ကြော်ငြာဆိုတာ ကျော်ကြားအောင် ထုတ်ဖေါ်ပြောပြတာမဟုတ်လား။
မြန်မာအဘိဓာန်ထဲမှာတော့ဖြင့် –
ကြော်၁ ၊ ကြိ- ဟစ်အော်သည်။ ~ငြာ၊
ကြိ-၁၊ အော်ဟစ်သည်။ ၂၊ သတင်းစကား စသည်ကို လူအများကြားသိအောင်လုပ်သည်။
န- အများသိအောင်လုပ်သော အရေးအသား စသည်။ “ဆေး ~။ ရုပ်ရှင် ~ ။ ဆိုပြီးသွန်သင်ထားတာတွေ့ရတာပဲ။
လွယ်လွယ်ပြောရရင်တော့ ကိုယ့်ဟာကို အများသိအောင် လူထူထူမှာ အော်ဟစ်ပြောဆိုပြီး သတိမူမိအောင် လုပ်ကြတဲ့သဘောသဘာဝပဲ။ မြန်မာစကားက ခပ်ရှုတ်ရှုတ်ဆိုတော့ “ကြော်ငြာ” နဲ့ “ကြေညာ”ကြား တိုင်လည်း အပတ်များခဲ့ကြသေး။ ကြားနေကြ စကားထဲမှာ လူအုပ်စုလိုက်ကြီး အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို လှုံ့ဆော်လိုက်တဲ့အသံကို “ညာသံပေး” လို့မှတ်တာ။ တကယ်က “ငြာသံပေး” ဆိုတဲ့ “ကြော်ငြာ”ကလာတဲ့ “ငြာ”ကအမှန်ဖြစ်တာ နောက်မှ သိရတယ်။ အသံထွက်တွေကတူတော့ “ငြာသံ” နဲ့ “ညာသံ” အမှတ်မှားသူတွေ နည်းမှ မနည်းတာ။
ဒါဖြင့် သတင်းစာ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ အင်တာနက်မှာ ရေဒီယို တီဗီတွေမှာ ကိုယ့်ပစ္စည်းအကြောင်း ပြောနေကြတာဟာ “ကြေညာ” နေတာလား။ ‘ကြော်ငြာ’ နေတာလား။ နှစ်လုံးတည်းနဲ့ ကပ်ရှုတ်နေကြရပြန်တယ်။
ဆရာမိုးပွင့်တစ်ယောက်တော့ ခုလို ထရှင်းထားတာ မြင်လိုက်ရတာပဲ။
ဖတ်ကြည့်ကြည့်ပေါ့။ သူဆိုထား ပြောထားတာတွေ ရှင်းပါတယ်။
ကိုယ်တွေ ငယ်ငယ်လေးတုန်းက သိပ်ကြားရတဲ့ ကြော်ကြားသော ကြော်ငြာများရှိခဲ့သပေါ့။ ခုထိ မှတ်မိနေသေးတာ “ဆေးဝယ်ရင် ဒီဇူဇာမှာ စိတ်ချရတယ်”၊ “ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြတယ်”၊ “ဘယ့်နှယ်လဲ အမိရဲ့ ကပ္ပီတန်ရဲ့ အရသာကို သိပြီမဟုတ်လားဟင်!” ကနေ ဖို့ဒ်မော်တော်ကားကြော်ငြာတို့အထိပေါ့။ ကပ္ပီတန်စီးကရက်ကတော့ ငယ်ငယ်က အရုပ်ကားထပ် ဆော့ကစားတဲ့အခါ မပါမဖြစ်။ သူတို့ ကြောင်နက်တို့ကို မှတ်မိနေသေး။ နိုင်လွန်ဇာ ကြော်ငြာလည်းထင်ရှားခဲ့သေးထင်ပါ့။ စာသားဖြင့် မမှတ်မိတော့ဘူး။
ကျွန်တော် မမီလိုက်တဲ့ ဒီမိုကရေစီခေတ်ဦး (လွတ်လပ်ရေးရပြီးစနှစ်တွေ)မှာတော့၊ အကြမ်းပတမ်းကိစ္စဆိုရင် ကြိမ်လုံးကအစ သေနတ်ဆိုင်တွေအဆုံး ကြော်ငြာကြ၊ ဖွင့်ကြ၊ ရောင်းကြသေးတယ်ဆိုတာမြင်ရ။ ပြည်တော်သာချိန်ကြီးနေမှာပေါ့။ သိပ်မကြာလိုက်ခင် ပြည်တွင်းစစ်ကြီးဖြစ်လာတော့ သေနတ်ဆိုင် ယဉ်ကျေးမှုလည်း ဆိပ်သုဉ်းမျိုးတုန်းသွားထင်ပါ့။ သေနတ်အရောင်းဆိုင်ယဉ်ကျေးမှုသာ ဒီမြေမှာ မျိုးတုန်းသွားတယ်။ သေနတ်သံတွေကဖြင့် ခေတ်အဆက်ဆက်မှာ မိုးဦးမုန်တိုင်းလို ဟိန်းဟိန်းသန်သန် ပွက်လောညံလို့။ တောရိုင်းမြေ မြက်ခင်းကြီးလို ကျယ်ပြန့်လို့ သန်စွမ်းလို့။ ခုထက်ထိပါပဲ။
ကျွန်တော်တို့ပြည်သူတွေခမျာ ဘယ်အချိန်ကာလမှ ငြိမ်းချမ်းသော ဘဝတွေခံစားကြရမယ်မသိ။
တိုင်းတော်ပြည်တော်ကြီးကတော့ ခုချိန်ထိ စစ်ပွဲတွေနဲ့ ချိန်းချိမ်း ခြိမ့်ခြိမ့်ညံနေဆဲ။
အဲ့သလိုအခြေအနေမျိုးမှာပဲ၊ “သတင်းစာ၏ တန်ခိုး” ဆိုပြီး၊ မင်းတုန်းမင်းကို တမ်းတနေတဲ့ အခေါ်အပြောနဲ့ ကြော်ငြာတစ်မျိုး ကိုလည်း ခုလို ဖတ်ခဲ့ကြရပြန်တယ်။ ဘာ့ကြောင့်ပါလိမ့်။
အဲဒီခေတ် လူတွေက မင်းတုန်းမင်းလောက်မှ အမျှော်အမြင်မရှိ၊ လူ့အခွင့်အရေး မပေးကြလို့လား။ မသိတတ် မပြောတတ်တော့ ပါဘူး။ ကိုယ့်ဖာကိုယ်ပဲ တွေးတော ကြည့်ကြပါတော့။ ဒီမိုကရေစီစံဟာ ရှေးဆန်တဲ့ ခုနှစ်သက္ကရာဇ်ဟောင်းတွေထဲမှာပဲ ရှင်သန်ကျန်ရစ်နေ တာလား။ “သတင်းစာ၌ အပြစ်မရှိစေရ” တဲ့။ တာဝန်ခံမှု၊ တာဝန်ယူမှုစကားလုံးတွေမပါဘဲ ဒီတာဝန်ကို ဘုရင်က ထမ်းဆောင်လိုက်တာပါပဲ လား။ ခက်တော့ခက်တယ်။ ၂၁ရာစုခေတ်ရောက်တော့ရော မင်းတုန်းလိုအမိန့်တော်မှတ်ရဲသူများ ရှိကြလို့လားပြန်မေးလာမှဖြင့်။
စစ်ပွဲတွေဘယ်လောက်ဖြစ်ဖြစ်၊ လူ့ဘဝဆိုတာက မွေးရာကသေရမှာပဲ။ ဒါကိုပဲ ဘဝကွလို့ သတ်မှတ်ထားကြ။ ဒီလိုရင်းနဲ့ တွေ့ကြ၊ ဆုံကြ၊ ချစ်ကြ၊ ခင်ကြ၊ လင်ယူကြ သားမွေးကြ လောကကို အထာကျကျ လှမ်းလာခဲ့ကြတာ။ လူပျိုဖေါ် အပျိုဖေါ်ဝင်ကာစမှာ အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ အလှအပပစ္စည်းတွေ၊ ချောမောတဲ့မော်ဒယ်/မင်းသမီးမင်းသား တွေကိုလည်း စာရွက်၊ ရုပ်ရှင် ၊ စခရင်တွေမှာပေါ်လာတဲ့ ကြော်ငြာတွေထဲက ငေးရ မော့ရ၊ စိတ်ကူးယဉ်ရ၊ ပြင်ဆင်ရ။ ဒီလိုနဲ့ မင်္ဂလာဆောင်ချိန်ရောက်လာတော့လည်း အမျိုးမျိုးသော လိုအပ်ချက်တွေကြောင့် ကြော်ငြာတွေကို ကြည့်ကြရပြန်တာပါပဲ။ မင်္ဂလာခန်းမငှားတာကနေ၊ ပန်းစည်းပေး မုန့်ကျွေးကအစ ဝန်ဆောင်မှုတွေကြော်ငြာကြ၊ လိုက်ရှာပြုကြ၊ အပ်ကြရနဲ့ပါ့။
နှစ်ကိုယ်တူ ဂဟေဆက်မိလို့ ရွှေတွေထွက်လာတဲ့အခါ၊ ဗိုက်ထဲကကလေးလေးအတွက် အဝတ်ဆင်ဖို့၊ ဆေးတိုက်ဖို့၊ ပေါင်ဒါလိမ်းဖို့။ ပုခက်လွှဲဖို့၊ ကစားစရာဝယ်ပေးဖို့ မိဘတွေခမျာ မမွေးခင်ကတည်းကဗျာများကြရ။ ကြော်ငြာတွေ ပြူးပြဲကြည့်ကြ။ အိုဂျီရှာဟ။ လူတစ်ယောက်ရဲ့ အသက်ရှူသံမစခင်မှာ ကြော်ငြာတောထဲ တိုးဝင်နေထိုင်ကြရရှာ။ ကြော်ငြာ လာတဲ့ တီဗီကို ပုခက်ထဲက ကလေးက ငေးမောလို့။ နားလည်တာ မလည်တာ ခဏထား၊ သူကတော့ ကြော်ငြာ တောနက်ထဲ တိုးဝင်သွားနေတော့တာပဲ။ တစ်ခါတလေများဆို ငိုဖို့တောင်မေ့နေရဲ့။ ဒီလိုရင်းနဲ့ လူ(ကလေး)လည်း အရွယ်ရောက်သည်အထိ ကြော်ငြာတွေနဲ့ အဖေါ်ပြုရတော့တာပါပဲ။
ယောကျ်ားတွေအတွက် အလုပ်အကိုင်ပင်ပန်းတာကို အကြောင်းပြလို့ဖြစ်ဖြစ်၊ လူမှုရေးအကြောင်းပြလို့ဖြစ်ဖြစ်၊ ကြိုက်တတ်လို့ဖြစ်ဖြစ် မှီဝဲလေ့ရှိတဲ့ အရက် စီးကရက်ဆိုတာမျိုးကလည်း ကြော်ငြာလောကမှာ အတော်တွင်ကျယ်ကြတယ်။ မိန်းမတွေအတွက်၊ ရေမွှေး၊ လက်သည်းဆိုးဆေး၊ အဝတ်ထည်ကနေ စိန်ရွှေရတနာထိ ကြော်ငြာအတိပြီးနေသလိုပါပဲ။ လူတွေရဲ့ လိုအင်မှန်သမျှ ကြော်ငြာလောကဆီမှာ အကုန်ရနိုင်တယ်။ ဆန္ဒရှိရင် ကြော်ငြာတွေထဲမှာ အပ်ကအစ နိဗ္ဗာန်အထိရနိုင်တယ်။
လူဟာ သက်ရှိတို့ သဘာဝအတိုင်းပဲ၊ ရောဂါဘယနဲ့ အနာအဖျား ဘယ်ကင်းပါ့မလဲ။ အသက်ရှည်ချင် အနာမဲ့ချင်တဲ့ ဆန္ဒနဲ့ ဘယ်ကွာပါ့မလဲ။ ဒီတော့ နေထိုင်မကောင်းဖြစ်တဲ့အခါ မှီဝဲဖို့ဆေးဝါးရှာရ၊ ကုသဖို့ ဆရာဝန်/ဆေးရုံဆေးခန်းရှာရ။ သွားနာတာကနေ ကင်ဆာရောဂါအထိ အားကိုးရာ ရှာကြရတော့တာပဲ။ ဒီလိုနဲ့ ဆေးရုံဆေးခန်းကြော်ငြာပွဲခင်းထဲ တိုးဝင်ရင်းငေး မော့နေရတဲ့ လူတွေလည် မနည်းလှ။ နောက်ဆုံး ခေါင်းချရာ နေရာအထိ ဝန်ဆောင်မှုအပြည့်ပေးနေတဲ့ ကြော်ငြာမျိုးလည်း ရှာတတ်ရင် မြင်နိုင်တယ်။
ဒီလိုနဲ့ မွေးလာကြ၊ ကြီးပြင်းရုန်းကန်ရှင်သန်ကြ၊ သေဆုံးမြေကျ ခေါင်းချကြတဲ့အထိ အရွယ်စုံ အခြေအနေစုံမှာ ကြော်ငြာစုံကြည့်ရင်း လျှောက်လှမ်းနေရတာကြီးကိုက လူ့ဘဝလို့ခေါ်ရမလို။ ကြော်ငြာဟာ သေဆုံးခြင်းဆိုတဲ့ နေရာအထိ လိုက်ပါလာနေပါတယ်။ သတင်းမဖတ်တဲ့ခေတ်တွေမှာတောင် လူတွေဟာ သတင်းစာရဲ့ နောက်ဆုံးစာမျက်နှာကို လှန်ကြည့် ကြရပါတယ်။ အဲ့ဒါက ကြော်ငြာစာမျက်နှာပါ။ အခြားကုန်စည်တွေကြော်ငြာထည့်ကြသလိုမျိုး ကွယ်လွန်သွားနှင့်သူ တို့ကိုလည်း ထည့်သွင်းဖေါ်ပြကြပါတယ်။ မွေးတာ၊ မင်္ဂလာဆောင်တာ၊ အလှူလုပ်တာ၊ ကွာရှင်းတာ၊ အမွေဖြတ်တာ၊ ရောင်း/ဝယ်တာ၊ ဝန်ဆောင်တာ၊ လူအရှင်ပျောက်တာကနေ သေလို့ လူ့လောကက အပြီးတိုင်ပျောက်သွားတာအထိ အကုန်ပါမယ်။ နာရေးကြော်ငြာဆိုတာ၊ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီး၊ သူမရှိတော့ပြီဖြစ်ကြောင်း ဆွေမျိုးမိတ်ဆွေ အပေါင်းကို အသိပေး အကြောင်းကြားခြင်းအနေနဲ့ပေါ့။ မွေးသည်မှ သေသည်အထိ ကြော်ငြာတွေက ကပ်ညိနေတုန်းပါပဲ။
လူနဲ့ကြော်ငြာရဲ့ ပတ်သက်နေရမှုဟာ ကမ္ဘတည်သရွေ့သွားနေရမှာလား။
Thusday,September 28, 2023 at 1:04PM