ကျောက်ခဲများအကြောင်း

ကျောက်ခဲလေးတစ်လုံးအကြောင်းသိချင်လို့ ရှာဖတ်တော့ ခုလိုတွေ့ရပါတယ်။ 

ကျောက်တုံးများကို ကျောက်စက်ဝန်း (rock cycle) ဟုခေါ်သော ဘူမိဗေဒဆိုင်ရာ လုပ်ငန်းစဉ် (geological process) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နှစ်သန်းပေါင်းများစွာ ကြာသောထိုဖြစ်စဉ်တွင် ကျောက်အမျိုးအစားတစ်ခုမှ အခြားကျောက်တစ်မျိုးအဖြစ်သို့ ပြောင်းလဲခြင်းလည်း ပါဝင်သည်။ ဤစက်ဝန်းအား ဘူမိဗေဒ၊ ဓာတု နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား များ အပါအဝင် အမျိုးမျိုးသော သဘာဝ စွမ်းအားများနှင့် လုပ်ငန်းစဉ်များဖြင့် မောင်းနှင်ပါ သည်။ 

ကျောက်တုံးများ မည်သို့ဖွဲ့စည်းပုံကို အသေးစိတ် လေ့လာကြည့်လျှင်၊ ကျောက်များ သည် နှစ်သန်းပေါင်းများစွာ သို့မဟုတ် ဘီလီယံနှင့်ချီ၍ ကွဲပြားသော ဘူမိဗေဒဆိုင်ရာ ဖြစ်စဉ်များကို ကြုံတွေ့ရသောကြောင့် ကျောက်စက်ဝန်း တစ်လျှောက် အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။ ဤကျောက်တုံးများ၏ အဆက်မပြတ်ပြောင်းလဲခြင်းသည် ကမ္ဘာမြေ၏ အပေါ်ယံလွှာကို ပုံသဏ္ဍာန်ပြုပြီး ယနေ့ကျွန်ုပ်တို့ တွေ့ရှိရသော ကျောက်တုံးများ၏ ကွဲပြားမှုကို အထောက်အကူဖြစ်စေသည်။

ကျောက်ခဲလုံးတစ်လုံးရဲ့သက်တမ်းဟာ နှစ်ပေါင်း သန်းချီကြာရှိခဲ့ပြီတဲ့။ သူ့(ကျောက်ခဲ)သက်တမ်းနဲ့ နှိုင်းစာရင် လူ့သက်တမ်းဟာ ရယ်စရာပဲ။ ဒါပေမယ့် ပေါပေါများများ တွေ့ရတဲ့ ကျောက်ခဲတွေအပေါ်တော့ ဘယ်သူမှ သိပ်တန်ဖိုးမထားတတ်ကြဘူးရယ်။

ကျွန်တော်ကတော့ ကျောက်ခဲလေးတွေကို နှစ်သက်တယ်။ အလုပ်သဘောအရရော၊ ဝါသနာအရပါ မနားတမ်းသွားနေရတတ်တဲ့ ခရီးသွားကျွန်တော်ဟာ နေရာအတော်များများကို ရောက်ခဲ့ဖူးတယ်။  ရောက်ဖို့ ပေါက်ဖို့ ခက်ခဲတဲ့နေရာလေးများ ရောက်သွားခဲ့ရင်၊ အဲ့ဒီနေရာတွေက ကျောက်တုံးသေးသေးလေးတွေ ကောက်လာပြီး စုလေ့ သိမ်းလေ့ရှိတယ်။ ကျွန်တော့်မှာ အဲလို စုသိမ်းထားတာ၊ ပူတာအို မြောက်ဘက် အထက်ဆန်ခေါင်ရွာချောင်းထဲက ၊ ချင်းတောင် ခေါနုသုမ်တောင်ပေါ်က၊ ချင်းမြောက် ရိဒ်ရေကန်ဘေးက၊ ရခိုင်မြောက်ဦးက၊ တနင်္သာရီမြစ်ဖျားရေထဲက၊ စသဖြင့် ကျောက်ခဲလေးတွရှိတယ်။ ကျွန်တော်ကောက်ယူခွင့်မရတာ မြန်မာပြည်ရဲ့ တစ်ခုတည်းသော ကျောက်စရစ်ကမ်းခြေဖြစ်တဲ့ စမတ်ကျွန်းကမ်းခြေက ကျောက်စရစ်ခဲလေးပဲ။ တိုးဂိုက်တွေက တောင်းတောင်းပန်ပန်နဲ့ လာသမျှလူတွေ တစ်ယောက် တစ်လုံးသာ ကောက်ယူသွားကြမယ်ဆိုရင် ကြာရင် ဒီကမ်းခြေကြီးပျက်စီးသွားပါလိမ့်မယ်ဆိုလို့။

ဓာတ်ပုံလေးက ပူတာအို အထက်ဆန်ခေါင်ရွာ ချောင်းထဲက ကျောက်တုံးလေးနဲ့ တနင်္သာရီမြစ် မင်းသမီးစခန်းနားက ကျောက်တုံးလေး ရန်ကုန်အိမ်မှာ ရှိနေပုံပါ။

oznorWO_vivi

တစ်ယောက်နဲ့တစ်ယောက် နှစ်သက်စွဲလန်းကြပုံချင်း ၊ တန်ဖိုးထားကြပုံချင်းမတူကြပါဘူး။


            ၂၀၂၃ စက်တင်ဘာလထဲမှာတော့ ကဗျာဆရာ/ပန်းချီဆရာငုအိမ်ထက်မြက်ရဲ့ ပေ့ချ်မှာ ကျောက်တုံးလေးတွေကို သူ့စိတ်ကူးနဲ့ ဆေးရောင်ချယ်ဒီဇိုင်းလုပ်ပြီး တန်ဖိုးထားသူတွေကို ရောင်းချနေတာ တွေ့ရပါတယ်။ သူက ခုလို ပြောခဲ့တယ်။

*****

မြတ်နိုးတန်ဖိုး

———————

ကျွန်တော်ကလေးဘဝက ကျောက်ခဲတုံးလေးတွေကို နာမည်လေးတွေပေးပြီး သူတို့နဲ့ကစားလေ့ရှိခဲ့ပါတယ်။

 ကျောင်းကပြန်လာရင် လွယ်အိတ်ကိုချပြီး ကျောက်တုံးလေးတွေဆီကိုတန်းသွားတာပါပဲ။ သူတို့က ကျွန်တော့်အတွက် အရင်းနှီးဆုံး သူငယ်ချင်း။ ကျွန်တော့်စိတ်ကူးကမ္ဘာထဲက ဇာတ်လိုက်တွေ။ တစ်နေ့ ကျောင်းကပြန်ရောက်ချိန် သူတို့ရှိရာ ကျွန်တော်သွား တော့ သူတို့မရှိကြတော့။ လိုက်ရှာမတွေ့လို့ အိမ်သား​တွေကိုမေးကြည့်တော့လည်း အဖြေကမရှိ။ တကယ်တော့ ကျောင်းကြီးမှာ ကျွန်တော်ပျော်ပါးမြူးထူးနေမိလို့  သူတို့ကိုပစ်ထားခဲ့နေမိစဥ် သူတို့တတွေက မြေကြီးထဲရောက်နှင့်နေခဲ့ပါပြီ။

 ကျွန်တော်နဲ့သူတို့ကိုခွဲရက်ခဲ့သူက ကျွန်တော့်အမေ။ 

အမေ့မျက်လုံးထဲသူတို့ဟာသာမန်ကျောက်ခဲတုံးလေးတွေ။ ကျွန်တော့်နှလုံးသားမှန်း အမေမသိခဲ့။ သူပြင်ဆင်လိုခဲ့တဲ့ ရေကပြင် လေးရဲ့ ထောက်တိုင်တွေထဲနှစ်မြှုပ်ပစ်ခဲ့တဲ့အရာလေးတွေဟာ ကျွန်တော့်ရဲ့နှလုံးသားတွေပါလားလို့ အမေ သိနားလည်နိုင်မှု မရှိခဲ့။

ရေကပြင်ကိုဖျက်ဆီးပြီး ကျောက်တုံးလေးတွေကိုပြန်ဖော်ယူဖို့စိတ်ကူးမိခဲ့ပေမဲ့ အမေ့ရဲ့လုပ်အားတွေပေါ်လွင်နေတဲ့ ရေကပြင် လေးကိုလည်း ကျွန်တော့်အတ္တစိတ်အတွက်ကျွန်တော်မဖျက်ဆီးရက်ခဲ့။ ထိုစဥ်က ကျွန်တော်ခံစားခဲ့ရတဲ့ဝေဒနာကို နားလည်နိုင်ဆုံးသူဟာ ဒီကမ္ဘာပေါ်မှာ  ကျွန်တော်ပဲရှိပါလိမ့်မယ်လို့ ကျွန်တော်ထင်မှတ်မိခဲ့ရပါတယ်။

ကျွန်တော်မကြည့်ဖူးသေးတဲ့ ဂျပန်ရုပ်ရှင်ကားလေးတစ်ကားထဲမှာ ချစ်သူကောင်လေးက သူ့ချစ်သူကောင်မလေးကို ကျောက် စရစ်ခဲလေး တစ်လုံးလက်ဆောင်အဖြစ်ပေးခဲ့ဖူးတယ်လို့သိရတော့ ကျွန်တော်ကြည်နူးမိခဲ့ရပါတယ်။ ချစ်သူရဲ့လက်သန်း အရိုးလေးကို ချစ်သူ့ကိုယ်စားသိမ်းထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားအကြောင်းကြားမိရတော့လည်း နာကျင်မှုတစ်ဝက်နဲ့ကြည်နူးမှုတစ်ဝက်နဲ့ ကျွန်တော်မမြင်ဖူးခဲ့တဲ့ဇာတ်ဝင်ခန်းကိုမှန်းဆမြင်ယောင်ခဲ့မိပါတယ်။ 

ကမ္ဘာမြေပေါ်မှာဘယ်အရာတွေဟာတန်ဖိုးအကြီးဆုံးလဲ။ ဘာကြောင့်တန်ဖိုးကြီးမားရတာလဲ။ ဘယ်သူ့အတွက်လဲ။

အသုံးချတန်ဖိုး။ ဂုဏ်ပြိုင်တန်ဖိုး။ ပင်ကိုတန်ဖိုး။ မြတ်နိုးတန်ဖိုး။

အရာတစ်ခုဟာ ဘယ်လိုအနေအထားမှာ အနုပညာသဘောသက်ဝင်သွားတတ်ပါသလဲ။ လူလုပ်တဲ့ ဘယ်လိုလက်ရာမျိုးကို အနုပညာလက်ရာလို့သဘောထားကြပါသလဲ။ စံ တွေကိုဘယ်သူ​တွေကသတ်မှတ်ပြီး ဘယ်သူ​တွေကလက်ခံပါသလဲ။

ကျွန်တော်ချစ်မက်တွယ်ခဲ့ဖူးတဲ့ ကျောက်ခဲတုံးလေးတွေကို အောက်မေ့သတိရမိသောစိတ်နဲ့ ကျောက်စရစ်ခဲလေးတွေကို ဆေးခြယ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကိုအမှတ်ရစေသောငှာ ကျွန်တော့်လက်မှတ်လေးကိုလည်းရေးထိုးခဲ့ပါတယ်။ တစ်ကိုယ်​တော် ကဗျာစာအုပ်ထုတ်စဥ်က အမှတ်စဥ်ရေးထိုးဖို့အသုံးပြုခဲ့တဲ့ အမှတ်စဥ်တံဆိပ်တုံးလေးကို ခပ်နှိပ်ဖြစ်ပါတယ်။ မူလရည်ရွယ်စဥ်က မိမိဘာသာ သိမ်းဆည်းထားဖို့စိတ်ကူးနဲ့ပါပဲ။ ပိုက်ဆံနဲ့ပန်းချီကား လဲရသလို ရောင်းချဖို့ဆုံးဖြတ်လိုက်ရပါတယ်။ကျွန်​တော့်အ​ပေါ် ကျွန်တော့်ရဲ့ကဗျာတွေ ကျွန်တော့်ရဲ့ပန်းချီကားတွေအပေါ် သဘောထားအမျိုးမျိုးရှိသလို ဘယ်သူဘယ်လိုသဘောထားကြမလဲပေါ့။ ဘယ်သူတွေလစ်လျူရှုမလဲ။ ဘယ်သူတွေတန်ဖိုးထားပေးနိုင်မလဲ။

မြတ်နိုးတန်ဖိုး

painted pebble 

price for sale- 10000 ks for 1 piece

(limited 30 pieces)

……….

ကျောက်စိမ်းပန်းပုမဟုတ်ရပေမဲ့

———————————————-

ပန်းချင်းအတူတူ တန်ဖိုးထားခံရပုံချင်းမတူတတ်ကြပါဘူး။ ဒီလိုမတူရခြင်းအတွက် ပန်းမှာအပြစ်မရှိသလို တန်ဖိုးဖြတ်သူဘက် ကလည်းအပြစ်မရှိဘူးလို့ပဲ မြင်မိပါတယ်။ လူပဲ သူကြိုက်တဲ့အရာအပေါ်ပဲ သူတို့တန်ဖိုးထားချင်သလိုထားကြမှာပေါ့။

အခုကိစ္စမှာ လမ်းဘေးကရွက်ကြမ်းရေကျိုကျောက်တုံးလေးနဲ့အတူ ကျွန်တော်ရပ်တည်ပြီး အဖော်ပြုပေးလိုက်တဲ့သဘောပါ။

အဲသလိုပြောလိုက်လို့ ကျွန်တော်ကလူ့အဖိုးတန်ကြီးမို့လားလို့ ခနဲ့တွေးလေးဝင်မိရင်လည်း အဲသလိုကျွန်တော့်ကိုယ်ကျွန်တော် စိတ်ကြီးဝင်မိလို့မဟုတ်ရပါကြောင်း ဖြေရှင်းခွင့်ပြုပေးပါ။

ကျွန်တော်ကသူတို့ကိုအဖော်ပြုပေးလိုက်သလို သူတို့ကိုကျွန်တော့်ရဲ့အဖော်အဖြစ်အားကိုးအားထားပြုလိုက်မိတာပါ။

 အကယ်၍များ ကျွန်တော့်ကိုချစ်မိသူရှိခဲ့ရင် ကျွန်တော့်ကိုချစ်သလို ကျောက်ခဲလေးတွေကိုလည်း ကျွန်တော်နဲ့တန်းတူချစ်ပေး​စေချင်မိတာပါ။ ဤနည်းနှင်နှင်ပါပဲ။ ကျောက်ခဲလေးတွေကိုချစ်တတ်သူတွေရှိခဲ့ရင်လည်း ကျွန်တော့်ကိုကျောက်ခဲလေးနဲ့တန်းတူ ချစ်ပေး စေချင်တဲ့ ရည်ရွယ်ချက်လေးရှိမိတာပါ။

​                  အသပြာအတွက် ကျောက်ခဲလေးတွေအပေါ် ကျွန်တော်က ဘလက္ကာယ ပြုတယ်လို့မြင်မိရင် အဲဒီအမြင်မှားတယ်လို့​ပဲပြောပါရ စေ။ ကျောက်ခဲလေးတွေနဲ့ကျွန်တော် စိတ်ရှင်းရှင်းချစ်ကြိုးသွယ်မိခဲ့ကြတာပါ။ လက်ပြောင်းလက်လွှဲကိစ္စမှာ ငွေကြေးက လူမှုဝန်းကျင်မှာ အများစုရဲ့တန်ဖိုးတိုင်းတာကိရိယာမို့သူ့ကိုသက်သေတည်ခိုင်းလိုက်တာပါ။

Neu Ein HtetMyet

Saturday, September 30, 2023 at 6:13PM

……….

collected by the key collection press

(( ကျောက်စရစ်ခဲလေးလို့မြင်ရင်လည်း သင်မြင်တဲ့အတိုင်းပဲပေါ့

ကျွန်တော့်နှလုံးသားလို့မြင်နိုင်ရင်လည်း အနားမှာရှိစေချင် မရှိစေချင် ဆန္ဒအတိုင်းပဲရွေးချယ်ပေါ့

ကုန်ရောင်းကုန်ဝယ်အတတ်မလုပ်တတ်လို့ ကိုယ့်နှလုံးသားကိုယ် ထုတ်ရောင်းချပါတယ်။)) .. လို့ ရေးထားပြီး သူ့ဖန်တီးမှုလက်ရာလေးတွေကို ခုလိုတွေ့လိုက်ရတယ်။ 

ဘယ်ဘက်က ကျောက်တုံးလေးဟာ ကျွန်တော်သိမ်းချင်တဲ့ သူ့လက်ရာလေးပါ။

*****

ကျောက်တုံးချစ်သူတွေထဲမှာ ဆရာမ ဂျူးကိုလည်း ခုလို မှတ်မှတ်ထင်ထင် မြင်လိုက်ရပါရဲ့။

………..

(( ကျောက်တုံး ချစ်သူ။ ဆရာမဂျူး။))

သူ ၊ ၂၀၀၁ခုနှစ်က မန္တလေးဆေးတက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းမှာရေးခဲ့တဲ့ “ရှင်မသိတဲ့ အကြောင်းတွေ” ဆိုတဲ့ ဝတ္ထုကို ကျွန်တော် ၂၀၂၄ခု မေလ တတိယပတ်မှာမှ ဖတ်ခွင့်ရတယ်။ အဲဒီထဲမှာ သူ့ဇာတ်ကောင်ဟာ ကိုယ်တွေလိုပဲ ကျောက်တုံးချစ်တတ်သူ စုတတ်သူ ဖြစ်နေတာ ခုလို ကြည်နူးစွာ တွေ့လိုက်ရ။

((( …. ရှင်ရောက်လာရင် မိတ်ဆက်ပေးဖို့ ကျွန်မ သနားစရာ ကျောက်တုံးလေးတွေ စုထားပေးတယ်။

ကျွန်မ ညောင်ရေအိုးလဲတဲ့ ရေတိုင်ကီနားမှာပေါ့။  သူတို့ကို ရေနဲ့ နီးနီး ထားပေးရတယ်။ သူတို့ ဘယ်ကလာတာလဲ ရှင်မသိပါဘူး။ ရေအားလျှပ်စစ် စီမံကိန်း အခုထိ မရပ်သေးဘူးလို့ သတင်းထွက်နေတဲ့ ဧရာဝတီမြစ်ဆုံက ကျောက်တုံးလေးတစ်ခု။

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်းဖို့အတွက် ဆောက်လုပ်ရေးတွေ အကြီးအကျယ်လုပ်နေတဲ့ ကျောက်ဖြူ  မဒေးကျွန်းက ကျောက်တုံးလေးတစ်ခု။

ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်ရဲ့ သောင်တင်နေတဲ့ ကမ်းခြေက ကျောက်တုံးလေးတစ်ခု။

