ်ပေါ်လာသော အခြေနေဆိုးမှ ကျော်လွှားနိုင်ရန် စီမံခန့်ခွဲ နိုင်စွမ်းကို ဤသို့ ရေးထားသည်ကို ဖတ်ရသည်။
(( … ဘေးပတ်လည် လောင်နေတဲ့ မီးတောက်တွေက ကျွန်တော်တို့ ၉ယောက်ဆီ ရွေ့လာနေသလို ခံစားရပြီး ကြောက်စိတ်က ငယ်ထိပ်လာဆောင့်တော့တယ်။ သည်အချိန်မှာ အစ်ကိုက ရေဘူးတွေကို စုခိုင်းလိုက်တယ်။ တချို့ရေဘူးထဲ တစ်စက်တေင် မကျန်ဘူး။ အဲဒါ အစ်ကိုက လက်ကျန်လေးတွေ စုလိုက်ပြီး အယောက်တိုင်းကို တငုံစီလိုက်တိုက်တယ်။ ရေဘူးထဲ ရေရှိနေသေးတဲ့သူကလည်း မတွန့်တိုဘဲ ကြည်ဖြူပေးပါတယ်။
“ညီအစ်ကိုတို့ ဖိနပ်မကျွတ်စေနဲ့ .. ဦးထုပ် မကျွတ်စေနဲ့ အစ်ကိုဖေါက်ထွက်တဲ့အတိုင်း ပြေးလိုက်ကြ .. မလဲစေနဲ့နော် .. ကြောက်စိတ်ဖျောက်ထား .. ကဲ ညီစေ “ ဆိုပြီး မီးတောက်ထဲ ဦးဆောင်ဖြတ်ပေးတာ။ ကျွန်တော်တို့လည်း အစ်ကို့နောက် ထပ်ချပ်မကွာ ပေါ့။ ၅မိနစ်တောင်မကြာပါဘူး။ ကျွန်တော်တို့ ဟုန်းဟုန်းတောက်လောင်နေတဲ့ တောမီးဝိုင်းခံနေရတာကနေ လွတ်မြောက်သွားတော့ တယ်။))
နောက်တစ်နေရာတွင်၊ ဆရာရဲသျှမ်း၏ သူ့ (ကိုညို့)အပေါ်၊ သူ့ရေးဖော်ရေးဘက် မန်းဆရာတွေအပေါ် ထားသောသံယောဇဉ် ချစ်ခြင်း တရားတို့ကို ရင်နာနာနှင့်ဖတ်ရသည်။
ကိုညိုနှင့် မန်းစာရေးဆရာတစ်သိုက် (ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက်၊ ဆရာကျော်စွာထက်၊ ဆရာညိုထွန်းလူ၊ ဆရာရိုးကွန့်၊ ဆရာကျော်စိုးဝင်း) တို့အဖမ်းခံရသည်။ ၁၉၉၁ ပြန်လွတ်လာချိန် ဆရာရဲသျှမ်းက သာစည်ဘူတာတွင် မီးရထား ဝန်ထမ်းအဖြစ် တာဝန်ကျနေသည်။ သူတို့လွတ်လာမည့်ရက်ကို သတင်းကြားပြီး မျှော်နေချိန်ဖြစ်သည်။ ထို အချိန်တွင် မုတ်ဆိတ် ပါးမြိုင်းမွေး ဗလပွနှင့် ဆရာသိုက် နောက်ဆုံးတွဲမှ ဆင်းလာသည်။ ထမင်းထုပ် ဆင်းဝယ်ခြင်းဖြစ်သည်။ ရုတ်တရက်တွေ့လိုက်ချိန်ကို ဖေါ်ပြရေးသားခဲ့သည်မှာ ရင်ခုန်ဖွယ် အပြည့် ကြေကွဲစရာအပြည့်။
