နေမျိုးကိုရေးသားခြင်း

နီတိများ အကြောင်းကို တွေးမိပြီး “မင်းလက်ဖျံမှာ ဆေးမင်ကြောင်ရုပ်တွေရှိသေးလား စိုးအောင် လို့   အမေးတစ်ခွန်း  နှုတ်က ထွက်ကျသွားချိန်မှာ ဒါဟာ “ဝါကျဖြစ်သွားသော အက္ခရာများ လားလို့ ကိုယ့်ဟာကိုယ် သံသယဖြစ်မိတယ်။

             “အမြဲတမ်း တစ်ယောက်လို နေသူတစ်ယောက်ဟာ “တစ်စုံတစ်ယောက်ကို သင်ချစ်တော့မည်ဆိုလျှင်ရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်ဖွယ်တွေကို တွေးဆရင်း၊ “ကမ္ဘာကြီးကို ဒီအတိုင်းထားခဲ့ပြီး “စောင့်ပါ လို့ နာမည်ထွင်းထိုးထားတဲ့ “တစ္ဆေသင်္ဘောပေါ်တက်လိုက်သွားခဲ့တယ်။ 

            အဲဒီမှာ “မနေ့က မိုးရွာတယ် ကိုခင်အောင်အေး အမည်ရ  “ ပို့စ်မော်ဒန်ရုပ်ရှင် တစ်ကားကို သူ ကြည့်နေတယ်။

 ဒါဟာ “အမှားအယွင်းများတဲ့နေ့တစ်နေ့ဖြစ်နိုင်သလို “မင်းမဖတ်လိုက်ရတဲ့ကဗျာ တစ်ပုဒ်လည်းဖြစ်နိုင်တာပါပဲ။

            ကျောက်တုံးများကို ဟောကိန်းထုတ်ခြင်း ဟာ “တောက်တီးတောက်တဲ့ ” နိုင်ကောင်းနိုင်မယ်။ 

            ဒါဟာ “မထွန်းကားခဲ့သော ဓလေ့ထုံးစံများသာဖြစ်တယ်။ “မနက်ဖြန်ကျရင် “အတိတ်မှာနေသူဟာ “ဆေးရုံ ရဲ့  “ဖျားနာဆောင်(၃)”  ကုတင်လေးတစ်လုံးပေါ်ကနေ “လွမ်းစေတီ ကုန်းပေါ်က “စာနာခြင်းသစ်ပင် အကြောင်း တွေးကောင်းတွေးနေ နိုင်တယ်။ 

            လူတစ်ယောက်ရဲ့နေ့ရက်များ ဟာ “အားလုံးကို ရွှေနှင့်လုပ်ထားသည် အမည်ရှိ “ဂီတစိမ်း တစ်ပုဒ်တော့ ဟုတ်ဟန်မတူ။ “ဖားပြုပ် “နွားသိုး “သူခိုးဗျို့ သူခိုး ဆိုတာ  (နေမျိုး) ရေးခဲ့တဲ့ ကဗျာတွေသာဖြစ်ပါတယ်။

(ဤအရေးအသားသည်၊ နေမျိုး၏ “မြွေကြီးပါခင်ဗျား စာအုပ်မာတိကာပါ ကဗျာ၄၄ပုဒ်ခေါင်းစဉ်များကို သီဆက်ထားခြင်းဖြစ်ပါသည်။ မျက်တောင် အဖွင့်အပိတ်များ  “…” အတွင်းက စာသားများသည် ကဗျာခေါင်းစဉ်များ ဖြစ်ကြသည်။

နေမျိုးကျန်းမာရွှင်လန်းစွာ ကဗျာဆက်ရေးနိုင်ပါစေ)

ယခုဖေါ်ပြပါ “နေမျိုးကိုရေးသားခြင်း”သည်၊ ပို့စ်မော်ဒန်သမားများသုံးစွဲလေ့ရှိသည့် နည်းစနစ်များစွာထဲက၊ ကော်လက် နည်းနာ ( collage technique ) ကို အသုံးပြုဖန်တီးထားခြင်း ဖြစ်ပါသည်။

            ဤစာစုတွင်မူ “နေမျိုး” ဝတ္ထုစာအုပ် “မြွေကြီးပါခင်ဗျား”ပါ မာတိကာမှ စာခေါင်းစဉ်တစ်ခုတည်းကိုသာ ထုတ်နှုတ်သုံးစွဲထားခြင်း ဖြစ်ပါသည်။ ယခင်ဖန်တီးခဲ့ဖူးသောစာများတွင်မူ ဓာတ်ပုံများ၊ ဂီတသင်္ကေတများ၊ ဓာတုဗေဒဖေါ်မြူလာများ စသဖြင့် စာမျက်နှာပေါ်တွင် ဖေါ်ပြ၍ရနိုင်သည်များကို စုစည်းခဲ့ဖူးပါသည်။ ဤတက္ကနစ်သည် ပန်းချီ၊ ပန်းပု နယ်ပယ်တွင်လည်း ထင်ရှားပါသည်။ အသုံးပြု/ဖန်တီး/ ဖေါ်ပြလေ့ရှိကြပါသည်။

            ဘာ့ကြောင့်သုံးတာလဲဟူသော အမေးအတွက် (ကျွန်တော်တစ်ဦးတည်းအမြင်ကို) ဖေါ်ပြရလျှင် မူလအနုပညာရှင်ဖန်တီးထား သော လက်ရာပေါ်အခြေခံထားသော်လည်း မူလကပေးသော ခံစားမှုနှင့်မတူသည့် အရသာအသစ်တစ်ခုဖြစ်ပေါ်လာသည်ကို နှစ်သက် သောကြောင့် ဟု ဖြေလိုပါသည်။

                        “ပို့စ်မော်ဒန်စာရေးဆရာများသည် အစိတ်စိတ်အမွှာမွှာကွဲအက်ပြီး သတင်းအချက်အလက်များဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီး၏ ရှုပ်ထွေးမှုများကို ထင်ဟပ်ဖော်ပြရန် ကော်လာ့ဂျ်နည်းပညာကို အသုံးပြုကြသည်” ဆိုတဲ့ အယူအဆလည်းရှိပါတယ်။ 

            ( Postmodern writers often use the collage technique to reflect the complexities of a fragmented and information-saturated world. )

            “စာပေအနုပညာရှိ ကော်လာ့ဂျ်နည်းပညာဟူသည်မှာ စာရေးဆရာသည် စာသားအပိုင်းအစများ၊ ကိုးကားချက်များ၊ ရုပ်ပုံများ သို့မဟုတ် စိတ်ကူးစိတ်သန်းများကဲ့သို့ ကွဲလွဲနေသောအစိတ်အပိုင်းများကို စည်းလုံးညီညွှတ်အောင် စုစည်းပေးသည့်နည်းလမ်းတစ်ခု ဖြစ်သည်” ဟုလည်း ပြောကြပါတယ်။          

            The collage technique in literary art is a method where the writer assembles disparate elements, such as fragments of text, quotes, images, or ideas, into a cohesive whole.)

            ဤ တက္ကနစ်သည် ကမ္ဘာ့စာပေနယ်တွင်သာမက မြန်မာစာပေနယ်တွင်ပါ အသုံးပြုခဲ့ကြပြီးသား ထင်ရှားသည့် နည်းနာတစ်ခုသာ ဖြစ်ပါသည်။

            ကျွန်တော်သည် “နေမျိုး”ကို ကော်လာ့ဂျ်ကိရိယာအသုံးပြု၍ ပုံသစ်တစ်ပုံဆွဲကြည့်ရန် အားထုတ်ခြင်းမျှသာဖြစ်ပါသည်။

            အရသာသစ်တစ်ခု ရ/မရ ဆိုသည်မှာ စာဖတ်သူ၏ နှလုံးသားကို ကိုယ်တိုင်ပြန်မေးကြည့်ကြရုံသာြဖစ်ပါမည်။

ငြိမ်းအေးအိမ်

၂၀၁၅ ဇွန်လ ၂၁ရက် နံနက် (၈း၁၇)နာရီ။ နေပြည်တော်။

Visited 30 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *