ဆရာကြီးဖိုးနိုင်လင်း ငယ်ဘဝ

ငါ မင်းကို ဘယ်တော့မှ ပြောရတော့မှာမဟုတ်ဖူးလို့တောင် ထင်မိခဲ့တဲ့ စကားတစ်ခွန်းကို ခဲခဲခက်ခက် လေးလေးနက်နက် ပြောထွက်မိပြီးတဲ့ နောက်မတော့ ချစ်သူဆီကအဖြေပြန်ရလို့ ပျော်မိတဲ့ ပီတိအဟုန်ကြောင့် ဆံဖျားကအစ ခြေသည်းအဆုံး တစ်ကိုယ်လုံး သိမ့်သိမ့်တုန်ခဲ့မိတယ်။

ဒီထက်ပိုပြီး ဘာကိုမှ မျှော်လင့်မထားကြဘဲ ပိုင်ဆိုင်လိုမှုကိုလည်း မေ့ထား၊ အတိတ်နဲ့အနာဂတ်တွေကိုပါ မဖွေရှာတဲ့ အသေအချာ ချစ်ကြသူနှစ်ယောက်ကို ငါတို့ရဲ့ မြေကမ္ဘာကပါ ရေရေရာရာ ကောင်းချီးပေးလိမ့်မယ်ထင်ရဲ့။

စတွေ့မိလိုက်ကတည်းက ဝေ့လည်လည်မဖြစ်ခဲ့ဘဲ သီးသီးသန့်သန့် ခန့်ခန့်ငြားငြား ဆန်းဆန်းပြားပြား ခမ်းခမ်းနားနား ချစ်မိတဲ့ အချစ်ဟာ ပုလင်းဝကို လက်မနဲ့ပိတ်ပြီး အပြင်းအထန်လှုပ်ထားတဲ့ ရှန်ပိန်ပုလင်းလို ပွင့်ထွက်ချင်နေခဲ့တာ ကြာလှပေါ့။

ဒိုင်မေးရှင်းလေးခုထက်ပိုတဲ့ ဘက်ပေါင်းစုံက ဘောင်တွေသာမက လေကန်ဝေဖန်လိုသူတစ်ချို့ကြောင့်သာ ပုလင်းဝက လက်ကို မဖွင့်မိပေမယ့် ပုလင်းကိုတော့ အမြဲမပြတ် ကွဲမတတ်ကို ဆက်လှုပ်နေမိခဲ့တယ်။

လှုပ်နေတာကိုရပ်ဖို့ စိတ်ကူးမိပေမယ့် ရပ်ချင်စိတ်ကို မရပ်ချင်စိတ်က မရပ်မနားနဲ့ သေနတ်များပစ်သလို တရစပ် အနိုင်ယူခဲ့လေရဲ့။

တစ်နေ့သ၌၊ ညင်သာနုယွ ယုယတဲ့လက်ကလေးတစ်စုံက ပုလင်းဝမှာ ပိတ်ထားတဲ့ လက်မကို ညင်သာဖွဖွ လာကြွတဲ့အခိုက် ၊ အဲဒီအခိုက် .. အဲဒီအခိုက်.. အဲဒီအခိုက်မှာလေ၊ ပုလင်းဝကနေ ရှူးခနဲတရှိန်ထိုး ထိုးထွက်လာလိုက်တဲ့ ကြယ်အမှုန်အမွှားတွေဟာ ဩကာသလောကကြီးကိုသာမက ငါတို့နှစ်ယောက်စလုံးရဲ့ ရင်ထဲကိုပါ ထွင်းဖေါက်ဝင်ရောက်ပြီး လင်းလက်ဝင်းထွက်နေသမို့ ၊ တို့နှစ်ယောက်စလုံးဟာလည်း နတ်ဒေဝတာတွေအလား အထင်မှားလောက်စရာ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေကြပြီး ငါတို့ရဲ့ ပီတိအဟုန်တွေကြောင့် ခြေဖဝါးအောက်က သီလာပုံသုမြေအထုတောင် အိုးထိန်းစက်ပမာ သွက်သွက်ခါသွားလိုက်တာ ငါတို့နှစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားလှစွာသော ချစ်တင်းဆိုပွဲ မပြီးမချင်းပေါ့ ..။ ။

ဘာတုန်း!!

ဒီအဖိုးကြီး ဒီအချိန်ကြီး ရဲဇားစာ ထရေးနေတယ် ထင်ကြသမို့လား။

အဲ့သဟာ ဆရာကြီးဖိုးနိုင်လင်း ငယ်ဘဝ (၁၇-၀၄-၂၀၀၉) တုန်းက ရေးထားတဲ့ ရဲဇားစာ (အဲဟုတ်ဖူး) ကဗျာ။ မယုံဓာတ်ပုံကြည့်ကြ။ သူ့ဘဝမှာ ဒီတစ်ပုဒ်ပဲ ရေးဖူးသတဲ့။ အဲ့ဒါရေးတုန်းက ဘယ့်ကလောက်များ ရင်ခုန်နေရှာမလဲ တွေးသာကြည့်။

ဒေါင်လိုက်ဖြန့်ချထားတဲ့ သူ့ကဗျာကို အလျားလိုက် စီလိုက်တော့ လုလုအောင်ဆီ ပို့တဲ့ သဝဏ်လွှာလိုလို ဘာလိုလိုဖြစ်သွားတော့တာပါပဲ။ ပြောသာပြောရ စိတ်ကူးနဲ့သာ မှန်းဆ နှိုင်းကြည့်ရတာ အဲ့တုန်းက လုလုတောင် အပျိုဖြစ်မဖြစ် မသေချာလှပေမယ့် ဆရာဟက်ကာ နှလုံးနုနုလေးကဖြင့် ဥအက်နုနက်နေတာသေချာတယ်။

Visited 15 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *