ဂုတ်ထိပ်တံတား ဟာ မန္တလေး-လားရှိုး ရထားလမ်းပေါ်က တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် (၇)မိုင်အကွာမှာ တည်ရှိတယ်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တယ်။ ၁၉၀၃ ခုနှစ်ရောက်မှ စ, အသုံးပြုနိုင်တယ်။ (တည်ဆောက်ချိန် တစ်နှစ်ပဲ ကြာတာနော်/ ဖွင့်ဖို့ ပြင်ဆင်ချိန်ကို သုံးနှစ်ယူထားတာ)
ဂုတ်တွင်းလို့ခေါ်တဲ့ ဒေသကြီးရှိ ပေ (၃၀၀)ကျော် မတ်စောက်လှတဲ့ လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားတာပေါ့။
ဂုတ်တွင်းကြီးထိပ်မှာ သွားဆောက်ထားလို့ “ဂုတ်ထိပ်တံတား “ခေါ်တာ။ ရှမ်းဘာသာနဲ့ “ငုပ်ထိပ်” လို့ ခေါ်ရာကနေ “ဂုတ်ထိပ်” ဖြစ်လာတယ်လို့လည်း အဆိုရှိပြန်ရော။
ဂုတ်ထိပ်တံတားကြီး အရှည်ဟာ (၂၂၆၀)ပေ ရှိတယ်။ တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေးရဲ့ ရေမျက်နှာပြင်ကနေ တိုင်းတာလျှင် ပေပေါင်း (၁၁၀၀)မြင့်တယ်။ တံတားကို ဆောက်လုပ်ရာမှာ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း(၁ဝဝဝဝဝဝ)ကို သုံးစွဲရတယ်လို့ မှတ်တမ်းတင်ထားတယ်။ ပေ (၁၂၀)ရှည်တဲ့ အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်တဲ့ အလျားကူး သံဘောင်ကြီး ၁၆-ခုတို့နဲ့ သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်မှာ ခဲရာခဲဆစ် တည်ဆောက်ထားတာ။
စိတ်ဝင်စားရင် သွားလည် သွားကြည့်ကြပေါ့။