Collage စာပေ ဖန်တီးမှုမှာ တွဲစပ် ဖေါ်ပြထားတဲ့ပုံတွေ ကိုယ်၌ကိုက စာသား (Text) တွေဖြစ်နေတတ်ကြပါတယ်။
သူတို့(ပုံတွေ)ဟာ စာတွေ ပိုရုပ်လုံးကြွလာစေဖို့အတွက် တန်ဆာဆင်ထားတဲ့ “သရုပ်ဖေါ်ပုံ” တွေသက်သက် မဟုတ်ကြပါဘူး။ သူတို့ (ပုံတွေ) ကိုယ်တိုင် က။ ဒီဖန်တီးမှုထဲမှာ ‘စာသား/Text” အဖြစ်နဲ့ ပါဝင်နေကြတာပါ။ သူတို့ကိုပါ “ဖတ်”ရမှာ။ ကြည့်သွားပြီး ပစ်ထား ခဲ့ရမှာမဟုတ်ဘူး။ သူနဲ့အတူတွေးပြီး မျှယူခံစားကြရမှာ။
ပို့စ်မော်ဒန်ဆရာသမားတွေဟာ စာပေကိုရေးသားဖေါ်ထုတ်ကြရာမှာ ဘာသာစကား အက္ခရာတစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတဲ့အမြင်မျိုးကနေ ဖေါက်ထွက်ဖို့ ကြိုးစားကြရင်း Collage အမျိုးအစားစာပေကို ရေးသားလာကြတယ်လို့လည်းဆိုပါတယ်။ သူတို့ တတ်နိုင်သမျှ(လုပ်နိုင်သမျှ) ပေါင်ထဲကနေ သူ့ခံစားမှု၊ သိမှုတွေကို ဖေါ်ထုတ်ပြသဖို့ ကြိုးပမ်းခြင်း၊ လုံ့လထုတ်ခြင်းပါ။ ဒါပေမယ့် စာရွက် ဆိုတဲ့ အကန့်အသတ်အောက်မှာ ဖန်တီးရတာဖြစ်လေတော့ အာရုံခြောက်ပါးစလုံးပါအောင်(ပေါ်အောင်)ဖေါ်ပြဖို့တော့ ဘယ်စွမ်းသာကြ ပါ့မလဲ။ စကားလုံးအက္ခရာတွေအပြင် သူတို့ ထည့်သွင်းတပ်ဆင်ဖို့ တတ်နိုင်တဲ့ အမြင်/အတွေး တွေကို တွဲစပ်ကြ၊ ထည့်သွင်းကြ၊ ဖေါ်ပြကြရတဲ့အမျိုးပေါ့။
ဥပမာလေး နည်းနည်းထုတ်ကြည့်ချင်တယ်။ ‘ကျွန်တော်နှင့် ပန်းပု ပတ်သက်မှုများ” ဆိုတဲ့ ဖန်တီးခြင်းမှာ၊ ပိုပိုရဲ့ “ negative space#1 1987-96,” ဆိုတဲ့ အင်စတော်လေးရှင်းလက်ရာတစ်ခုကို ဖေါ်ပြချင်တယ်။ ခုလိုဖေါ်ပြလိုက်တယ်။
ဆရာပါရဂူရဲ့ “ပန်းပုဆရာ” စာအုပ်မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့တဲ့လက်ရာ။ ဒီ အင်စတော်လေးရှင်းအကြောင်းကို စာသား အက္ခရာတွေနဲ့ ဘယ်လိုသရုပ်ဖေါ်မလဲ။ ရှင်းပြရမလဲ။ တတ်နိုင်သလောက် ကြိုးစားရှင်းပြရင်တောင် စာဖတ်နေသူရဲ့ မျက်လုံးထဲ မြင်ယောင်လာဖို့ ခက်ပါမယ်။ ဒီအခါ သူ့လက်ရာဟာ ဟောဒါပဲဗျာလို့ ချပြလိုက်တာက ပို လိုရင်းတိုရှင်းရောက်သွားမယ်ထင်ပါတယ်။ အဲ့သလို ပြလိုက်တော့ ဖန်တီးသူရဲ့ လက်ရာနဲ့ ခံစားသူကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပလက်ဖေါင်းတစ်ခုရသွားစေပါတယ်။ စကားလုံးတွေမပါဘဲ တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ နည်းလမ်းပေါ့။
***********
နောက်တစ်ခုကြည့်ရအောင်။ ကဗျာဆရာ ငုအိမ်ထက်မြက်ရဲ့ ကဗျာ။
သူ့ကဗျာက စာသားတွေနည်းနည်းကို တရုတ်လက်ရေးစာလုံးအက္ခရာတစ်ခုနဲ့ တွဲစပ်ဖန်တီးထားတယ်။ အဲ့ဒီကဗျာအကြောင်း ပြောပြချင်တယ်။ ဘယ်လိုနည်းနဲ့ ပြောကြမလဲ။
သူ့ကဗျာပါစာမျက်နှာမှာ ကဗျာခေါင်းစဉ်ရယ်လို့ တိတိပပ ဖေါ်ထုတ်ထားတာ မရှိဘူး။
ပါတဲ့စာလုံးရေ နည်းနည်းလေးက ဒီလို။
***
“မြင်နေကျ သိနေပေမယ့် ကိုယ်မှ မဖတ်တတ်တာ
‘လူ’ လို့ပဲ အသံထွက်သလား
‘ဘဝ’ လို့ပဲ အဓိပ္ပာယ်ရသလား
‘အသိဉာဏ်’ လို့ပဲ ဘာသာပြန်ရမှာလား
(( တရုတ်လက်ရေးစာလုံး))
ရွှေထည်နှင့် ငွေထည်ပစ္စည်းများသာ လက်ခံသည်။
***
သူ့ကဗျာက အဲလောက်လေးနဲ့လည်း ပြီးမသွားသေးဘူး။ စာကြောင်းတွေကို မျဉ်းတားဖျက်ထားတာတွေ၊ စာရွက်တစ်ရွက်လုံးကို ကန့်လန့်ဖြတ်ခြစ်ထားတဲ့ မျဉ်းတွေက ပါသေးတာ။ အဲဒီတော့ သူ့ကဗျာတစ်ပုဒ်လုံးကို မူရင်းအတိုင်းထည့်ကပ်၊ စပ်ဟတ်ဖေါ်ပြလိုက်တာက မြန်မြန်လိုရင်းရောက်မယ့် နည်းလို့ထင်မိတာပဲ။
***********
နောက်တစ်ခါ စာရင်းအင်းဖေါ်မြူလာများအကြောင်း ပြောချင်တယ်။ ပြောပြီ။
ပြောရင် အမေးတွေ့လာရပြီ။ အတွေးရှိလာရပြီ။
ဘယ်လိုစာရင်းအင်း ဖေါ်မြူလာလဲ?။
အနာဂတ်လူဦးရေကို ကြိုတင်တွက်ချက်တဲ့ ဖေါ်မြူလာလား?။
တိုင်းပြည်ရဲ့ GDP ကိုဖေါ်ထုတ်တဲ့ ဖေါ်မြူလာလား?။
ကမ္ဘာ့စားနပ်ရိက္ခာ လုံလောက်မှုကို ဆန်းစစ်မယ့်ဖေါ်မြူလာလား?။ စသဖြင့် မဆုံးနိုင်မယ့် အမျိုးကွဲ ဖေါ်မြူလာတွေ အကြောင်း။ အဲ့တော့ ကိုယ်ပြချင်တဲ့ဖေါ်မြူလာကို ပုံနဲ့တွဲပြလိုက်တာက လိုတိုရှင်းဖြစ်သွားစေမယ်ထင်ပါရဲ့။
