“ချစ်သော သရပါ”
*******
သရပါကို ချစ်သည်။
ပုဂံမရောက်ဖူးမီ၊ ပုဂံမြေ ခြေမချမိခင်ကတည်းက မြို့ဝင်တံခါး သရပါ က ကျွန်တော့်ကို ဖမ်းစားထားနှင့်သည်။
သရပါကို နေ့နေ့ ညည ဓာတ်ပုံရိုက်ဖူးသည်။
နွေလယ်ခေါင်နေပြင်းပြင်းအောက် ခြောက်သယောင်းနေသော သရပါ။
မိုးကြီးရေတိုး ရေစီးရေလျှံနေသော သရပါ။
နေရောင်ကြောင့် ကျွမ်းလုလု လင်းထိန်နေသော သရပါ။
သန်းကောင်ယံ အမှောင်ထုအောက်တွင် ငိုက်မြည်းနေသော သရပါ။
မိုးရေအောက် ရောင်ပြန်တောက်ပနေသော သရပါ … စသဖြင့် အမယ်စုံလှသည်။
လူ၊ ဆိုင်ကယ်၊ ကား၊ မြင်းလှည်း အဝင်အထွက်များလွန်းသောကြောင့် အထီးထီးသရပါပုံ တစ်ပုံရဖို့ တခါတလေ နာရီနဲ့ချီစောင့်ရသည်က ကျွန်တော့်အတွက် အမှတ်တရ။
ခု ကိုရင်သာချို၏ (တစ်ပိုင်းတစ်စ ကန္တာရထဲက ယွန်းနံ့စွဲနေတဲ့ စာမျက်နှာများ) စာအုပ်ပါ “မင်းမဟာဂီရိ စောင့်တဲ့ တံခါး” ဆောင်းပါး ဖတ်ရသောအခါ ‘သရပါ’ကို အလွမ်းပိုရသည်။
ကျွန်တော် ပုဂံမရောက်တာကြာပြီ။
ခုတော့ စိတ်ဖြင့်၊ အတွေးဖြင့်၊ မှတ်ဉာဏ်ထဲက ဖန်တီးထားသော အတိတ်ခရီးဖြင့် ပုဂံဆီခရီးနှင်နေမိပြန်သည်။
***********
သရပါတံခါးကို ခရစ် (၉)ရာစုက ပျဉ်ပြားမင်း အေဒီ (၈၄၆-၈၇၈) လက်ထက်တွင် တည်ဆောက်ခဲ့သည်။
သရပါ ဟူသော အမည်သည် “မြားကို ဆီးကာသော တံခါး” ဟု အဓိပ္ပာယ်ရသည်ဟုဆိုသည်။
သရပါ တံခါး၏ ဘေးတစ်ဘက်တစ်ချက်တွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာ နှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။
လယ်တွင်းကိုးခရိုင်တွင် ဆည်မြောင်း ကန်ချောင်း တူးဖေါ်နေသော အနော်ရထာက ကျွဲရိုင်းသောင်းကျန်းနေသော သတင်းရ၍ ပုဂံသို့ ပြန်သည်။ လမ်းတွင် ထိုကျွဲရိုင်းနှင့် ပက်ပင်းတွေ့၏။ ထိုသောအခါ ဆင်ဖြူတော် ‘သံပြင်စွာ’ကို ချွန်းဖွင့်၍ ကျွဲရိုင်းထံ အပြင်းနှင်၏။ ထိုအခိုက် ကျွဲရိုင်းက ဆင်တော်ထက်က ဘုရင်မင်းကြီးကို လှမ်းခတ်သည်တွင် ဘုရင်အနော်ရထာသည် နတ်ရွာစံ ကံတော်ကုန်ရလေသည်။ သရပါ တံခါးဝအတွင်း ဝင်ပြီးကာမှ ပြည်သူကိုရန်ပြုနေသည့် ကျွဲရိုင်းကို နှိမ်နှင်းသတ်ဖြတ်လိုသောကြောင့် ကံတော်ကုန်ရရှာလေသည်။
ဤကား သမိုင်းဟု တံဆိပ်ကပ်ထားသည့် ပုဂံပုံပြင်ဒဏ္ဍာရီလာ ဇာတ်လမ်းဖြစ်သည်။ (ဘုရင်ကို ဂုဏ်တင်ချင်၍ ဒရာမာချိုးထားသော ဇာတ် ဟုတ်မဟုတ်ကိုမူ မည်သူမျှ အခိုင်အမာ မပြောနိုင်ကြ)
နဂိုက ပုဂံမြို့ရိုးတွင် တံခါးပေါက် တဆယ့်နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရှိနေတော့သည်။ တံခါးသည် ဟောင်းမြင်းယိုယွင်းနေသော်လည်း အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဘီလူးပန်းဆွဲနှင့် ပုလဲကုံး အင်္ဂတေလက်ရာများကို မြင်နိုင်ပေသည်။ တံခါးတစ်ဖက်ချက်တွင် မဟာဂီရိနတ်မောင်နှမ၏နတ်ကွန်း ရှိသည်။ လက်ဝဲဘက်တွင် မောင်တော်နတ်ရုပ်ရှိ၍ လက်ယာဘက်တွင် နှမတော်နတ်ရုပ် ရှိသည်။ သေဉ်လည်ကြောင်မင်း စသော ရှေးပုဂံမင်းများသည် အမတ်ဗိုလ်ပါနှင့်အတူ နှစ်စဉ် နတ်တော်လတွင် ပုပ္ပားတောင်၌ နတ်မောင်နှမ နတ်ကွန်းဆောက်လုပ် ပူဇော်လေ့ရှိသည်ဟု ဆိုကြလေသည်။ တဖန် သရပါတံခါးကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမပင် ဖြစ်သည်ဟုလည်း ဆိုကြသည်။
ထို့ကြောင့် ‘သရပါ’ သည် ယနေ့ခေတ်ထိ ထိန်းသိမ်းစောင့်ရှောက်ရမည့် ယဉ်ကျေးမှု တန်ဖိုးများ ရှိနေသည်ကတော့ အမှန်ဖြစ်၏။
‘သရပါ’ကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမဆိုသောကြောင့် သူတို့အကြောင်း အတွေးပျံ့သွားသည်။
တကောင်းမြို့က ပန်းပဲဆရာကြီး ဦးတင့်၏သား ‘မောင်တင့်တယ်’။ နှမ ‘ရှင်မြတ်လှ’တို့သည် ထိုဇာတ်၏ အဓိက ဇာတ်ကောင်များဖြစ် တော့သည်။
ခွန်အားကြီးလှသော မောင်တင့်တယ်၏ အစွမ်းကြောင့် သူ့အာဏာကို ထိပါးမည်စိုးသော တကောင်းဘုရင်က ဖမ်းပြီး စံကားစိမ်းပင်တွင် ချည်ကာ ဖိုကျင်ထိုး၍ မီးရှို့သတ်သည်။ မောင်တင့်တယ်ကို ဖမ်းနိုင်ဖို့ သူ့နှမ ရှင်မြတ်လှကို အရင်တော်ကောက်ပြီးမှ နှမကတစ်ဆင့် အမတ်ရာထူးပေးမည်ဆိုကာ ဥပယ်တမည်ဖြင့် ဆင့်ခေါ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစ်ကိုဖြစ်သူ သူ့ကြောင့် သေရသည်ဆိုက နှမလည်း မီးပုံတွင်းခုန်ဆင်းသတ်သေခဲ့သည်။ အယူတိမ်း၍ နတ်စိမ်းဖြစ်သွားသော စံကားစိမ်းပင်နေ ထိုမောင်နှမက ဖမ်းစားတတ်သည် ဟူသည့်သတင်းကြောင့် တကောင်းဘုရင်က အပင်ကိုရေမျောလိုက်ရာမှာ ပုဂံတွင်သောင်တင်လာသော ပန်းပဲမောင်တင့်တယ် နတ်မောင်နှမ သည် နောင်သော အခါ ‘သရပါ’တံခါး ဘယ်ညာတွင် စောင့်ရသော “မင်းမဟာဂီရိ” နတ်ဖြစ်လာသည်ဟု ဆိုကြသည်။
ဆရာ မောင်သာချိုကတော့ ထို ပုံပြင်ဒဏ္ဍာရီကို အတည်ယူကြမည်စိုး၍ထင်သည်။ ဤစာတစ်ပိုဒ် ထည့်သွင်းရေးသားခဲ့၏။
(( .. ဆရာကြီး ဒေါက်တာသန်းထွန်းတို့လို သမိုင်းပညာရှင်တွေကတော့ အနော်ရထာမတိုင်မီ နှစ်လေးငါးခြောက်ရာအလွန်က သေဉ်လည်ကြောင်မင်းနှင့် သူ့ခေတ်နောက်ခံ မင်းမဟာဂီရိ နတ်မောင်နှမ ဇာတ်လမ်းတို့ကို ဘယ်လိုမှ ဘဝင်ကျလိမ့်မည်ဟု ကျွန်တော် မထင်မိ )) .. ဟုဖြစ်သည်။
တကယ့်သမိုင်းစစ်နှင့်ချည်နှောင်၍ ဒဏ္ဍာရီကို ဖြည်ပေးလိုက်သော ဝါကျဟု ကျွန်တော် မှတ်ယူပါသည်။
ဦးကုလား၏ “ရှင်အဇ္ဇဂေါဏ” ( The monk Master Goat- Bull.) ဇာတ်သည်လည်း သေဉ်လည်ကြောင်ခေတ်ကပင်ဖြစ်ကြောင်း အမှတ်ရ၏။
မည်သို့ဆိုစေ “မင်းမဟာဂီရိ စောင့်တဲ့ တံခါး” အက်ဆေး/ဆောင်းပါးပါ ဆရာကြီး မင်းသုဝဏ်၏ ကဗျာနှင့် မောင်သာချို့ရေးဖွဲ့မှုသည် ချစ်စရာ လွမ်းစရာ ကောင်းလှသည်မို့ သူ့အတိုင်းပြန်လည်ဖေါ်ပြလိုက်ပါသည်။
“ပုဂံမြို့ သရပါ တံခါးသို့”
……………………………………..
မြားနှင့် လွှားနှင့်၊ လှံဓားဝင့်၍
မင်းမင့်ဦးဆောင်း၊ ရန်အပေါင်းကို
နှင်မောင်းရာကား၊ သင်တံခါးတည့်။
ကျိုင်းနှင့် သိုင်းနှင့်၊ ရွှေထီးဖွင့်၍
မင်းမင့်သခင်၊ အောင်ပွဲရွှင်လျက်
ပြည်ဝင်ရာကား၊ သင်တံခါးတည့်။
ဆွမ်းနှင့်ကွမ်းနှင့်၊ ဆီမီးဆင့်၍
မင်းမင့်ခေါင်ထွတ်၊ စည်းခုံမြတ်သို့
ထွက်လတ်ရာကား၊ သင်တံခါးတည့်။
ထီးသုဉ်း နန်းသုဉ်း
မြို့သုဉ်း သုည၊ သုဉ်း သုံးဝနှင့်
ကြုံရသည့်ပြင်၊ သင့်ကိုယ်ပင်လျက်
မရွှင်ဂုဏ်ညှိုး၊ အထွက်ကျိုး၍
မုဆိုးမနှယ်၊ မျက်နှာငယ်လည်း
မဖွယ်လူ့ရွာ၊ ဖြစ်ခြင်းရာကို
ရဲစွာဆိုင်လျက်၊ တည်ငြိမ်သက်သော်
တက်သည်မိုးမျှ၊ ငါ့မာနလည်း
လျောကျမြေဆီ၊ လက်အုပ်ချီသည်
ခန္တီဝင်စား၊ ရှင်တံခါးတည့်။ ။
မင်းသုဝဏ် (ငွေတာရီမဂ္ဂဇင်း၊ ဩဂုတ် ၁၉၆၀)
ဆရာမင်းသုဝဏ်၏ ဓမ္မနှင့် ယှဉ်သောကဗျာ၊ သည် သရပါ တံခါးမှထွက်ကာ ပုဂံ၏ အန္တရာယ်ကို ကာကွယ်ခဲ့ကြ၊ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ကြ၊ ရွှေစည်းခုံ ဘုရားဖူးဖို့ရာ ဘုရင်အဆက်ဆက် သည်တံခါးမှ ထွက်ခဲ့ကြ၊ ပျက်ချိန်တန်တော့လည်း ပုဂံနိုင်ငံတော် ပျက်သုဉ်းသွားခဲ့ရ၊ ဒါတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားခဲ့သည့် တံခါး သရပါ။ အခု မှန်ကင်း၊ အခုထင်း လောက၏ မာယာကို နားလည်စွာဖြင့် မာနလွင့်စင်ခဲ့သော ဆရာ မင်းသုဝဏ်။
*************
သရပါ ငြိမ်းချမ်းပါစေ
ပုဂံ ငြိမ်းချမ်းပါစေ
မြန်မာပြည် ငြိမ်းချမ်းပါစေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ငအအ
Friday, August 30, 2024 at 8:39 AM