(( .. “အစ်ကို ကိုသိုက်” ဆိုပြီး ကျွန်တော်ပြေးဖက်တယ်။ ကျွန်တော့်အသံကြားလို့ ထင်ပါရဲ့။ အစ်ကိုဆရာတွေ တစ်ယောက်ပြီး တစ်ယောက် တွဲပေါ်က ဆင်းလာကြတယ်။ သူတို့လည်း ပါးမြိုင်းမွေးတွေနဲ့ပဲ။ ကျွန်တော် ၁၊ ၂၊ ၃၊ ၄ လိုက်ရေနေမိတယ်။
“ညီလေးကိုကို ပါမလာခဲ့ဘူး .. ကျန်ရစ်ခဲ့ပြီ”
ဆရာသိုက် အသံက တုန်ခါနေပါတယ်။
ရထားထွက်ဖို့ မီးအချက်ပြ ပေးထားပြီ။ ဂါတ်ဗိုလ်ကြီးဆီက ဝီဆယ်မှုတ်ပြီ။ မကြာခင် အလံစိမ်း ပြပါတော့မယ်။
ထမင်းထုပ်ဖိုး ကျွန်တော်ပေးလိုက်မယ်ဆိုတာ မရပါဘူး။
“ရန်ကုန်က စာပေမိတ်ဆွေတွေ ဘူတာလာတွေ့ပြီး လမ်းသုံးဖို့ ပိုက်ဆံပါ ထည့်ပေးလိုက်တာ .. ညီလေးမပေးနဲ့”
ဆရာသိုက်က ပိုက်ဆံအတင်းပေးပြီး ရထားပေါ်ပြန်တက်တယ်။ ရထားက ၅ မိနစ်ပဲ ရပ်တာကိုး။
အစ်ကိုဆရာတွေ လက်ပြသွားတဲ့ ရထားကို ငေးနေရာကနေ စင်္ကြန်ပေါ် ကျွန်တော် ဒူးထောက်ကျသွားပြီး ချုံးပွဲချ ငိုပစ်လိုက်တော့တယ်။ ))
စာအုပ်သည် ဆရာရဲသျှမ်း၏ ဘဝ တစ်စိတ်တစ်ပိုင်းဖြစ်သလို၊ သူ့ဘဝထဲ တွဲလွဲချိပ်ပါနေသော ကိုညို့မြင်လွှာမှတ်တိုင်များ၊ လှုပ်ရှားမှုများဆက်တိုက်ပါနေသည်ကိုလည်း တွေ့ရသည်။ စာရေးသူသည် ဤသို့ပါနေအောင်လည်း ရည်ရွယ်ချက်ရှိရှိ တမင် အားထည့်/ အားထုတ်ထား ခြင်းဖြစ်သည်ဟု ယူဆပါတယ်။
ကျွန်တော်တို့ သိသော ကိုညိုသည် စိတ်ထားနူးညံ့သည်၊၊ ခံစားမှုကဲသည် (ဤခံစားမှုများကြောင့်ပင် ပြောင်မြောက်သော ရသ စာပေများ ရေးသားနိုင်ခဲ့သည်ဟု ထင်ပါသည်)
ကိုညို၏ ရင်ခုန်စိတ်လှုပ်ရှားတတ်သော အမူအကျင့်ကို ၂နေရာတွင် ဤသို့ ပြ၏။
( …. “မြင်တတ်လိုက်တာ ဆိုတာထက် ပိုပြီး နက်ရှိုင်းတဲ့ ခံစားမှုကို အစ်ကို ထုတ်ပြလိုက်တာ။ ဝတ္ထုလေး ကြိုက်တယ် အစ်ကိုရေ” ဆိုတော့
“အဲဒါ တကယ်တွေ့ခဲ့တာနော်၊ အစ်ကိုလည်း ရင်ထဲ တကယ်ထိခိုက်လို့ ဟောပြောပွဲအပြန် ချက်ချင်းရေးလိုက်တာ။ ကိုကိုကြိုက် တယ်ဆိုတော့ နားထောင်နော်” ဆိုပြီး စကားပြောရပ်သွားတယ်။
“ကြားလား .. နှလုံးခုန်သံလေ” တဲ့။ အစ်ကိုက အဝေးကနေ ပါဖောင့်မင့် လုပ်ပြသွားပါသေးတယ်။ (စာ-၁၀၈)
……….
