နူးညံ့တဲ့ နှလုံးသားကို မာကျောတဲ့ အခွံနဲ့ဖုံးအုပ်ထားသူ

မတ်လရဲ့ ပန်းပွင့်များ

တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို

မီးလောင်တိုက် သွင်းတဲ့အခါ

ကျွန်တော်ချစ်တဲ့ လွယ်အိပ်ကလေးဟာ

အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့။

အလျားလေးလှမ်းခွဲ အနံလေးလှမ်း

အလုံပိတ်တိုက်ခန်းထဲမှာ

လုံးတီးဆန် ပဲဟင်းစားရင်း

အားလုံးအပေါ်သစ္စာရှိခဲ့တယ်။

အကျဉ်းသားအမှတ် ၄၅၅၅

ရက်စက်မှုများကျော်လွှား

နေ့ရက်များစွာ မှတ်ကျောက်တင်ခံခဲ့ပေါ့။

အမှောင်ခေတ်မှာ

ထောင်ဆိုတာ

သူရဲကောင်း ပြတိုက်ဖြစ်တယ်။

မျက်ရည်မကျပါနဲ့

ပြုံးပြလိုက်ပါ အချစ်ရေ

ကြည်လင်တဲ့ကောင်းကင်အောက်က

တိမ်ပြာပြာနေ့တစ်နေ့

တို့ ပြန်လည်ဆုံတွေ့ကြမယ်

လောလောဆယ်မှာတော့

အနာဂတ်ဘုရားအတွက်

ခန္ဓာကိုယ် တံတားထိုး

ရိုကျိုးပူဇော်ခဲ့ပါပြီ။

(၁၉၇၆)

ဘုန်းနွယ်လင်း(စက်မှုတက္ကသိုလ်)

*****

“ အနာဂတ်ဘုရားအတွက်

ခန္ဓာကိုယ် တံတားထိုး

ရိုကျိုးပူဇော်ခဲ့ပါပြီ “

ဒီကဗျာပိုဒ်ဟာ ခေါင်းထဲကို သံမှိုနက်နက်စွဲလိုက်သလို စိုက်ဝင်လာခဲ့တယ်။

ဒီကဗျာပိုဒ်လေးဟာ၊ ခံစားမှုထဲမှာ ..၊ မှတ်ဉာဏ်ထဲမှာ တိုးတိုးကနေ ကျယ်လာလိုက်၊ ကျယ်နေရာကနေ တိုးလျသွားလိုက်။ အကြိမ်ကြိမ်အထပ်ထပ်ဖြစ်နေခဲ့တယ်။

အဲ့ဒီတုန်းက ကိုသန်းလင်းဟာ ကျွန်တော်တို့ သပိတ်ရဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက တစ်ယောက်မှန်းသိပေမယ့် လူကို မမြင်တွေ့ဖူးသေးဘူး။ လူကို မသိခင် သူ့ကဗျာ’မတ်လရဲ့ ပန်းပွင့်’ များကို အလျင်ကို သိခဲ့ရတယ်။ သူ့လိုပဲ လူကို မမြင်ဖူးခင် “ဒီဇင်ဘာ တမ်းချင်း” ကဗျာရွတ်သံကို စကြားဖူးခဲ့ရတာလည်း မှိုင်းရာပြည့်ခေါင်းဆောင် ကိုမှိုင်းဆီကပဲ။ ကိုမှိုင်းက မာန်ပါလှတဲ့ အသံဩဇာနဲ့ ကျွန်တော့်ကို ဖမ်းစားခဲ့ သလို၊ ကိုသန်းလင်းကလည်း အဲဒီကဗျာပိုဒ်နဲ့ ကျွန်တော့်ကို ညှို့ငင်ခဲ့တယ်။

သူနဲ့ ကျွန်တော် ထောင်ထဲမှာ တစ်ခန်းတည်း တစ်တိုက်တည်း တစ်ဆောင်တည်း အတူမဆုံခဲ့ရပါဘူး။ ဒီလိုပဲ နာမည်ကြားပြီး သိနေရတာပါပဲ။ အပြင်ပြန်ရောက်တော့မှ လူချင်းဆုံကြရတာကိုး။ ဒါပေမယ့် ကိုယ်တို့တွေရန်ကုန်နေတဲ့အခိုက်မှာ သူ့ဘဝကိုယ့်ဘဝ ၊ သူ့လမ်းကြောင်း ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်စီရုန်းနေကြရတော့ ခဏခဏလည်းဆုံကြဖို့ မလွယ်။ မဆုံဖြစ်။ သူက မအူပင်မြို့နယ်ထဲက မလက်တိုရွာကလေးမှာ တွဲဘက်ကျောင်းဆရာသွားလုပ်နေတဲ့အခါ၊ ကျွန်တော်တို့က ရန်ကုန်မှာ အလုပ်ပေါင်းစုံ ကျောင်းပေါင်းစုံနဲ့ ရုန်း၍ ကန်၍ ရင်ဆိုင်၍ပါပဲ။

နောက်တော့ ကိုယ်က မြောက်ဖျားကတောင်တွေပေါ်၊ တောတိုး တောင်တက် ခရီးဆက်နေချိန်မှာ သူကတော့ ရန်ကုန်မှာ ရုန်း၍ ကန်၍ ရင်ဆိုင်၍ကျန်ခဲ့ရှာတော့ ဘဝချင်းမဆုံကြဘူးပဲဆိုပါတော့။ လူချင်းမဆုံပေမယ့် ရဲဘော်ရဲဘက်သံယောဇဉ်ချင်းက ခိုင်တော့ သွေးမဝေးခဲ့ကြဘူး။ ရန်ကုန်ပြန်ရောက်တော့ အလျဉ်းသင့်သလို တခါတရံပြန်ဆုံဖြစ်ကြပေမယ့် နီးနီးကပ်ကပ် လုံးလုံးထွေးထွေးဖြင့် မရှိလှဘူး။

အဲ့ဒီနေ့က မှတ်မှတ်ရရ။ ‘အာယု’ဆေးရုံမှာ ကျွန်တော့်ရောဂါကိုကုသပေးနေတဲ့ဆရာဝန်နဲ့တွေ့ရမယ့်အချိန်က နေ့လည်ပိုင်း။ မနက်မှာ လိုင်းပေါ် တက်ကြည့်တော့ သူဆုံးသွားတဲ့ သတင်းတွေ့လိုက်ရတယ်။ ဆိုင်းမဆင့် ဗုံမပါကြီးပဲ။ နေမကောင်းဖြစ်နေတယ်လို့ ဘယ်သူ့ဆီကမှလည်း သတင်းမရ။ သူဆုံးတာက ကိုယ့်ရောဂါသွားပြရမယ့် ‘အာယု’ဆေးရုံမှာပဲ။ နေ့လည် ဆေးရုံသွားမှပဲ သူ့အလောင်း ဝင်ကြည့် နှုတ်ဆက်လိုက်ဦးမယ်တွေးမိပေမည့် ကိုယ်ဆေးရုံရောက်တဲ့အချိန်မှာ သူ့ကို သယ်သွားကြပြီ။ နှစ်ယောက်သား တစ်ဘဝစာ တွေ့ခွင့်မရ လိုက်ကြတော့ မရနိုင်ကြတော့ပါ။

ခုတော့သူ့ကဗျာလေးကို ကြားယောင်ရင်း၊ သူ့အကြောင်းကို တွေးမိရင်း၊ သူ့ကောက်ကြောင်းလေး စကက်ချ်ခြစ်ချင်လာတဲ့အခါ၊ ရှင်စဉ်တုန်းက တပူးတွဲတွဲနေခွင့်မသာခဲ့တော့ ဘာရေးရမှန်းမသိ။ ဒါနဲ့ပဲ ကိုယ့်ရဲဘော်ရဲဘက်တစ်ချို့ဆီ သူနဲ့ပတ်သက်တာ တစ်ခုခုပြောပေးဖို့ မေတ္တာရပ်ရင်း သူ့စကက်ချ်ကို ခြစ်ကြည့်မိတော့ သူ့ပုံရိပ်ကို ဒီလိုတွေ့ရတော့တာပါပဲ။