နမ့်တောရွာဘေးက ရွှေတူးလို့ ပျက်စီးသွားပြီဖြစ်တဲ့ မည်ကာမတ္တပဲ ကျန်တော့တဲ့ ဥရုမြစ်ဆီက ကျောက်တုံးလေးတစ်ခု။

အဲဒီကျောက်တုံးလေးတွေကို ကျွန်မကတော့  အိပ်မက်ကျောက်တုံးလေးတွေလို့ ခေါ်တယ်။

ညကျရင် မအိပ်ခင် ကျောက်တုံးလေးတွေကို ရေလောင်းပေးပြီး စကားပြောခဲ့ရင် အိပ်ပျော်တဲ့အခါ အိပ်မက်ထဲမှာ သူတို့က ရှင့်ကို စကားလာပြောလိမ့်မယ်။

ရေစီးသံကို ရှင်ကြားလိမ့်မယ်။

အဲဒါက တစ်ချိန်တုန်းက သူတို့ကိုယ်ပေါ်မှာ ဖြတ်သန်းစီးဆင်းခဲ့ဖူးတဲ့ ရေကြည်ကြည်တွေရဲ့ အသံပေါ့။

သူတို့စကားသံတိုးတိုးကို ရှင်ကြားလိမ့်မယ်။

အဲဒါဟာ သီချင်းတစ်ပိုင်းတစ်စလည်းဖြစ်နိုင်တယ်။

            တကယ်တော့ ကျွန်တော်တို့ထက် အများကြီးပိုစောတဲ့ ကျောက်ခဲကိုဂရုပြုမိသူ၊ တဖွဲ့တနွဲ့ရေးပြခဲ့သူ၊ ကျော်ကြားခဲ့သူကတော့ ဆရာမျိုးမြင့်တွေဖြစ်မယ်ထင်ပါတယ်။ သူ့လက်ရာကို ဇော်ဝမ်းရဲ့အသံနဲ့ ထပ်ပိုးထည့်ပေါင်းလိုက်တော့ တိုင်းကျော်ပြည်ကျော် တေးတစ်ပုဒ် ဖြစ်ခဲ့တယ်။ 

အဲ့ဒါ ၁၉၇၀ ဝန်းကျင်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်၊ ရာစုနှစ်တစ်ဝက်လောက်တုန်းက သီချင်းပေါ့။ သီချင်းလေး နားထောင်ကြည့်လိုက်ရင်ကို ကျောက်ခဲဘဝ ကျောက်ခဲအလှ၊ ကျောက်ခဲတန်ဖိုးကို တွေ့ရမှာပါ။

            ရော့ … ဟောမှာ၊ နားဆင်ကြည့်ကြဗျာ။ ကျွန်တော်တို့ ငယ်ဘဝတုန်းက ဟိုမှာလည်းကျောက်ခဲ၊ ဒီမှာလည်းကျောက်ခဲအသံတွေ ဗွက်ထအောင်ကြားခဲ့ရတဲ့ သီချင်းပါ။