နောက်တစ်ခါ ‘အငြိမ့်’ အကြောင်း ပြောချင်တယ် ဆိုပါစို့ရဲ့။ အငြိမ့်အကြောင်းပြောရင် နာမည်ကျော် မင်းသမီးကြီး လေဘာတီမမြရင် အကြောင်းပါလာမယ်။ မမြရင်က သိပ်ချောတာပဲ၊ သိပ်စွံတာပဲလို့ ပြောချင်လာမယ်။ သူ့ပုံတူပန်းချီကားကို ဘယ်ပန်းချီဆရာကြီးကဆွဲခဲ့ပြီး ဘယ်ပန်းချီပြခန်းက မူပိုင်သိမ်းထားတယ် ဘာညာအကြောင်းရောက်လာမယ်၊ ဘယ်လို ဘယ်လောက် ချောလို့ ဘယ်လိုစွံတာတုန်းအမေးရှိလာမယ်။ သိချင်စိတ်တွေ ပေါ်လာမယ်။ ကျွန်တော်ကတော့ အဲ့လိုအခြေနေမျိုးအတွက် လေဘာတီ မမြရင်ပုံတူပန်းချီကားကို တိုက်ရိုက်တွဲစပ်ပြလိုက်တာပဲ။ အငြိမ့်မင်းသမီးတစ်ယောက်ကို ချစ်ခင်စွဲလမ်းခြင်းမျိုးမဟုတ်၊ “အငြိမ့်” ဟူသော အရာကိုချစ်ခြင်းသာ။ ဦးဘရင်ကလေး၏ “ Liberty Ma Mya Yin (1971)” , (112x109cm) ,Myanmar Ahla Gallery Collection.”
၁၉၆၂ ဝန်းကျင်၊ ဇူလိုင်လ ၂၉ရက်နေ့က ရုံတင်ပြသခဲ့တဲ့ ‘တင့်လှပေဟန် ရုပ်ရှင်ကားအကြောင်းပြောမယ်။
ဒီဇာတ်ကားထဲမှာ နာမည်ကျော် ပြည်ထောင်စုမယ် အကယ်ဒမီခင်သန်းနုဆိုတဲ့ မင်းသမီးကြီး၊ သူတဲ့အတူ၊ အကယ်ဒမီ ကျော်ဆွေတို့ အကယ်ဒမီမေသစ်တို့ဆိုတဲ့ အဲဒီခေတ်က အကျော်ကြားဆုံး မင်းသားမင်းသမီးတွေလည်း ပါခဲ့တာပေါ့လို့ ညွှန်းမယ်။ ၂၀၂၃ က နောက်မျိုးဆက်ဟာ အဲဒီမင်းသားမင်းသမီးတွေရဲ့ ရုပ်ရည်မပြောနဲ့ နာမည်တောင် ကြားဖူးချင်မှ ကြားဖူးကြတော့မယ်။ အဲ့တော့ ရှားတောင့်ရှားခဲ ရုပ်ရှင်ပိုစတာကို လိုက်ရှာပြီး ခုလို တွဲစပ် ကော်ကပ်ပေးလိုက် ရတော့တာပဲ။ ဒါမှသာ ဪ ဒါက၊ ကျော်ဆွေ၊ သူက ခင်သန်းနု၊ ဒေါ်မေသစ်ဆိုတာက သူကိုးလို့ သိနိုင်ကြမှာလေ။ စာသားအက္ခရာတွေနဲ့ချည်း မလုံလောက်တဲ့အခါ၊ ရရာရှာတွဲစပ်ဖေါ်ပြဖို့ ကြိုးစားကြည့်တာမျိုးပါ။
ကိုယ်ဖန်တီးတဲ့ Collsge တွေကို ဘယ်လိုစဉ်းစား ဘယ်လိုတွဲကပ်ခဲ့ကြောင်းပြောပြတာပါ။ ဒီနည်းနဲ့ ဖန်တီးခဲ့တဲ့ ဆရာ/မတွေ အများကြီးရှိပါတယ်။ သူတို့ ဘယ်လိုတွေးခေါ်စဉ်းစားခံစားဖန်တီးကြတယ်ဆိုတာကိုတော့ ထုတ်ပြောတာ မမြင်မဖတ်ဖူးလေတော့ မသိပါ။ ကျွန်တော်ကတော့ ဒီလိုဗျာလို့ (မှားမှား/မှန်မှန်) ကိုယ့်ဟန်လေးအကြောင်း ဝေမျှတာပါ။
Friday, September, 2023 at 3:36PM