“သည်နှစ် နိုဝင်ဘာမှာ အမေမာ ၉၉ နှစ်ပြည့်တယ် … ကျွန်တော်တို့ အထိမ်းအမှတ် လုပ်ချင်တယ်.. အစ်ကို ကူညီနော်” ဆိုတော့
အစ်ကိုက အရင်တစ်ခါလိုပဲ လုပ်ပြန်တယ်။ ကြားလားတဲ့ ရင်ခုန်သံလေ တဲ့။ လက်ကိုင်ဖုန်းကို ရင်ဘတ်နဲ့ ကပ်ထားတာ နေမှာပေါ့။ ကျွန်တော် တကယ်ကြားခဲ့ရပါတယ်။ (စာ၁၂၂)
ကိုညိုသည် စာရေးဆရာဖြစ်၏။ ဓာတ်ပုံဆရာဖြစ်၏။ ပန်းချီဆရာဖြစ်၏။ စာဟောသူဖြစ်၏။ နိုင်ငံရေးသမားဖြစ်၏။ ပရဟိတသမားဖြစ်၏။ ပေါဖောင့်မာလည်းဖြစ်ပြန်သေးသည်။ နှလုံးသား နူးညံ့သူ၊ လူမှုရေးတွင် သိမ်မွေ့သူလည်းဖြစ်သည်။
တခါသား အတူ သောက်စားနေစဉ် (ထိုအချိန်က အမေမာ မတိမ်းပါးသေး) သူရာရည်ခွက်လေးကိုယ်စီကိုင်ကာ ချီးယားစ် မလုပ်ခင်၊ “အမေက သောက်တာ မကြိုက်ဘူးဗျ” ဟု ပြုံးပြုံးကြီးပြောပြန်သည်။ ကလေးဆိုးတစ်ယောက် အမေ့ကွယ်ရာတွင် မကောင်းမှုလုပ်မိသော် လည်း အမေ့ကို ချစ်ရိုသေစိတ်ကြီးသော အမူအရာ သူ့မျက်နှာတွင် မြင်ခဲ့ရသည်။
ဝိုင်းက စည်ကား စကားသံများ ဖေါင်ဖွဲ့ဆူညံနေသည့်ကြား သူ့တယ်လီဖုန်းအဝင်သံ ပေါ်လာသည်။ ခါးလေးကိုင်း လက်ကလေးကာကာ ဝိုင်းမှ အပြင်သို့ လှမ်းထွက်သည်။ မည်သူ့ဆီကဝင်သည့်ဖုန်းဖြစ်ကြောင်း စခရင်ကိုတစ်ချက်ကြည့်ပြီး မစစ်။ သူ့နှုတ်ဖျားက ပထမဆုံး ထွက်ပေါ်လာသော ဖုန်းဖြေသံ/ထူးသံမှာ …
“ အောင်ဇေယျတု သဗ္ဗမင်္ဂလာ” ဟုဖြစ်သည်။
ဤသို့ သိမ်မွေ့လှသူမှာ ကိုညိုဖြစ်၏။
ကျွန်တော်တို့သူ့ကို အပေါ်ယံမဟုတ်သော ချစ်ခြင်းဖြင့် ချစ်ခဲ့ကြသည်။ အပေါ်ယံမဟုတ်သော သတိရခြင်းဖြင့် အမြဲသတိရ နေကြဦးမည်ဖြစ်သည်။
ဘိုညို ငြိမ်းချမ်းစွာ စိမ်းလန်းစွာ အဆင်ပြေစွာ ရှိနေပါစေ။
ဘိုညို သက်တော်ရာကျော် ရှည်ပါစေ။
ငအအ
Tuesday, 9 July 2024 at 7:19 PM