ကျောက်ခဲ

ရေး- မျိုးမြင့်ဆွေ

ဆို- ဇော်ဝမ်း

(မင်းရည်မှန်းသူက  စိန်ခဲ မြခဲ

ကိုယ့်မှာက လမ်းခင်းတဲ့ ကျောက်ခဲ

မြခဲ စိန်ခဲက

တောက်ပတယ်  ကြေးထိုက်တယ်

လမ်းခင်းတဲ့ ကျောက်ခဲကတော့

အသွေးအရောင်မပြောင်   မွဲ

တန်ဖိုးမှာလည်း   နည်း)  ၂

မြခဲတွေ  စိန်ခဲတွေ  ထိန်ထိန်ကြဲ

အများကလည်း မက်မောကြလို့

အသည်းထဲမှာ  တကယ်စွဲ

ခေါင်းမှာလဲဆင်  ရင်မှာဆွဲ

အမြတ်တနိုးပါပဲ

ကျောက်ခဲလေးမှာတော့  မျက်နှာမွဲ

ထွေးပိုက်သူ  တွေ့နိုင်ခဲ

အရေးစိုက်သူ  တွေ့နိုင်ခဲ

အနင်းခံအဖြစ်နဲ့သာ   လမ်းပေါ်မှာကြဲ

ဒါပေမယ့်လည်း

မင်းဘဝခရီးတလျှောက်

ကူထောက်သူက   ဒီကျောက်ခဲ

မင်းသွားမယ့်  လမ်းအကူး

ဖြောင့်ဖြူးဖို့ အစဉ်အမြဲ

တကယ်ကြိုးစားမှာပင် မလွဲ

ရွှံ့ဗွက်ကို ဖို့ဆဲ

ချိုင့်ခွက်ကို ဖြည့်ဆဲ

မင်းနင်းဖို့  ခင်းပေးမယ့်  ငါ့အသည်း ….

(မင်းရည်မှန်းသူက  စိန်ခဲ မြခဲ

…..

…..

တန်ဖိုးမှာလည်း   နည်း)  ၂

*****

            နှစ်သန်းပေါင်းများစွာ သက်တန်းရှိတဲ့ ကျောက်ခဲတစ်လုံးအပေါ်၊ ခရီးသွားသူတစ်ဦးရဲ့ ချစ်ခြင်း၊ ပန်းချီဆရာကဗျာဆရာ တစ်ယောက်ရဲ့ ချစ်ခြင်း။ စာရေးဆရာတစ်ဦးရဲ့ ချစ်ခြင်း။ တေးရေးဆရာတစ်ယောက်ရဲ့ချစ်ခြင်းရှိသလို၊ ဘူမိဗေဒသမားတစ်ယောက်ရဲ့ ချစ်ခြင်း လည်းရှိမှာပဲ။ 

            တာရာမင်းဝေကတော့ ကျောက်ခဲနဲ့ပတ်သက်ပြီး သူ့ခံစားချက်၊ သူ့အတွေးအမြင်ကို “ကျွန်တော်နှင့် ဥက္ကာပျံအပိုင်းအစများ” ထဲကနေ ခုလို ထုတ်ပြောခဲ့တယ်။

            ၃၉။  ကျွန်တော်သည် ကျောက်စိမ်းလို တချွင်ချွင် မြည်ချင်သူမဟုတ်။ ကျောက်ခဲလို တဝီးဝီး လိမ့်ချင်သည်။ လမ်းဖယ်ပေးကြ စေလိုသည်။

            ၄၀။ အရှေ့ကို  သွားဖူး၏။ အနောက်ဖက်ကို  ရောက်သွားသည်။ ခဲတစ်လုံးကို မိုးပေါ်ပစ်တင်ခဲ့ဖူးသည်။ မြေပေါ် ပြန်ကျလာသည်။ ကျွန်တော်တစ်ယောက်တည်း အတည့်လည်း နေဖူးသည်။ ပြောင်းပြန်လည်းဖြစ်ဖူးသည်။

ကျောက်ခဲတွေအပေါ် လမ်းခင်းကျောက် ထုတ်လုပ်သူတစ်ယောက်ရဲ့ အမြင်၊ လမ်းခင်းလုပ်သားတစ်ဦးရဲ့ အမြင်လည်းရှိမှာပဲ။ 

            ပြီးတော့ လူနှင့်ကျောက်တုံးများရဲ့ ဆက်ဆံရေးဟာလည်း လူ့သမိုင်းတလျှောက် ရှိနေရဦးမှာပါပဲ။ 

seg_vivi

ကျောက်ခဲလေးတွေမှာ

နာမည်ရှိတယ်။

အသက်ဝိဉာဉ်ရှိတယ်။

ချစ်ခြင်းမေတ္တာရှိတယ်။

ပြီးတော့

သမိုင်းရှိတယ်။

Wednesday, September 4, 2023 at 8:26AM

Visited 45 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *