ကျွန်တော်တို့သည် အချိန်ကြည့်ရန်သက်သက် ဖန်တီးထားသော နာရီများစွာကိုပိုင်ဆိုင်နိုင်ကြပါသည်။
သို့သော် အချိန်များကိုတော့ မပိုင်ဆိုင်ပါ။ မပိုင်ဆိုင်နိုင်ပါ။ ပိုင်ဆိုင်ခွင့်မရရှိခဲ့ကြပါ။
အချိန်များကို ဝယ်ယူစုဆောင်း၍မရနိုင်သလို ပိုင်ဆိုင်ခွင့်လည်းမရှိ။ အချိန်များကို ရေတွက်စောင့်ကြည့်ရန်အသုံးပြုသည့် နာရီ များကိုတော့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့ကြဖူးပါလိမ့်မည်။ ကျွန်တော့်ဘဝထဲက နာရီအချို့ကတော့အချိန်ကိုကြည့်ရန်သက်သက် မဟုတ်ပဲ၊ ဖြတ်သန်းလာခဲ့ရဖူးသော ကိုယ့်ဘဝကို ကိုယ်ပြန်ကြည့်ရန် (သို့မဟုတ်) ပြန်လွမ်း တ,သရန် ဖလင်လိပ်များ ဖြစ်နေတတ်သေးကြောင်း ကျွန်တော်မေ့လျော့နေခဲ့သည်။ နာရီများအကြောင်း ပြန်တွေးမိ၊သတိရမိတိုင်း ကျော်လွန်ခဲ့ပြီးဖြစ်သော ဘဝမှတ်တိုင်များ တဖြတ်ဖြတ် ခုန်ကာ သက်ဝင်လှုပ်ရှားလာတတ်၏။ နာရီများသည် ကျွန်တော့်အတွက် အတိတ်ဆီသို့ (စိတ်ဖြင့်) အချိန်မရွေးသွားလာနိုင်သော ကာလ ယန္တရားတစ်ခုလည်း ဖြစ်နေတတ်ပြန်ပါသေးသည်။
ကျွန်တော့်ဘဝတွင် လက်ပတ်နာရီအတော်များများ ပိုင်ဆိုင်ခဲ့ဖူးသည်။
သို့သော် နာရီမှန်သမျှ ဝယ်ယူစုဆောင်း ရခြင်းတွင် ကျေနပ်နှစ်သက်နေတတ်သော နာရီစုဆောင်းသူတစ်ဦးတော့ မဟုတ်ခဲ့ပါ။ ရှင်းရှင်းဆိုရလျှင် နာရီရူးတစ်ယောက် မဟုတ်ခဲ့။
တိုင်ကပ်နာရီများကိုမူ အချိန်ကြည့်လိုလျှင် သူများကပ်ထားသည်များမှလှမ်းလှည့်ကြည့်မိယုံသာ စိတ်ဝင်စားခဲ့သူဖြစ်၏။ တစ်သက်တွင် ကိုယ်တိုင်ဝယ်ဖူးသော တိုင်ကပ်နာရီတစ်လုံးသာရှိဖူး၏။ နာရီအမျိုးအစားကောင်းလွန်း၍မဟုတ်။ ပန်းထိုးထားသော အိုးတစ်လုံးကို သက်ငြိမ်ပန်းချီကားအဖြစ်နောက်ခံဖွဲ့စည်းထားမှုက ထိုနာရီအားကိုယ်တိုင်ဝယ်ယူဖြစ်စေရန် ကျွန်တော့်ကို တိုက်တွန်း လှုံ့ဆော်ခဲ့သည်။ ကျွန်တော်သည် နာရီတစ်လုံးကို ဝယ်ခဲ့သည်လား။ ကိုယ်နှစ်သက်သော ပန်းချီကားတစ်ချပ်ကို ဝယ်ခဲ့သည်လားဆိုသည်ကို ယခုတိုင်ဝေးဝါးနေဆဲ။ အချိန်တန်လျှင် “ဓာတ်ခဲလဲပေးရုံမျှဖြင့် ထိုနာရီသည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ချိန်ထိ ကျွန်တော့်အိမ်နံရံ တွင်ချိပ်ဆွဲလျက် အသုံးတော်ခံတုန်း။ ကျွန်တော်ကလည်း အခွင့်သင့်တိုင်းသူ့ကိုကြည့်တုန်း။ ကြည့်တိုင်း ရှုမဝဖြစ်နေတုန်း။ ထိုနာရီသည် နာရီတစ်လုံး၏အလုပ်ထက် ပိုသော တာဝန်ကို ထမ်းဆောင်နေသလို ကျွန်တော်ကလည်း နာရီကို နာရီတစ်လုံး၏သုံးရည်တန်ဖိုးထက် ပိုလွန်အသုံးချနေသူ တစ်ယောက် ဖြစ်နေခဲ့သည်။
ကျွန်တော် ပထမဆုံးပိုင်ဆိုင်ခဲ့ဖူးသည့် နာရီမှာ ကိုးတန်းအောင်တုန်းက အဖေဝယ်ပေးခဲ့သော လက်ပတ်နာရီ လေးဖြစ်မည်။ Seiko တံဆိပ်ဖြစ်၏။ လက်မှာပတ်ထားမှ သံပတ်ဝင်ကာ အလုပ်လုပ်သည်။ နာရီလေးကို လက်ထဲထည့်ပြီး ထက်အောက်လွှဲကြည့်လျှင် သံပတ် အလေးတုံး၏ လွှဲရမ်းသံ တကျိကျိကြားရတတ်သည်။ ထိုအသံနှင့်အတူ လက်ထဲတွင် ခံစားရသောထိတွေ့မှုအရသာကို ကျွန်တော် အလွန်သဘောတွေ့ခဲ့ဖူး၏။ ယခုလည်း ထိုသို့သော နာရီမျိုးတွေ့လျှင် နာရီကို လက်ထဲဆုပ်လျက် ကျွန်တော်လွဲရမ်း ကစားနေလေ့ရှိတုန်း။ ငယ်ကျင့်က ကြီးသည်အထိ ပါလာနေဟန်တူသည်။
တကယ်တော့ ကျွန်တော်သည် ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အပိုပစ္စည်းမျှ တင်မထား/တပ်မထားလိုသော လူပျင်း တစ်ယောက် သာဖြစ်၏။ ကျွန်တော့်မှာလက်ပတ်နာရီမပိုင်ဆိုင်ခင်က အိမ်ကစားပွဲတင်နာရီကိုစာမေးပွဲခန်းထဲသို့ယူသွားကာ ဖြေဆိုခဲ့ဖူးသည်။ ကျွန်တော် ယူသွားသောနာရီကိုကြည့်ကာ လူများ ဝိုင်းရယ်မောကြသည်။ သူတို့ ဘာ့ကြောင့် ရယ်မော ကြသည်ကို ကျွန်တော်သဘောမပေါက်ခဲ့။ အချိန်ကြည့်ဖို့အတွက်ဆိုလျှင် ဘာနာရီ ယူကြည့်ကြည့်မရဘူးလားဟု သူတို့ကို စိတ်ထဲက ပြန်ပြောဖြစ်ခဲ့သည်။ ထိုစဉ်က ကျွန်တော့် အတန်းဖေါ်အားလုံးလိုလိုမှာလက်ပတ်နာရီကိုယ်စီနှင့်ဖြစ်ကြ၏။ နာရီအမျိုးအစားအမျိုးအမျိုးသည် သူ့နေရာနှင့်သူသုံးရန်၊ တန်ဆာဆင်ရန် ဖြစ်သည်ဆိုသည့်အကြောင်း ကျွန်တော်မတွေးမိ။ ခုနေချိန်မှ ထိုစဉ်ကအကြောင်းများ ပြန်တွေးမိတော့ ရယ်ဟဟဖြစ်မိသည်။ ဟုတ်ပေသားပဲ။ ဧည့်ခန်းထဲတွင် လက်ပတ်နာရီ သေးသေးလေးချိပ်ထားပြီး အချိန်ကြည့်ဖို့ မသင့်လျော်သလို၊ စာမေးပွဲခန်းထဲသို့ ဘုန်းကြီးကျောင်းက မတ်ရပ်နာရီကြီး သယ်,မသွားဖို့မှ မသင့်ပေပဲ။
နာရီတစ်လုံးမျှ မပိုင်ဆိုင်ဘူးခင်ကတည်းက ကျွန်တော့်နားထဲတွင် အမြဲယဉ်ပါးနေသော အသံနာရီများရှိနှင့်ခဲ့သည်။
ထိုအသံနာရီများသည် ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံများ၊ ကင်းတဲမှ နာရီမှတ် သံချောင်းရိုက်သံများ၊ နေ့စဉ်မပျက် တွန်ကြူးတတ်သော ကြက်ဖများ၏ တွန်သံများဖြစ်သည်။ အိမ်၏စည်းမျဉ်းစည်းကမ်းများအရ ကင်းတဲ နာရီသံချောင်းခေါက်သံ ကိုးချက်ထွက်ပေါ်လာလျှင်၊ ကျွန်တော်စာကျက်စားပွဲကနားခွင့်ရပြီ။ အိပ်ရာဝင်ခွင့်ရပြီ။ ကလေးပီပီ ငိုက်မြည်းနေတတ်သော မျက်လုံးများ အတွက် ထိုနာရီသံချောင်းသည် မင်္ဂလာရှိလှ၏။ တစ်ရက်တာ တန်းဖြုတ်ချိန်ဖြစ်၏။ ညဉ့်ဦးယံ အိပ်စက်တေး ဖြစ်၏။ ညကိုးနာရီသံ ချောင်းခေါက်သံများကို ကျွန်တော်ရွှေချ သိမ်းဆည်းထားခဲ့ဖူးသော ငယ်ဘဝဖြစ်သည်။
…….
ကြက်ဖတွန်သံကြားလျှင်၊ အဖွားက ဆွမ်းထချက်ပြီ။
သြကာသ သြကာသ သြကာသနှင့် ကြေးစည် တနောင်နောင် ထုသည်။ တုံးမောင်းခေါက်သံကြားလျှင် ဆွမ်းခံကြွမည့် ကိုယ်တော်များ မကြာခင်လာတော့မည်မို့ ဆွမ်းလောင်းဖို့ အဖွား ပြင်ဆင်နေတော့သည်။ ကျွန်တော်တို့ တောနာရီများမှာ သံပတ်မပါ၊ ဓါတ်ခဲမရှိ။ သို့သော်လည်း ရာသီမရွေးအချိန်မှန်လှ ၏။ တောနာရီသံများ ဖျားနာပျက်ကွက်သည်ကို ကျွန်တော်မကြားခဲ့ရဘူး။ ရိုးရှင်းသော အသံနာရီများသည် ရိုးစင်းသောတောနေလူ့အဖွဲ့အစည်းနှင့် အပ်စပ်အသားကျလှသည်။ နေ့ညမပြတ် ကားသံလူသံ တဝေါဝေါဆူညံလှ သောမြို့ကြီးပြကြီးများတွင် နှစ်လရှည်စွာနေထိုင်ရချိန်တွင် တောနာရီသံများကိုလွမ်းလွန်းလှတော့သည်။
သည်လိုနှင့်ဆယ်တန်းတံတိုင်းကိုခုန်ကျော်နိုင်ခဲ့ပြီး၊ သည့်ထက်မြင့်မားသော အတန်းပညာရပ်များကိုဆည်းပူးချိန် နှစ်ကာလများ တွင် ဘယ်လိုလက်ပတ်နာရီမျိုးကို ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးကြောင်း ပြန်အမှတ်မရတော့။ လူပျိုပေါက်အရွယ် ကောင်လေးတစ်ယောက်အဖို့ အဆင်တန်ဆာအတွက်ဖြစ်စေ၊ သုံးရည်တန်ဖိုးအတွက်ဖြစ်စေ၊ တန်ဖိုးကြီးလက်ဝတ်ရတနာတစ်မျိုးအဖြစ်ဖြစ်စေ ဝတ်ဆင်ခဲ့တတ်ကြ သော နာရီတစ်မျိုးမျိုးကိုတော့ အမှတ်ရနေဖို့ကောင်းသည်မဟုတ်ပါလား။ သို့သော် ထိုစဉ်က ကျွန်တော်ဘယ်အမျိုးအစား၊ ဘယ်လိုနာရီ ဝတ်ဆင်ခဲ့ကြောင်းကို မည်သို့ပင်ပြန်စဉ်းစားစဉ်းစား မမှတ်မိတော့ပါ။
ကျောင်းသားဘဝက ထောင်တန်းကျခဲ့ရသည့်အခါ ကျွန်တော့်လက်တွင်နာရီတစ်လုံးတော့ပါသွားမည်မှာသေချာသည်။ ပြန်လွတ် လာတော့လည်း သူတို့သိမ်းဆည်းထားရာမှ ပြန်ထုတ်ပေးလိုက်ကြမည်မှာသေချာသည်။ သို့သော် ထိုနာရီ ၏အမျိုးအမည်မဆိုထားနှင့် ကျွန်တော့်လက်တွင် ထောင်ထဲကနာရီ ပြန်ပါလာ မပါလာကို ယနေ့အထိ ကျွန်တော် မမှတ်မိ။ ပြန်ထွက်လာ(လွတ်လာ)သောနေ့က ကျွန်တော့်လက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လာခဲ့သည်မှာ ကျွန်တော်ရေချိုးလျှင်၊ ရေနွေးခိုးကြိုလျှင်၊ဟင်းခိုးချက်လျှင်အသုံးပြုသော မည်းနက်ပိန်ရှုံ့နေပြီဖြစ်သည့် ဒန်ဖလားတစ်လုံးနှင့် ဆရာကြီးဗန်းမော် တင်အောင် ကိုးကိုးကျွန်းတွင် ဝတ်ဆင်ခဲ့သည်ဟုဆိုသော (ထိုအင်္ကျီ ကျွန်တော့်ထံ မည်သို့ရောက်လာခဲ့သည်ကို မမှတ်မိတော့။ ဆရာကြီး၏သား ကိုဗဟိန်းအောင်ထံကလား၊ ကြားတစ်ဆင့်ခံဆီကလား မပြောတတ်၊မမှတ်မိတော့ပါ။) စုတ်ပြဲနေသည့် ရှပ်အင်္ကျီ တစ်ထည်သာ ဖြစ်သည်။ အိမ်ရောက်တော့ အဖေ့ကို ‘ဒန်ဖလားလေးနှင့်အင်္ကျီ၏ ဇာတ်ကြောင်းပြောပြတော့ အဖေက ထိုပစ္စည်းများကို တယုတယသိမ်းဆည်းပါသည်။ အဖေသည် ဆရာဗန်းမော်တင်အောင်အား လေးစားကြည်ညိုယုံမျှမက သူတို့နှစ်ဦးသည် ရင်းနှီးသောမိတ်ဆွေရင်းချာ၊ ယုံကြည်ချက်တူ ရဲဘော်ရဲဘက်များ ဖြစ်နေသောကြောင့် ဖြစ်သည်။ ‘ဒါတွေဟာ သမိုင်းတန်ဖိုးကြီးတယ်ကွ’ ဟု အဖေပြောခဲ့သောစကားသံကို ကျွန်တော် ယနေ့အထိ ကြားယောင်နေမိသေးသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အခြေအနေများ၊ နေရာဒေသများ မြောက်များစွာ ပြောင်းရွှေ့ခဲ့ရပြီးသည့်နောက် ထိုပစ္စည်းများ (အဖေ့စကားအတိုင်းဆိုရလျှင် သမိုင်းတန်ဖိုးများ) ကျွန်တော့်ထံတွင် မကျန်ရစ်တော့ပါ။ အဖေတိမ်းပါးသွားသည်ပင် (၁၇)နှစ် ကျော်ခဲ့ပြီ။
နာရီများအကြောင်းတွေးတိုင်း ကျွန်တော့်အာရုံရိပ်တွင် နာရီတစ်လုံး အမြဲပါလာလေ့ရှိသည်။ ထိုနာရီသည် ကျွန်တော့် သူငယ်ချင်း ‘ဂျွန်’ ပတ်လေ့ရှိသော အိန္ဒိယလုပ်သားရေကြိုးတတ်ရွှေရောင်လက်ပတ်နာရီလေးပင်ဖြစ်သည်။ မည်သည့်အတွက် နှစ်ပေါင်းများစွာ ကြာ အောင် ထိုနာရီလေးကကျွန်တော့်ကိုစိုးမိုးနေသည်ကို ကျွန်တော်လည်း မစဉ်းစားတတ်ပါ။ ထိုနာရီလေးတွင် ကျွန်တော်တို့သူငယ်ချင်းနှစ်ဦး ၏ ဘဝများအတွင်း ထဲထဲဝင်ဝင်ပတ်သက်ခဲ့ဖူးသည့် ဇာတ်လမ်းမရှိ။ သို့သော် ထိုနာရီလေးကို ကျွန်တော်အမြဲတစေသတိရနေတတ်သည်။
“ဂျွန်”နှင့်ကျွန်တော် ခရီးအဝေးကြီးတစ်ခုကို သက်စွန့်ဆံဖျား အတူထွက်ခဲ့ကြရဖူးသည်။ နှစ်အချို့ကွဲကွာသွားကြပြီးမှပြန်တွေ့ဆုံကြချိန်၊ နယ်စပ်ချောင်းလေးတစ်ခုတွင် အတူရေးချိုးကြခိုက် ထိုနာရီအကြောင်း သူ့ကို ကျွန်တော် မေးမိသေးသည်။ သို့သော် သူ့လက်တွင် ထိုနာရီမရှိတော့၊ နာရီပိုင်ရှင် “ဂျွန်”ကိုယ်တိုင် ထိုနာရီကို မေ့လျော့နေလောက်ပြီဖြစ်သည်။ ကျွန်တော်ကတော့ “ဂျွန်”၏အသားညိုညို လက်ဖျံပြားပြားပေါ်တွင် ပတ်ထားလေ့ ရှိသော ထိုနာရီလေးကို ယနေ့တိုင်သတိရဆဲ။ ကျွန်တော်သည် ထိုရွှေရောင်နာရီကိုချစ်ခဲ့သည်လော သူငယ်ချင်းအပေါ် သံယောဇဉ် ကြီးခဲ့သည်လော ယခုထိ မခွဲခြားနိုင်။
ဘဝတွင် နောက်ထပ် မှတ်မှတ်ရရဖြစ်စရာ နာရီလေးတစ်လုံးရှိခဲ့ဖူးပြန်သည်။ ထိုနာရီသည်Citizenအမျိုးအစားဖြစ်၏။ သံပတ်နာရီတော့မဟုတ်။ နေ့လရက်အပြင် အချိန်မှတ်ဒိုင်ခွက်ပါသည်။ အပူချိန်ပြဂဏန်းပါသည်။ ၈၅ခုနှစ်လောက်က နယ်စပ်တွင် ကျပ်နှစ်သောင်းလောက်တန်သည်ဟုဆိုသောနာရီဖြစ်သည်။ တကယ်တော့ နှစ်ထောင်ကျပ်သာတန်ကောင်းတန်မည်။ ခေတ်ပေါ်ပစ္စည်းများ ဈေးနှုန်းများကို စိုးစဉ်းမျှမသိသည့် ကျွန်တော်တို့တောတွင်းသားများ လိမ်လည်ခံခဲ့ရခြင်း လည်း ဖြစ်နိုင်ပါသည်။ ထိုစဉ်က ကျွန်တော့် လစာမှာ မြန်မာငွေ တစ်ဆယ်ကျပ်သာ ဖြစ်၏။
ဤနာရီရပုံက ဆန်းသည်။ ရှမ်းပြည်မြောက်ပိုင်းက “ကောင်းတပ်”ဟူသောရွာလေးနားက တောထဲတွင် ကျွန်တော်တို့ စခန်းချ အလုပ်လုပ်နေစဉ်ဖြစ်သည်။ တစ်ဖွဲ့လုံး၏စားနပ်ရိက္ခာများ၊ အိုးခွက်များ(ဝါးဆစ်ဗူးများ၊ဖက်ရွက်များသည် ပန်းကန်ဖြစ်သည်) ကို ကျွန်တော့်အိပ်ရာခြေရင်းတွင် ဝါးစင်လေးထိုး၍သိမ်းကြသည်။ ညစဉ်အိပ်မရလောက်အောင် ထိုဝါးစင်လေးက တဒုန်းဒုန်းတဂွမ်းဂွမ်းဆူညံ နေလေ့ရှိသည်။ စားကြွင်းစားကျန်များ၊ အထူးသဖြင့် အသားများငါးများကို တောကြောင်လာဆွဲခြင်းဖြစ်၏။ ပထမညတော့ ကြောင်မှန်းမသိ။ ဓါတ်မီးထိုးသည်နှင့် အမြီးပင်မမြင်ရအောင် ပျောက်သွား တတ်သော အတော်မြန်ဆန်သည့် အကောင်များဖြစ်သည်။ ဘာကောင်ဝင်ဆွဲလဲဟုသာ ပဟေဋိဖြစ်နေရသည်။ မောင်းထုတ် လည်းမရ။ မကြောက်။ နောက်ညများတွင်လည်း လာဆွဲမြဲ။ နောက်တော့ သည်းမခံနိုင်။ ကိုယ့်အဖွဲ့စားရမည့်အစာများလည်း သူတို့စားတာနှင့် အတော်ကုန်လှပြီ။
ဤသို့ဖြင့် တစ်ညတွင် စားကြွင်းစားကျန်များ အားလုံးကို လုံလုံခြုံခြုံထုပ်သိမ်းပြီး၊ အသားစိမ်းတစ်တုံးထဲ ယမ်းခွဲသော ကက်ပ် တစ်လုံး ထည့်မြှုပ်ကာ အိုးခွက်စင်တွင်ထောင်ချောက်ဆင်ရသည်။ သန်းကောင်ကျော်တွင် ဗျောက်အိုးအကြီးစား တစ်လုံးပေါက်ကွဲသံ ကြားရပြီး ကျွန်တော့်ခြေရင်းသို့ အကောင်တစ်ကောင်လွင့်စင်ကျလာသည်။ ကြည့်လိုက်တော့ ကြောင်တစ်ကောင်။ ပါးစပ်ကတော့ ယမ်းကွဲအားကြောင့် ပွင့်ကြေနေပြီ။ ကျွန်တော်က ကြောင်ဟုသာသိသည်။ တောမှုရေးရာ ကျွမ်းကျင်သော ဆရာဝန်က
”ဒါ ကြောင်ကတိုးကွ။ သူ့ ‘သို’က သိပ်အဖိုးတန်တာ။ ကိုယ်ဝန်ဆောင်တွေဆို ထိကိုမထိရဘူး။ ထိရင် ကိုယ်ဝန် ပျက်ကျရော”ဟု ပြောပါသည်။ သို့နှင့်နက်ဖြန်မနက်ဈေးနေ့တွင် ထိုကြောင်သိုနှင့်သားရေကို သူယူသွားရောင်းချပါသည်။ မိုးချုုပ်စတွင် ဒုတ်မီးတဝင်းဝင်းနှင့် သူတို့ ပြန်လာကြတော့ အားလုံးက ဘာတွေရလာခဲ့သလဲဝိုင်းမေးကြသည်။ စခန်းအတွက် အသားနှင့်ဟင်းသီးဟင်းရွက်များ ပါလာပြီး၊ ကျွန်တော့်အတွက် ထိုနာရီလေးပါလာပါသည်။ တော်တော် တန်ဖိုးကြီးပေထသော ကြောင်ကတိုးပါတည်း။ နာရီကအသစ်မဟုတ်။ ကြောင်ကတိုးဖိုး ပိုက်ဆံ ချေစရာမလောက်၍ ပတ်လက်စနာရီကို တန်ဖိုးဖြတ် ယူလာခြင်းဖြစ်သည်။ မည်သို့ဆိုစေ နာရီမရှိသော ကျွန်တော့်အတွက်တော့ ပတ်စရာနာရီတစ်လုံးရခဲ့သည်။ သို့သော် ထိုနာရီ သည် ကျွန်တော့်လက်တွင် သက်ဇိုးမရှည်။ ရဲဘော်တစ်ယောက် မင်္ဂလာဆောင်ဖို့ ငွေလိုတော့ လက်က ချွတ်ပြီး မင်္ဂလာစရိတ် လုပ်ပေးလိုက်ရသည်ပင်။ထိုနာရီသည် တောအိမ်ယာသစ်ထူထောင်မှု တစ်ခု အတွက်တော့ အတန်သင့်အသုံးဝင်ခဲ့၏။
…….
တောကရလာဖူးသည့် နာရီအကြောင်းပြောရင်း နောက်ထပ် တောတိုးနာရီတစ်လုံးကို ဖျတ်ကနဲသတိရသွားပြန်သည်။ ပတ်ခဲ့ရ သော နာရီများအနက် ထိုနာရီသည် ကျွန်တော့်ခိုင်းစေမှုကိုအသေလဲ ခံခဲ့ရပြီး သုံးနှစ်အတွင်း အသက်ကုန် သွားခဲ့သည်။ ဆီကိုအမျိုးအစား ခရီးကြမ်းသွားနာရီဖြစ်သည်။ သံလိုက်အိမ်မြှောင်၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်ပြ ဂဏန်းများ၊ အပူချိန်ပြဂဏန်းများ၊ ရာဦဥတု ခန့်မှန်းသည့် ဂရဖ်များပါသည်။ ညဘက်တွင် နာရီပတ်ထား သောလက်ကို ကိုယ့်ဘက်ကိုလှည့်စောင်းလိုက်သည်နှင့် ဒိုင်ခွက်က မီးလင်း လာသောဖန်ရှင်များရှိသည်။ သူလုပ်နိုင်သည့် အလုပ်ကများလှသည်။ နာရီကလေးလုပ်နိုင်သမျှကိုလည်း ကျွန်တော်မညှာမတာခိုင်းစေခဲ့ သည်မှာ ရက်မပျက်။ ကျွန်တော်ကလည်း ထိုကာလများတွင် တောတကတော တောင်တကတောင်နှင့် ခရီးကြမ်းများ မနေမနား သွားနေရသူဖြစ်သည်။ ထို့ကြောင့် ကိုယ့်လုပ်ငန်း အခြေအနေနှင့်ဟတ်စပ်မည့် ထိုနာရီမျိုးကို ဝယ်ပို့ပေးပါရန် ရန်ကုန်သို့ပြန်မှာရသည်။ ရန်ကုန်ကလူတွေကလည်း ဟိုမှာ သည်မေးလုပ်ပြီး ကျွန်တော်လိုအပ်သည့်နာရီအမျိုးအစားကို မရမကရှာဖွေပို့ပေးလိုက်ကြသည်။ ကျေးဇူးတင်ဖို့ ကောင်းလှ ပေစွ။
မီတာတစ်ထောင်ကျော်ခန့်ရှည်လျားပြီး မီးရောင်မရှိသော ကွေ့ကောက်နေသည့် ဥမင်လှိုဏ်ခေါင်းတစ်ခု၏ တည်နေရာကို ထိုနာရီအသုံးပြုပြီး မြေပုံပေါ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။ သစ်ခွမျိုးတစ်ခုတွေ့ရှိရာနေရာကို၊ မြေအနိမ့် အမြင့်၊ ထိုနေရာထိုရာသီတွင် ရှိတတ်သည့် အပူချိန်အတိအကျတို့ဖြင့်မှတ်သားနိုင်ခဲ့သည်။ လျှပ်စစ်မီးမရှိသောတောတောင်ထဲတွင် ညကြီးမင်းကြီး ကြည့်ချင်သည့်အချိန် ကောက်ကြည့်၊ ဖြတ်ကနဲမီးလင်းကာ အချိန်ပြဂဏန်းများကိုမြင်ရမည်။ လေယဉ်ခရီးစဉ်များတွင် ကိုယ်စီးသည့်လေယဉ် ဘယ်အမြင့်က ပျံနေသည်ကိုပင် ထိုနာရီလေးကဖေါ်ပြတတ်သေးသည်။ သို့သော် နာရီ၏ပုံသဏ္ဍာန်သည် ကလေးကြိုက်ဇာတ်ကောင် ပါဝါရိန်းဂျား စက်ရုပ်လက်က နာရီမျိုးနှင့်ဆင်သည်။ အုံထူထူ၊ ထုထည် ကြီးကြီး၊ ပြူးပြူးပြဲပြဲဖြစ်၏။ မြို့သို့ရောက်ပြီး ထိုနာရီပတ်ထားမိသောကခါ “ကလေးကလားနဲ့ ဘယ့်နှယ်ဖြစ်လာတာတုန်း” ဟု အမေးခံခဲ့ရဖူးသည်။ သူတို့သည် ကျွန်တော်နှင့်ထိုနာရီလေးလက်တွဲပြီး အလုပ်များစွာ လုပ်ခဲ့သည့် ဖြစ်စဉ်ကိုမသိ၊ သုံးရည် တန်ဖိုးကိုမသိသူများဖြစ်ကြသည်။ မြို့သားများအတွက် နာရီဟူသည်မှာ အချိန်နှင့် နေ့ရက်ကြည့်စရာ တစ်မျိုးသာ ဖြစ်ပုံရသည်။ သူတို့အတွက် နာရီတစ်လုံး၏အသုံးဝင်မှုသည် ထိုအကန့်အသတ်အတွင်းတွင်သာ ရှင်သန်နေပုံရသည်။
ထို့ကြောင့် မြို့ရောက်၍ ထိုဆရာများထံသွားလာ လည်ပတ်သည့်အခါ၊ နာရီအပါးလေးကို(မြို့သားစတိုင်လ်) ဝတ်ဆင်ရသည်။ ထိုနာရီလေးက 25Hours ဟု အမည်ရှိသည်။ တစ်ရက်တွင် ၂၄နာရီသာရှိသော်လည်း သူက သူ့ကိုယ်သူ နှစ်ဆယ့်ငါးနာရီဟု အမည်ပေးထားသော အချိန်မှတ်ကရိယာဖြစ်နေခြင်းက သူ့အပေါ်စိတ်ဝင်စားမှုပိုစေခဲ့ဟန်တူသည်။ ဇနီးသည်က ကျွန်တော့်မွေးနေ့ တစ်ခုတွင် လက်ဆောင်ဝယ်ပေးခဲ့ခြင်းဖြစ်၏။ အခြားနာရီများထက် တစ်ဝက်သာသာ ပါးလျား ပေါ့ပါးလှခြင်း၊ အဖြူရောင်ဒိုင်ခွက်ပေါ်တွင် ကျွန်တော့်အကြိုက် ရောမဂဏန်းများထည့်သွင်းထားခြင်းက သူ့ကိုစွဲစွဲမြဲမြဲ ပတ်စေ ဖို့ အကြောင်းဖန်လာပုံရသည်။ သို့သော် ထိုနာရီသည် တောတောင်တွင်အသုံးမတည့်လှ။ ညကြည့်၍မရ။ အခြား ကျွန်တော့် အတွက်အသုံးတည့်သော ဖန်ရှင်များမဆိုထားနှင့် ရက်လပြဒိုင်ခွက်လေးပင်မပါ။ ထို့ကြောင့် လှပပေါ့ပါးပြီး၊ ကျွန်တော် နှစ်သက်လှသောနာရီလေးသည် မြို့က ကျွန်တော့်စားပွဲအံဆွဲလေး ထဲမှာပင် နှစ်ရှည်လများအကျဉ်းကျနေရရှာသည်။ ကျွန်တော့်သမီးက သူ့လက်ဆောင်နာရီလေးကိုကျွန်တော့်လက်တွင်ပတ်ပေးခဲ့ပြီး နောက်တစ်ရက်တွင် ဇနီးသည်က သူ့ 25Hours နာရီလေးကို ဘူးခွံထဲထည့်သိမ်းသည်။ မျက်နှာမကောင်းလှ။ “သင်္ခါရဆိုတာ ဒါပဲထင်တယ်။ အချိန်တန်ရင် နေရာ ဖယ်ပေးလိုက်ရတာပါပဲ”ဟု ဆွေးဆွေးမြည့်မြည့်ဆိုသည်။ (ကျွန်တော့် လက်ကောက်ဝတ်ပေါ်တွင် သူ၏ ချစ်ခင်မှု အမှတ်တရ နာရီလေးအစား သမီး၏ အဖေ့အပေါ်ချစ်ခြင်းအမှတ်တရ နာရီလေးက အစားထိုးသွားခြင်းကြောင့်ဖြစ်သည်။) သူ့ဆွေးမြေ့မှု မျက်လုံးများထဲတွင် အဖေနှင့်သမီး၏သံယောဇဉ်အပေါ်ကျေနပ်ကြည်နူးမှုနည်းနည်း၊ သူ့ချစ်သက်လက်ဆောင် လေးကို ကျွန်တော့် လက်ပေါ်တွင် မတွေ့ရမှုအတွက် ဝမ်းနည်းကြေကွဲခြင်းက နည်းနည်း ပါနေနိုင်ပါသည်။
နောက်အမှတ်ရနေသည့် နာရီမှာ အဖေ့ကို ကျွန်တာ်လက်ဆောင်ပေးခဲ့သော Mido အမျိုးအစားနာရီဖြစ်သည်။ အဖေက မပတ်။ တန်ဖိုးကြီးလှသည်ဟုဆိုကာ ဝယ်လာသည့်ဘူးအတိုင်းပင်သိမ်းဆည်းထားသည်။ အဖေ့အတွက်ရည်စူး ဝယ်လာတာမို့ ပတ်ပေးပါဟု တောင်းတောင်း ပန်ပန်ပြောပါမှ တစ်ခါနှစ်ခါ ထုတ်ပတ်သည်။ အဖေကွယ်လွန်ပြီးနောက် သူ့ကို သတိတရရှိသောအခါမျိုးတွင် ထိုနာရီကို ကျွန်တော်ထုတ်ပတ်လေ့ရှိ၏။ တစ်ရက်သားမှာ ထုကြီးထည်ကြီးရှိလှသော Mido နာရီပတ်ထားသည်ကို ဆရာဆူဒိုနင်မြင်တော့ မောင်ရင်တို့ထားဝယ်သားတွေဒီနာရီမျိုးသိပ်ကြိုက်ကြတယ်၊ ထားဝယ် တောသူဌေးကြိုက်ဟုဆိုသည်။ ခင်မင်သူရင်းမို့ မြို့သားက တောသားကို “ဟား”ခြင်းဖြစ်သည်။ နောက်ပြောင် ကျီစယ်ခြင်း ဖြစ်သည်။ သူ့အဆိုမမှားပါ။ အဖေတို့ခေတ်က ထားဝယ်သားများ ထိုအမျိုးအစားနာရီကို အပြိုင်အဆိုင် နှစ်နှစ်သက်သက် ပတ်ကြတာ ကျွန်တော်အမှတ်ရနေပါသည်။
ကျွန်တော့်သားဆယ်တန်းရောက်တော့ “ဒါ မင်းအဖိုးနာရီ”ဟုပြောကာ နာရီကိုလက်ထဲဆုပ်ကိုင်လွှဲရမ်းလျှင်ရသည့် သံပတ်တုံး ၏ တုန်ခါမှုအထိအတွေ့နှင့် ထွက်ပေါ်လာသော တကျိကျိအသံအကြောင်း လက်တွေ့မိတ်ဆက်ပြသည်။ သူ အတော် သဘောကျသွား သည်။ “မင်းပတ်မလား”ဆိုတော့ လိုလိုလားလား ပတ်မည်ဟုဆိုသည်။ သို့နှင့် နာရီလေးကို သူ့လက်မှာပတ်ပေးခဲ့သည်။
“မင်းလက်သေးသေးလေးနဲ့စာရင် ကြိုးက နည်းနည်းရှည်နေတယ်။ နာရီဆိုင်မှာ သွားတိုင်းပြီး ဖြတ်လိုက်။ ကိုယ့်ဖာကိုယ် မဖြတ်နဲ့”ဟု မှာခဲ့သေးသည်။ ကျွန်တော်အလုပ်နှင့် ခရီးထွက်ရာက ပြန်တော့ နာရီလက်ပတ်ကြိုး အတိုအစ အပိုင်းအပြတ်များ စားပွဲပေါ်တွင်ဟိုတစ်စသည်တစ်စဖြစ်နှင့်ပြီ။ သူ့လက်မှာလည်း သူပတ်လက်စဒစ်ဂျစ်တယ်နာရီနက်ကလေးက နဂိုနေမပျက်နေရာယူ လျက်။ အကောင်းတိုင်းကျန်နေသေးသောနာရီအိမ်ကို သူ့ဘူးထဲ သူပြန်သွင်းရသည်။ သိမ်းရသည်။ ထိုကြိုးမပါတော့သော နာရီအိမ်လေးကို ဘူးထဲပြန်သွင်း နေရာချသိမ်းဆည်းနေရသည့်အခိုက်သည် အဖေနေမကောင်းဖြစ်စဉ်က သူ့ကုတင်တွင် ပြန်သိပ်ရပေးရသော ညများစွာ ကိုသတိရစေခဲ့သည်။ မည်သို့ဆိုစေ ထိုနာရီလေး ကတော့ ထားဝယ်သားမျိုးဆက်သုံးခု အကြောင်းကို တစေ့တစောင်းတော့ ပြောပြနိုင် တော့မည်ဖြစ်၏။ အဖိုးမှသည် မြေးအထိ ထိုနာရီတစ်လုံးတည်းကို ပတ်ဖူးခဲ့ ကြပြီ။
…….
ကျွန်တော်တို့အိမ်တွင် နာရီအစုဆုံးသူကို လက်ညှိုးညွှန်ရလျှင် ကျွန်တော့်“အိမ်သူ”မှလွဲ၍ အခြားသူမဖြစ်နိုင်။ သူ့ ဝါသနာက တစ်မျိုး။ သူကလက်ပတ်နာရီများကိုမချစ်၊ တိုင်ကပ်၊ နံရံချိပ်၊ စားပွဲတင်နာရီများပေါ်တွင်သာအာရုံညွတ်သည်။ စတုရန်းပေခြောက်ရာ ကျော်သာရှိသော အခန်းလေးထဲတွင်နာရီဆယ်လုံးခန့် ချိပ်ဆွဲထောင်မတ်ပေးထားတတ်သူဖြစ်သည်။ သူ့သမီးနှင့်သားအား အချိန်ဖြင့် အလုပ်လုပ်စေလိုသည်။ အချိန်အပေါ်တန်ဖိုးထားစေလိုသည်။ပါးစပ်ဖြင့်ပြောရသည်ကို အားမရသောကြောင့် အိမ်နံရံများအနှံ့ နာရီများ ချိပ်ဆွဲပေးထားသည်။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း။ တစ်ခန်းမှ နာရီလွတ်သည့်နေရာမရှိ။ တစ်ချို့အခန်းများတွင် ချိပ်ဆွဲထားသော/ထောင်မတ်ထားသော နာရီသည် နှစ်လုံးအထက်ရှိသည်။ အိမ်သာနံရံများသာ သူ့နာရီများ ချိပ်ဆွဲတွယ်ဖက်မှုဘေးမှ ကင်းဝေးခဲ့ကြသည်။ ရေချိုးခန်းထဲကနာရီဆိုလျှင် တပ်ဆင်ပြီးကာစမှာသာ အလုပ်လုပ်သည်။ တစ်ပတ်နှစ်ပတ်ကြာလျှင် ရေငွေ့ရိုက်ပြီး၊ နာရီကရပ်သွားတတ်သည်။ ထိုအခါ၊ သူကိုယ်တိုင်ပြုပြင်သည်။ သုံးလေးခါပြုပြင်ပြီးနောက် သူလက်လျှော့သွားသောအခါ ရေချိုးခန်းနံရံ တွင် အသက်မဲ့သောနာရီသာ ထီးထီးကျန် တော့သည်။
ထိုသို့ နာရီများစွာ သံစုံကြူးလျက်မင်းမူနေသော ကျွန်တော်တို့အိမ်ခန်းလေးတွင် မနက်မိုးလင်းလျှင် ကျောင်းချိန်မီဖို့ ကလေးတွေ ကို နှိုးကြရသည့်နှိုးစက်မှာ သူနှင့်ကျွန်တော်သာဖြစ်သည်။ ကျွန်တော်တို့ ကိုယ်တိုင်သည် သက်ရှိနာရီများ ဖြစ်နေကြရပြန်တော့သည်။ ရေချိုးချိန်၊ အိမ်သာတက်ချိန်ကြာလျှင်(ကလေးများကအိပ်ရေးမဝလျှင် ရေချိုးခန်းနှင့်အိမ်သာများထဲတွင် ငိုက်မြည်း အချိန်ကုန်နေတတ် သည်) ခုနှစ်သံချီဖြင့် အော်ဟစ်သတိပေးနေရသူမှာလည်းသူသာလျှင်ဖြစ်သည်။ နာရီပြင်ဆရာတစ်ယောက်၏အိမ်နှင့် တူယောင်ရှိအောင် ဆင်ယင်ထားသော ကျွန်တော်တို့အိမ်၏ အတိအကျဆုံးသောနာရီမှာ ပါးစပ်ကအမိန့်သံထွက်တတ်သော ကျွန်တော့်အိမ်သူသာဖြစ်၏။ ကျွန်တော်တို့မိသားစုသည် ရယ်စရာလည်းကောင်း မောစရာလည်းကောင်းသော နာရီပေါင်းများစွာနှင့်အတူ နှစ်ပေါင်း များစွာကို ဖြတ်သန်းချီတက်ခဲ့ကြဖူးပြီ။
လွန်ခဲ့သော ဒီဇင်ဘာက မိုင်ထောင်ချီဝေးသောအရပ်တွင် အလုပ်လုပ်နေသူ သမီးက၊ လက်ပတ်နာရီတစ်လုံး ပို့လိုက်သည်။ ကျွန်တော့်အတွက် သူ့လုပ်ခလစာများကို စုဆောင်းဝယ်ယူပေးလိုက်သော အမှတ်တရ လက်ဆောင်ဖြစ်သည်။ အချိန်မီပေးလိုသောပစ္စည်း အတွက် လူကြုံပါးရခက်၍ထင်သည်။နာရီက အလုံးလိုက်အရင်ရောက်လာသည်။ နာရီ ထည့်ထားသောဘူးခွံကို သူခွင့်ပြန်လာချိန်မှ ယူလာပေးမည်ဟုမှာလိုက်သည်။ (သူပြန်လာသောအခါ၊ နာရီမပါသော ဧရာမ ဘူးခွံကြီးတစ်ခု သူနှင့်အတူသယ်ဆောင်လာသည်။) နာရီက Tissotအမျိုးအစား။ ”Only 8888 limited edition sets were produced in 2003 to commemorate the 150th anniversary of the firm since 1853.” ဟူသောစာတမ်းလေးကို ဖတ်မိတော့ ဘဝမှာ အရေးပါတဲ့အချိန်တွေဟာ ရှစ်ဂဏန်းတွေနဲ့ကိုမလွတ်ကင်းနိုင်ပါလား တွေးမိရင်း ပြုံးမိသေး၏။ ကုမ္ပဏီ တည်ထောင်ခြင်း အနှစ်(၁၅၀)ပြည့်အထိမ်းအမှတ်၊ အလုံးရေအကန့်အသတ်ဖြင့်သာ ထုတ်ဝေသောနာရီ။ ဈေးအလွန်ကြီးမည်ဟု ခန့်မှန်းမိသည်။ သူရသည့်လခတစ်လစာဖြင့်ပင် သည်နာရီမျိုးဝယ်နိုင်လိမ့်မည်မထင်။ သမီးအိမ်ပြန်မရောက် ခင် အထိ နာရီကိုကျွန်တော်အသုံးမပြု။
သမီးခွင့်ပြန်လာသည်။ သူအိမ်ပြန်ရောက်သည့် ညမှ ကျွန်တော်လည်း ခရီးကပြန်ရောက်ရသည်။ ကျွန်တော်က မနက်ဖြန် အလုပ်ဖြင့် ခရီးဆက်ထွက်ရမည်။ တစ်နှစ်တာအတွင်း ပထမဆုံးပြန်လည်ဆုံတွေ့ရသော သားအဖနှစ်ယောက် တွေ့ရချိန်သည် (၂၄)နာရီပင် မပြည့်တတ်။ ထိုအချိန်လေးတွင် သူ့လက်ဆောင် နာရီကို သူ့လက်ဖြင့်ပတ်ပေးခဲ့သည်။ ကျွန်တော့် လက်ကောက်ဝတ်တွင် သူ့ချွေးနည်းစာ နာရီလေးကိုပတ်ပေးနေချိန်တွင် သူပီတိဖြစ်နေလိမ့်မည်မှာသေချာသည်။ ကျွန်တော်လည်းပီတိစိတ်ဖြင့်ကြည်နူးနေခဲ့သည်။ ထိုအချိန် အခိုက်အတန့်လေး၌အဖေ့အတွက် (တစ်သက်တွင် တစ်လုံး တည်းသာ) ဝယ်ပေးဖြစ်ခဲ့ဖူးသော နာရီလေးဆီ ကျွန်တော် စိတ်ရောက်နေ သည်။ ထိုနာရီကို အဖေ့လက်တွင် ကျွန်တော် ပတ်ပေးခဲ့စဉ်က အဖေလည်း ယခု ကျွန်တော်ခံစားနေရသော ပီတိမျိုး ရရှိနေလေ မလားဟု တွေးနေမိသည်။ တစ်ခါတရံ (ပြန်မရနိုင်တော့သောအတိတ်တို့တွင် ရှိခဲ့/ရခဲ့ဖူးသည့်) ပီတိစိတ်များသည် ကြေကွဲစရာကောင်းအောင် လွမ်းစရာ ဇာတ်များအဖြစ် အာရုံတွင်ပြန်လည်ကပြ အသုံးတော်ခံတတ်ပုံရသည်။
နေထိုင်ခွင့်အနည်းငယ်သာကျန်တော့သော လာမည့်ခုနှစ်သက္ကရာဇ်များအတွင်း နောက်ထပ် မည်သည့်နာရီမျိုးနှင့် ကြုံတွေ့ရဦး မည်ကို ကျွန်တော်မသိပါ။ သို့သော် ယခုကြုံဆုံခဲ့ရပြီးဖြစ်သော နာရီများနှင့်ပင် ကျွန်တော့်ဘဝသည် လွမ်းဖို့ရော၊ ကြည်နူးဖို့ပါ လုံလောက်နေပြီ။ အချိန်ကို ကျွန်တော်မပိုင်ဆိုင်ပါ။“နာရီ”အလုံးတော်တော်များများကိုတော့ ပိုင်ဆိုင်ခဲ့ဖူးပါ သည်။ ကျွန်တော်ပိုင်ဆိုင် သောနာရီများထဲတွင် အချိန်များပါဝင်နေနိုင်သည်။ နာရီထဲမှာ အချိန်တွေကိုထည့်သိုလှောင်ထား သည်လား၊ သို့ှမဟုတ်၊ အချိန်တွေက သူ့ကိုရေတွက်စောင့်ကြည့်နေကြသည့်နာရီများကို ထုပ်ပိုးသိမ်းဆည်းထားသည်လားဟူသည့် ခပ်ကြောင်ကြောင်မေးခွန်းများလည်း ကျွန်တော့်ခေါင်းထဲ ဝင်ရောက်လာတတ်ပါသေးသည်။ သို့သော် ကျွန်တော့် ဘဝထဲကနာရီများအတွင်းရှိ အချိန်များသည် ပစ္စုပ္ဗန်ထဲတွင် ရှိမနေ၊ အနာဂတ်ဆီသို့လည်းမသွား။ အတိတ်၏ ခုနှစ်သက္ကရာဇ် များနှင့်အဖြစ်အပျက်များထဲတွင်သာ ဝဲလှည့်နေသည်။
ထိုနာရီများထဲတွင် သံယောဇဉ်များပါ၏။
ကြေကွဲရမှုများရှိ၏။
အားနာ ကျေးဇူးတင်ရမှုများပါ၏။
ပီတိများနှင့်လည်းပြည့်လျှံနေသည်။
အမှတ်ရမှုများ နက်နက်ရှိုင်းရှိုင်းဝင်ရောက်စွဲကပ်နေသည်။
ထို နာရီများထဲမှ အချိန်များ ခုန်ထွက်နေသည်။
ခုန်ထွက်လာသမျှသော အချိန်များသည် အတိတ်ကာလများသာဖြစ်ကြသည်။
ထိုထွက်ကျလာနေသော အချိန်များသည် ကျွန်တော့်နှလုံးကို ခုန်စေသည်။
ကျွန်တော်နှလုံးခုန်မရပ်ခင် အချိန်ထိ ဘဝထဲက နာရီများသည်လည်း ကျွန်တော့်နှလုံးစည်းချက်နှင့်အညီ ခုန်လှုပ်လိုက်ပါနေဦး မည်ဟု ယုံကြည်နေမိတော့သည်။
ကျွန်တော်တို့သည် ဘဝ၏ လက်ကျန်အချိန်များကို နှစ်သက်စွာချစ်ခင်နေကြရုံမှတစ်ပါး၊ အခြားမရှိပြီ။
ငြိမ်းအေးအိမ်
၂၀၁၁ ဇန်နဝါရီ ၂၅ရက်။
၁၃း၀၇နာရီ။ နေပြည်တော်။