ဒီလပိုင်းတွေမှာ ကဗျာတွေကို အာရုံကျ။ နှစ်သက်တဲ့ကဗျာတွေကို တမင်ပဲ Copy & Paste မလုပ်ပဲ ကျွန်တော့်လက်ရေးစာအုပ်ထဲမှာ ကူးထည့်နေမိတယ်။ ကဗျာပိုင်ရှင်တွေကို ဂုဏ်ပြုတဲ့သဘောရော၊ ကျွန်တော်တန်ဖိုးထားတဲ့ လက်ရေးစာအုပ်လေးထဲ ဒီကဗျာတွေကို နေရာတစ်ခု ပေးထားချင်တာရောပေါ့။ အခု ကူးရေးထားမိခဲ့တာ၊
‘လူရောင်လွင်’ ရဲ့ “မမလီဆာ”၊
‘စိမ်းခက်စိုး’ရဲ့ “မစ္စတာ ဆာဆာကာဝါ ဗမာစစ်တပ် စစ်ကြောရေးကို ရောက်ဖူးလား” နဲ့
မနေ့က နာမည်တအားကြီးနေတဲ့ လူဖတ်များ လူဖြန့်များနေတဲ့
‘ဆန်းကျော်စွာဝင်း’ ရဲ့ “သို့ .. မမနုကြည်” ပေါ့။
(ဒီနေရာမှာ “မမလီဆာ လိုင်ဇာရောက်ဖူးလား”ဆိုတဲ့ ‘ဇေယျာလင်း’ ရွတ်ဆိုခဲ့တဲ့ဖိုင်မဟုတ်ပဲ၊ ‘အာကာမိုးမြင့်’ ရွတ်ဆိုခဲ့တဲ့ “မမလီဆာ” ကိုကူးယူဖြစ်ခဲ့တာ၊ ဒီနှစ်ပုဒ် မတူဘူးဆိုတာလေး ပြောချင်တယ်။ )
***********
ဒီကဗျာတွေကူးနေရင်းနဲ့ ၁၉၆၃ခုနှစ် လူထုသတင်းစာမှာဖေါ်ပြခဲ့တဲ့၊ ဆရာမောင်သာနိုးရဲ့ “မလင်းပြာ.. သို့” ကို သွားသတိရမိတယ်။ ခု ဒီဘက်နှစ်တွေရဲ့ အာလုပ်ပြုသံကဗျာများဟာ အဲဒီက မြစ်ဖျားခံလာသလားလို့ ခံစားရတယ်။ ကိုယ့်တစ်ဦးချင်းခံစားမှုကိုပြောတာပါ။ ကဗျာဆရာတွေကတော့ သူတို့ ကဗျာတွေကိုရေးဖွဲ့စဉ်မှာ သူတို့ခေါင်းထဲ ၊ စိတ်ထဲ “မလင်းပြာ” ရှိချင်မှ ရှိပါလိမ့်မယ်။ သိချင်မှလည်း သိပါလိမ့်မယ်။
((( “ မလင်းပြာ …
ငါ ဗီယက်နမ်ကိုသွားရမယ်။
အဲဒီမှာ …
ရွှံ့ရည်ညစ်ညစ်
သလုံးသားနစ်တဲ့ လယ်တရိုးမှာ
ပျိုးနှုတ်နေသူလုံမရဲ့
ကျောက ရိုင်ဖယ်ကိုယူ
ကျူးလာသူ လေယာဉ်မှန်သမျှ
ငါ စောင့်ပစ်ပေးရမယ်။
မလင်းပြာ …
ငါ ရိုဒီးရှားကိုသွားရမယ်။
အဲဒီမှာ …
လူဖြူ လက်ဆုပ်စာက
ငါတကော မင်းလုပ်
ပြည်သူကို ချယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကို ကိုင်စွဲ
ပြည်သူတွေ
တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမဲတွေဖက်က
ငါ ဝင်ကူတိုက်ပေးမယ်။” ))) ဆိုတဲ့ ကဗျာပေါ့။
“မလင်းပြာ” ကို အာလုပ်ပြုပြီး နိုင်ငံရေးကိုဖေါ်ညွှန်းခဲ့တာပေါ့။ (မလင်းပြာဟာ ငြိမ်းချမ်းရေးချိုးငှက်ကို သင်္ကေတယူထားတာ ဆိုတဲ့ အယူအကောက်လည်း ရှိခဲ့ဖူးတယ်။)
ဒီလိုပါပဲ၊ “မမလီဆာ”မှာလည်း မမလီဆာကို အာလုပ်ပြုလို့
((( စောက်ရေးမပါတဲ့မေးခွန်းတွေ ခဏခဏမေးကြပြီး
အဖြေရှာတဲ့ နိုင်ငံဆိုတော့
ကျနော်တို့က ဘယ်ကိုမှ တကယ်မရောက်ဖူးဘူး မမလီဆာ
မိုင်းထိတယ်၊ ဆူးစူးတယ်၊ မြွေကိုက်တယ်
ခွေးဆွဲတယ်၊ ရေကြီးတယ်၊ ငှက်ဖျားမိတယ်
စိတ်ကူးယဉ် ရေပေါ်ဆီ ဘူဇွာတွေရဲ့
လက်သီးလက်မောင်းဟာလည်း
ကျနော်တို့အတွက် မိုင်းပဲ
သွေးလွှတ်ကြောထဲအထိ ထိုးသွင်းထားတဲ့
အရိုင်းစိတ်ဟာ
ကျနော်တို့မှာ နတ်ပူးသလို ပူးကပ်နေခဲ့ပါပြီ
ကျနော်တို့ဟာ ကမ်းနားသစ်ပင်ပါ
ကျနော်တို့ဟာ ကျောက်ဆူးကြိုးပြတ်ပါ
ကျွန်တော်တို့ဟာ ကမ်းရိုးတန်းပေါ်က ခွေးလေခွေးလွင့်တွေပါ
လူ့အခွင့်အရေးဆိုတာ
ကျနော်တို့ အမြဲသွားရည်ကျပြီး
ထိကိုင်ခွင့်မရှိတဲ့
မမလီဆာရဲ့ ရင်သားတွေပါပဲ
ကျနော်တို့ ဘယ်ကိုမှ တကယ်မရောက်ဖူးကြပါဘူး
ကျနော်တို့တွေ ဟောဒီအိပ်မက်ဆိုးထဲကလွဲလို့
ဘယ်ကိုမှ တကယ်မရောက်ဖူးပါဘူး မမလီဆာ
ကျွန်တော်တို့ လမ်းလျှောက်နေတာပါ
အမှောင်ခေတ်ကြီးထဲမှာ
ကျန်တော်တို့ လမ်းပျောက်နေတာပါ မမလီဆာ))) (ကဗျာ-လူရောင်လွင်၊ ရွတ်ဆိုသူ- အာကာမိုးမြင့်)
နောက်တစ်ပုဒ်က ‘စိမ်းခက်စိုး’ရဲ့ “မစ္စတာဆာဆာကာဝါ ….” ပါပဲ။ ဂျပန်ကြီးကို အာလုပ်ပြုလို့ မေးခွန်းတွေ ထုတ်လေသပေါ့။
((( သတင်းမီဒီယာက မစ္စတာ ဆာဆာကာဝါကိုမေးတယ်၊ အခြေအနေ ဘယ်လိုလဲပေါ့။ မစ္စာဆာဆာကာဝါက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တောင်စဉ်ရေမရဖြေမယ်။ သူ့ကိုမြင်ရတာ လူရှင်းနေတဲ့ ဂျပန်မြို့လမ်းကြားတွေထဲက အိမ်ခြေမဲ့ ကြောင်တစ်ကောင်ကိုမြင်ရသလိုပဲ။
သူ့ကို တိုင်းပြည်မဲ့သွားတဲ့ ကျောင်းသား တော်လှန်ရေးသမားက လှမ်းမေးတယ်။
သူ့ကို မီးလောင်ပြာကျနေတဲ့ အညာမြို့ကြီးတစ်မြို့က မေးတယ်။
သူ့ကို စစ်ကြောရေးမှာ မုဒိန်းကျင့်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးကမေးတယ်။
သူ့ကိုခြေတစ်ဖက်မရှိတော့တဲ့ တိုင်းရင်းသား တော်လှန်ရေးသမားတစ်ယောက်က မေးတယ်။
“မစ္စတာ ဆာဆာကာဝါ ဗမာစစ်တပ် စစ်ကြောရေးကို ရောက်ဖူးလား”တဲ့။
လေယာဉ်သံတွေ ဆူညံနေတယ်။ ဆင်းနေတဲ့အသံလား။ တက်တဲ့အသံလား။ ငြိမ်းချမ်းရေး ကြောင်သူတော်ရဲ့လေယာဉ်သံလား။ ပေါင်၅၀၀ဗုံးတင်လာတဲ့ လေယာဉ်သံလား။ ခင်ဗျားတို့လည်း လမ်းကြုံရင် မေးပေးစမ်းပါ)))
နောက်ဆုံးတစ်ပုဒ်ကတော့ ‘ဆန်းကျော်စွာဝင်း’ ရဲ့ “သို့ .. မမနုကြည်”။
သူကတော့ မမနုကြည်ကို နာမည်တပ် အာလုပ်ပြုပြီး ခုလိုရေးဖွဲ့ခဲ့တယ်။
((( ရွာလုံးကျွတ် ပြာပုံဖြစ်နေတဲ့ ရွာမှာ
မမနုကြည်ရှိမလား ရှာမိတယ်….
အညာဆိုတာ
ဘိန်းမစိုက်၊ သစ်မထုတ်
ရေနံနည်းနည်း၊ ရွှေနည်းနည်း ထွက်တယ်
ကြက်သွန်ပေါ်ရင် သားရှင်ပြုမယ်
နှမ်းကောင်းရင် ဘုရားပွဲကျင်းပမယ်ဆိုတဲ့
အညာဒေသဟာ
အရင်တည်းက အရာရာ ရှားပါတယ် ။
အိမ်တစ်လုံးဖြစ်ဖို့ မိသားတစ်စုလုံး
မြေကြီးကြက်ယက် လုပ်စားကြ
ထမင်းကို
ဆားရေဖျော် ဆူးပုပ်ဟင်းနဲ့ ဖြစ်သလိုစားပြီး
တစ်နှစ်လုံး နွားနဲ့ဖက်ရုန်း
ခြစ်ကုပ်စုသမျှ ဝါကျွတ်ရင်အလှူလုပ်
သားသမီးမြေးမြစ်ကို ရှင်ပြုနားသ
ပြီးရင်
တစ်နှစ်လုံး ကုန်းရုန်းပြီး အလုပ်ပြန်လုပ်ကြတယ်။
……….
……….
……….
မမနုကြည် သိလား….
ဂျိုရှိတဲ့ သတ္တဝါ ဂျိုအားကိုးတယ်ဆိုသလိုမျိုး
အချို့တွေလက်ထဲ ဂျိုလေးများရသွားတော့
ရွာသူရွာသားတွေကို
ဟိန်းလား ဟောက်လား
ခြိမ်းလား ခြောက်လား နဲ့
ရမ်းကားမယ်ဆို
တော်လှန်ရေးသမားနဲ့ နယ်ချဲ့မိစ္ဆာ ဘာကွာခြားမှာလဲ
သူရဲကောင်းဆိုတာ
ဓါးမထုတ်ခင် သေချာစဥ်းစားတတ်ကြတယ် ။
မမနုကြည် အတောင်တပ်ပေးထားတဲ့ကျားတွေ
မမနုကြည် ဂျိုတပ်ပေးထားတဲ့နွားတွေ
ရွာသားတွေကို အနိုင်ကျင့်နေတာမြင်ရင်
ဝမ်းနည်းဒေါသထွက်မိတယ်
မိမဆုံးမ၊ ဖမဆုံးမ၊ နုကြည်မဆုံးမ ကောင်တွေလို့
အော်ဟစ်ရန်တွေ့ချင်ပေမယ့်
နီးရာဓါးဟာ လည်ပင်းနား တရွယ်ရွယ်မို့
ကုသိုလ်ရှင်ဝေတဲ့ ဖက်ထမင်းထုပ်ထဲ
အသက်ကိုပါ ထည့်မြုပ်လို့
အသက်ကို ဖက်နဲ့ထုပ်ထားရတယ် ။
ဂျို=ချို )))
ခေတ်တွေ နှစ်တွေ အကြာကြီးပြောင်းသွားတယ်. ၁၉၆၃ ကနေ ၂၀၂၄ ထိဆို ၆၁ နှစ်ပဲ။ ကျွန်တော်တို့ ဟာ တစ်စုံတစ်ယောက်ရဲ့ နာမည်ကို အာလုပ်ပြုလို့ / လှမ်းအော် တိုင်တည်လို့ ရင်ဖွင့်နေကြရဆဲ။ ခုထက်ထိဆူသံအော်သံ ပွက်ပွက်ညံနေရတုန်း။
ငအအ
Saturday, May 25, 2024 at 11:41 AM