*****

သူ့ရဲဘော်ကြီး ကိုတင်အေးကြူ(မောင်မှိုင်းလွင်-အင်းဝ) ရဲ့စာတွေထဲကတစ်ဆင့် ၁၉၆၉ ခုနှစ်လောက်ကတည်းက သူတို့ တွဲခဲ့ကြ တဲ့ ခြေရာလက်ရာတွေကို ခုလို တွေ့ရပါတယ်။

၁၉၆၉၊ ရန်ကုန်စက်မှုတက္ကသိုလ်ကို စရောက် တယ်ဆိုရင်ပဲ ကျွန်တော်တို့လို စာရူးကဗျာရူးတွေ အတွက် အခွင့်အလမ်းတွေက ဆီးကြိုနေပါတော့တယ်။ တစ်ပတ်တစ်ကြိမ်ထုတ်-စာကူးစက်စာ စောင်-“စက်မှုသတင်းစဉ်”၊ နှစ်လည်မဂ္ဂဇင်း”၊ နောက်- “မွန်းတည့်နေရိပ် ကဗျာဝိုင်း”၊ အနုပညာ နယ်ပယ်အသီးသီးမှာ ကျောင်းပြင်ပလောကအထိ ခရီးပေါက်နေသူတွေကိုလည်း တွေ့ဆုံရင်းနှီးခွင့် ရပါတော့တယ်။ တက္ကသိုလ်မိုးဝါ၊ မမြင့်စိုင်၊ ရင်မောင်၊ မစန္ဒာ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ပြုံး (မြေလတ်) . . . ။

အဲဒီလိုနဲ့ ကဗျာလက်တည့်စမ်းကြရင်း ရေးသူအချင်းချင်း သွေးတူမွေးတူစုမိရာက ဘုန်းနွယ်လင်းနဲ့ရင်းနှီးခဲ့ရ၊ မြေဝါ(တန့်ဆည်)၊ ခိုင်အောင် (မြို့ဟောင်း)၊ မောင်မြင့်စံ၊ မောင်ဆန်းညွန့် (ရေကျော်)တို့နဲ့ တွဲခဲ့ကြ။ နောက် ဝါသနာ တူချင်း စုပြီး ကျောင်းရှေ့ဘီပီအိုင် မှတ်တိုင်မှာ-စွယ် တော်ရိပ် စာပေအငှားဆိုင်လေး ဖွင့်ဖြစ်ခဲ့။ ဖေတော့ မောင်တော့ Best Seller တွေမတင်။ ကလေးတွေ အိပ်ထောင်ထဲက မုန့်ဖိုးကိုလုမယူ ချင်လို့ ကာတွန်း၊ ရုပ်ပြမတင်၊ တစ်ရက်ငှားခ ၁ဝ ပြား၊ ပျံ့နှံ့ရေးအဓိက။

စွယ်တော်ရိပ်မှာပဲ စုပေါင်းလေ့လာ အမြင် ချင်းဖလှယ်၊ စုပေါင်းဆွေးနွေး၊ စုပေါင်းဝေဖန်၊ စုပေါင်းစာအုပ်ထုတ်။ ကျောင်းပြင်ပ ကဗျာအုပ် စာပေအုပ်တွေနဲ့လည်း တွေ့ဆုံငြင်းခုန်၊ အဲဒီလိုနဲ့ ဘုန်းနွယ်လင်းသူငယ်ချင်း မောင်ဗေဒါ(ထနီး)နဲ့ အဆက်အသွယ်ရ။

၇၆မှိုင်းရာပြည့်သပိတ်ဖော်ခါနီးမှာ ဘုန်းနွယ်လင်းကတစ်ဆင့် မီးမောင်းသုံးစောင် နောက်ဆုံးထုတ်တွေ ကျွန်တော့်ဆီရောက်လာ လို့ ဖတ်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်ပါတယ်။ သပိတ်ပြိုကွဲ၊ ကျွန်တော်တို့ဖမ်းမိ၊ စာရွက်တွေ ဉာဏ်စွမ်းရှိသမျှ ဖျောက်ဖျက်လိုက် ပေမယ့် “မီး မောင်း ပါသွားမသွားမသေချာ။

*****

နောက်ထပ်ဖတ်လိုက်ရတာကတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ‘ခင်မို့မို့’ (ခက်မာ)ဆီက ပို့စ်လေးပါ။ သူ့စာကို ကောက်နှုတ်ကြည့်ရင် ခုလိုတွေ့ရပါမယ်။

ခက်မာ (စာရေးဆရာ/ RFA သတင်းတင်ဆက်သူ)

ကျမ အသက် ၁၂- ၁၃ နှစ်အရွယ် ၇ တန်းစာမေးပွဲဖြေအပြီး နွေတရက်မှာ ကျမနံမည်နဲ့စာတစောင် လက်ခံရရှိ ခဲ့ပါတယ်။ အဲဒီစာဟာ ကျမနံမည်နဲ့ စာတိုက်ကရောက်လာတဲ့ ပထမဦးဆုံးစာလည်းဖြစ်ပါတယ်။ မခင်မို့မို့၊ ရွာကြီးပိုင်း၊ မလက်တိုရွာ၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းလို့ ရေးထားတဲ့စာအိတ်ကလေးဟာ စာအိတ်ပေါ်က စာထည့်တဲ့ရက်နဲ့တွက်ရင် ၂ လဝန်းကျင်ကျော်မှ ကျမလက်ထဲကို ရောက်လာတာပါ။ စာအိတ်ပေါ်က လေးထောင့်ကျကျ လှပညီညာတဲ့လက်ရေးကိုမြင်လိုက်တာနဲ့ ဒီစာဟာ ကျမရဲ့ဆရာ ဦးသန်းလင်း ဆီကစာဆိုတာ ကျမ သိလိုက်ပါတယ်။ တကယ်တော့ စာဆိုတာထက် ဗလာစာရွက်နဲ့ ၄ မျက်နှာအပြည့်ရေးထားတဲ့ ကဗျာရှည်ကြီး ဖြစ်ပါတယ်။

ဆရာဦးသန်းလင်းဟာ အဲဒီစာကို လက်ခံမရရှိခင် ပြီးခဲ့တဲ့ စာသင်နှစ်တုန်းကမှ ကျမတို့ရွာက တွဲဘက်ကျောင်း ကလေးမှာ စာသင်ပေးခဲ့ပြီး နေရပ်ကိုပြန်သွားခဲ့တဲ့ ကျမတို့ဆရာပါ။ အသားညိုညို၊ အရပ်ရှည်ရှည်၊ အေးချမ်းတဲ့ အပြုံးကို နှုတ်ခမ်းမှာ အမြဲချိတ်တွယ် ထားတတ်သူပါ။ တပည့်တွေကို အော်ဟစ်ဆူပူကြိမ်းမောင်းဖို့မပြောနဲ့ ဘယ်တော့မှ လေသံမာမာနဲ့တောင် စကားမပြောတတ်သူပါ။

ဆရာဦးသန်းလင်းနဲ့ ဦးသောင်းအေးဆီကရခဲ့တာကတော့ အေးချမ်းစွာ နေထိုင်တတ်ခြင်းနဲ့ အနုပညာခံစားတတ်မှုဖြစ်ပါတယ်။

*****

….. ဆက်လက်ဖေါ်ပြပါမည်။

Visited 9 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *