(ဒုတိယပိုင်း)
သူဆုံးတဲ့နေ့က သူ့တပည့်မ ‘ခက်မာ’ ရယ်
သူ့ရဲဘော် ကိုမျိုးထွန်း(နိုင်ကျဉ်း/ ကဗျာဆရာ/တေးရေးခွန်ဆိုင်း) ရယ်
သူ့သတင်း ကြားရလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ချက်တင်( Chatting)ပြောထားတဲ့ မှတ်တမ်းလေးကို ခုလို တွေ့ရပါတယ်။
ခက်မာ။ ။ ရင်ထဲမှာတောင် ဆို့လာတယ်။ ကျွန်မ အချစ်ဆုံးဆရာ။ ကျွန်မစာရေးဆရာဖြစ်လာတာ ဆရာ့လွှမ်းမိုးမှုအများဆုံးပါ ပါတယ်။
ခွန်ဆိုင်း။ ။ ဟုတ်ပါတယ်၊ သူက ကျောင်းသားခေါင်းဆောင်၊ သပိတ်ခေါင်းဆောင်ပေမယ့်၊ စိတ်ထားနူးညံ့တယ်။ ကျွန်တော်တို့လို ညစ်တာ၊ ကြမ်းတမ်းတာ မရှိဘူး။ တခါတလေတောင် မကြမ်းတမ်းတတ်ဘူး။
*****
မောင်မောင်ဇေယျ (နိုင်ကျဉ်း/ပန်းချီဆရာ/ဂျာနယ်လစ်)
သူနဲ့ ကျနော်က သေးသောက်ရဲဘော်တွေပါ။ အစာငတ်ခံ ဆန္ဒပြလို့ စစ်ခွေးတိုက်ရောက်ခဲ့ကြတယ်။ အဲဒီမှာ သောက်ရေ အဖြတ်ခံ ရတယ်။ ကျနော်တို့ ကိုယ်သေးကိုယ်သောက်ပြီး အစာငတ်ခံဆန္ဒပြပွဲကို ဆက်လုပ်ခဲ့ကြတယ်။ အဲဒီအကြောင်းကို ကဗျာချစ်သူများ နေ့ဆောင်းပါးရေးဖြစ်ပါတယ်။
*****
မြတ်ခိုင် (နိုင်ကျဉ်း/အယ်ဒီတာ/စာရေးဆရာ/သတင်းစာဆရာ/ဂျာနယ်လစ်)
အဖမ်းခံရတော့ထောက်လှမ်း၇မှာအတူတူ အင်းစိန်ပို့တော့လည်းအချုပ်ကားတစီးထဲ၊ ၂၃ရက်ညမှာ ကျောင်းတွေအဆောင်တွေ လိုက်စည်းရုံးတော့လည်းအတူတူ။ တရပ်ကွက်တည်းသားတွေလေ၊ တဥက္ကလာပ ၁၃ရပ်ကွက်ကပေါ့။
နောက်ဆုံးတွေ့ဖြစ်ကြတုန်းကတော့ ဒီလိုပြောသွားခဲ့တယ်။
“မြတ်ခိုင်ကြီး
ကိုယ့်ရဲဘော်တွေ ကျန်းမာဖို့အရေးကြီးတယ် ကိုယ်လည်းကျန်းမာအောင်နေတယ်”
*****
ဝင်းမြင့်ဦး (တရားစခန်းဝင်ဘက်/ပန်းချီဆရာ/ ဂရပ်ဖစ်ဒီဇိုင်နာ)
ကျနော်နဲ့ စတွေ့တဲ့ ၂၀၁၃ ကနေ ဆုံးသွားတဲ့ အချိန်ထိ ဓမ္မအလုပ်ပဲ ဆက်တိုက်လုပ်ခဲ့တယ်။ ဆက်တိုက် ဓမ္မပဲ။ နှစ်စဉ် တနှစ်တခါ
၁၀ရက်စခန်းဝင်ခဲ့တယ်။ ကြားထဲမှာလည်း အားရင်အားသလို ဝင်ခဲ့တယ်။ ရက်ရှည်တရားပတ်လည်းဝင်ခဲ့တယ်။ sundayတိုင်း group sitting လည်း မပျက်ခဲ့ဘူး။ အနေအထိုင်ကျစ်လစ်တယ်။ သူလုပ်ခဲ့တယ်လို့မထင်ရဘူး။ သာမန်လူတယောက်လို့ပဲ။ fb မှာတွေ့မှ သူ့အရင်က ကြောင်းသိရတာ။ စကားနဲတယ်။ ရိုးသားတယ်။ မာန် မရှိဘူး။ အေးဆေးတယ်။ မေးမှ ပြောတယ်။ အပိုမပြောဘူး။
သူမသေခင် တပတ်လောက်မှာ သူနဲ့ လဘက်ရည်ဆိုင်ထိုင်တော့
” နေကောင်းလား” မေးတော့ ..၊ ကောင်းတယ်။ နည်းနည်းမူးတယ်။ ရင်ဘက်က တခါတခါနာတယ်”
ဒီလောက်ပဲပြောတာ။ ဝေဒနာ ခံစားနေတဲ့ပုံမပေါက်ဘူး တရားအရာမှာ အဆင့်တခုခုရောက်သွားပြီလို့ ထင်တယ်။
…….
ညိမ်းဝင်း(နိုင်ကျဉ်း/ နိုင်ငံရေးသမား)
ကျွန်တော်က ဗိုလ်လင်းနဲ့ အင်းစိန်တောရမှာ အတူမနေခဲ့ရဘူး။ အပြင်ထွက်လာမှ တွေ့ဖြစ်ကြတာ။ စာပေးစာယူ အတူတူ တက်ဖြစ်ကြတော့မှ ပိုနီးစပ်သွားတာ။
မှတ်မှတ်ရရ ပြောစရာဆိုလို့ အနီးကပ်သင်တန်းများတက်နေတုန်း။ ဘွဲ့နှင်းသဘင်ရှေ့ အဝိုင်းလေးနား၊ မတ်တပ်ရပ် စကားပြောနေတုန်းပေါ့၊ သူဘာစဉ်းစားမိသွားသလဲမဆိုနိုင်ဘူး။ ဒီလိုပြောသဗျ။ “ အေးဗျာ … အရင်တုန်းကတော့ ဒီနေရာမှာ ပညာရေးစနစ် က ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ လာအော်ခဲ့ကြပြီး၊ အခုတော့ ဒီနေရာကိုပဲ ကုပ်ချောင်းချောင်းနဲ့ ပြန်ရောက်လာကြတယ်။ ဘွဲ့နှင်းသဘင်ကြီးသာ စကားပြောတတ်ရင် ဘာပြောမလဲ မသိဘူးဗျ” .. တဲ့။
ကျွန်တော်လည်း သူပြောတာက ဟုတ်နေလေတော့ ဘာမှပြန်မပြောနိုင်ပဲ ရယ်ကြဲကြဲသာ လုပ်နေရတော့တယ်။
သူနဲ့ကျွန်တော်က အစိုးရအလုပ်တွေမဖြေခင်မှာ တွဲဘက်ကျောင်းဆရာလုပ်ခဲ့ကြရတာချင်းလဲတူတယ်။ နောက်တော့ သူက မိုးလေဝသမှာ အလုပ်ရသွားတယ်။ သူ့ရာထူးက တိုင်းတာရေးမှူးကလေးတဲ့။ ဘိုလို အတိုကောက်ဆိုရင်တော့ (JO) ပေါ့။ သူလုပ်ရတာက အတော်ထူးဆန်းတယ်။ အခု သံလျင်တံတားကြီးဆောက်ထားတဲ့နေရာမှာ ရေနမူနာ ယူတာ၊ ရေးစီးနှုန်းတိုင်းတာတွေလုပ်ရတဲ့အလုပ်လေ။ ညဘက်ကြီးတွေမှာ လှေကလေးတစ်စင်းနဲ့ သွားသွားလုပ်ရရှာတာ။ ကျွန်တော်က “ခင်ဗျားရေကူးတတ်လို့လား” မေးတော့၊ “ဘယ်ကူးတတ်မလဲဗျ” လို့ ပြန်ဖြေတယ်။ တကယ့် သက်စွန့်ဆံဖျားအလုပ်ပဲ။
အဲတော့ ကျွန်တော်က ကိုယ့်လူတွေကို ဒီလိုပြန်မှာရတယ်။
“ ရဲဘော်များ သံလျင်တံတားကိုများ ဖြတ်မိကြရင် ဗိုလ်လင်းကို သတိရပေးကြပါဟ။ ဒီနေရာမြစ်လယ်ခေါင်ကြီးမှာ ရေမကူးတတ်တဲ့ ဗိုလ်လင်းတစ်ယောက် လှေငယ်လေးတစ်စီးနဲ့ ညကြီးသန်းခေါင် ရေစီးနှုန်းတိုင်းနေခဲ့တဲ့ အဖြစ်ကို အမှတ်ရပေးကြပါ” လို့။
နောက် . . ကျွန်တော်အဝေးရောက်သွားတော့ အားလုံးနဲ့ အဆက်ပြတ်သွားတယ်။ နောင် နှစ်တွေအတော်ကြီးကြာ (၂၀၀၀ခုနှစ် ကျော်လောက်ရောက်) မှ အင်တာနက်ကျေးဇူးနဲ့ အဆက်အသွယ် ပြန်ရတယ်။ အဒီအချိန်မှာတော့ သူက ကိုယ်ပိုင်အလုပ်နဲ့ ဖြစ်နေပါပြီ။ နိုင်ငံခြားကို ပဲမျိုးစုံတင်ပို့တဲ့ လုပ်ငန်းထင်တယ်။
သူဆုံးပြီလို့ ရုတ်တရက် ကြားလိုက်ရတော့ အတော်စိတ်ထိခိုက်သွားတယ်။
ဗိုလ်လင်းကို ဒီစာတိုလေးနဲ့ အမှတ်တရ ဂုဏ်ပြုလိုက်ပါရဲ့ဗျာ။
*****
သိန်းသန်းဦး (တာကောဒီ)။ နိုင်ကျဉ်း/ ကဗျာဆရာ၊ စာရေးဆရာ၊ တရားလွှတ်တော်ရှေ့နေ)
ကိုသန်းလင်းဆိုလိုက်တာနဲ့ ၃ချက်သတိရ..
၁-ကျောင်းသားဆို:/ဆံရှည်ကဗျာဆရာ စက်မှုကျောင်းသား ၃ယောက်..
၂-ကြွေနေတဲ့ကောင်မလေးကို ..အသည်းပုံအကန့်တွေနဲ့ဗူးဝိုင်းလေးထဲမှာ.. ဒါကမျက်ရည်ကျရင်သုတ်ဘို့လက်ကိုင်ပုဝါ၊ ဒါကအညည်းပြေ စားဘို့ချိုချဉ်၊ ဒါကခေါင်းကိုက်ရင်သောက်ဖို့ အေပီစီဆေးပြား၊ ဒါကအအေးမိရင်လိမ်းဖို့ ကျားဘမ်းပရုပ်ဆီဘူးသေး၊ ဒါကချစ်သူဖတ်ဖို့ ကဗျာ..ဆိုပြီးLove box ပေးတာ..
၃..ငဗစ်ဖြစ်လုဆဲဆဲရန်ကုန်မှာ စာအုပ်ထုပ်တွေပိုက်ပြီးကားစောင့်နေတဲ့သူ့ကို ပန်းဆိုးတန်းကုန်းကျော်အဆင်းမှာ ကိုယ်က ကားပေါ်က လှမ်းတွေ့လိုက်မိ..လှမ်းနှုတ်မဆက်ဖြစ်ခဲ့ အဲဒါနောက်ဆုံးတွေ့ခြင်းပါပဲ။
*****
သူ့ရဲဘော်တွေက သူ့အကြောင်း အမှတ်တရရှိနေကြ၊ ရေး/ပြောနေကြသလို သူကလည်း သူ့ရဲဘော်တစ်ယောက်ရဲ့ အသက်(၆၀) မွေးနေ့(ထင်ပါရဲ့) အတွက် အမှတ်တရ ကဗျာလေးရေးပေးခဲ့ဖူးတာ၊ ‘မာယာအွန်လိုင်းမဂ္ဂဇင်း” မှာ ခုလို ဖတ်ခဲ့ရသေးတယ်။ သူရေးပေးတဲ့ မွေးနေ့ရှင်က ကိုအေးဝင်း(လမင်းတရာ) (RIT) (နိုင်ကျဉ်း/ စာရေးဆရာ ၊ အယ်ဒီတာ၊ ထုတ်ဝေသူ / ချင်းမိုင်)ပါ။ သူ့ကဗျာက …
“လမင်းတရာသို့”
ပြန်ဆုံပါ့မလား မမျှော်ရဲတဲ့ မရေရာမူတွေကြား
ခင်ဗျား/ကျနော် ဆံဖြူသွားကျိုးခဲ့
လက်ချင်းဆုပ် မနူတ်ဆက်နိုင်ပေမဲ့
သွေးကြောတွေထဲမှာ ခင်ဗျားအရှင်လတ်လတ်
စာရွက်နဲ့အသံတွေကြားက
ပုန်းရှောင်မသွားပါနဲ့
ခင်ဗျားအပြုံးတွေကြောင့်
သက္ကရာဇ်တွေ ပွင့်စေချင်သေးတယ်။ ။
(ရဲဘော်ရဲ့ မွေးနေ့လက်ဆောင်)
ဘုန်းနွယ်လင်း
Friday, May 18, 2018
တကယ်လည်း သူတို့ရဲဘော်နှစ်ယောက် ပြန်မဆုံနိုင်ခဲ့ကြပါဘူး။ မြန်မာပြည် ပြန်မဝင်လာတော့တဲ့ ကိုအေးဝင်းက သူ့အငြိမ်းစား ဘဝကို ချင်းမိုင်မှာ တိတ်တဆိပ်ဖြတ်သန်းနေတုန်းမှာပဲ ကိုသန်းလင်းဟာ မဆုံးနိုင်တဲ့ သံသရာခရီးရှည်ကို ထွက်ခွာသွားခဲ့ပါပြီ။
*****
ဗိုလ်လင်းအကြောင်း ခုလောက်ဖတ်လိုက်မိရင်တောင် နူးညံ့မှုနဲ့ မာကျောမှုကို ယှဉ်လျက်ဖွဲ့တည်ထားတဲ့ သူ့ပုံရိပ်ကို ရေးရေး ဖြစ်စေ မြင်နေရပါလိမ့်မယ်။
ကိုယ့်ကျင်ငယ်ရေ ကိုယ်ပြန်သောက်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အလံမလှဲစိတ်ဓာတ်မာကျောကျောအခွံအောက်က နူးညံ့လှတဲ့ သူ့နှလုံးသားထဲမှာ တရားဓမ္မကို နက်နက်ရှိုင်းရှိုင်းထည့်သွင်း ပူဇော်သွားတာကတော့ အံ့ဖွယ်ပါပဲ။
ခုတော့ ရဲဘော်ကြီး တဘဝစာ အနားရသွားခဲ့ပါပြီ။
ဓမ္မအသိ၊ ဓမ္မသတိနဲ့ ကျင့်ကြံအားထုတ်ခဲ့သူမို့ ငြိမ်းချမ်းစွာရှိနေလိမ့်မယ်လို့ ယုံပါတယ်။
Friday, November 3, 2023 at 2:17 PM