ကျွန်တော့်အတွက်ကတော့ ထူထဲလေးလံတဲ့အမှောင်ကို စောင်လိုခြုံထားရနဲ့ ညပါပဲ။
အနက်ရောင်မြူတွေက လူပေါ်ကို တလွင့်လွင့် ခုန်ချနေကြတယ်။
အဲဒီအခိုက်အတန့်မှာ ဟိုအဝေးကနေ တစတစနီးလာတဲ့ ညခြေသံတစ်ခုကို ကျွန်တော်ကြားလိုက်ရတယ်။
“ဖျပ် ဖျပ် ဖျပ်”
ကျွန်တော်က ခြေသံတွေကို အသက်အောင့်ပြီး နားထောင်နေရတယ်။ မြေပက်ကြားအက်တို့ ဆွဲဆွဲငင်ငင်အူနေကြသလို ခြေသံတွေကလဲ ဆွေးမြည့်ရှည်လျားလှတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခြေသံတို့ တိတ်သွားတယ်။
ခြေသံရှင်ဟာ ကျွန်တော့်ရဲ့ မလှမ်းမကမ်းမှာ ရောက်နေပါပြီ။ အဖြူရောင်မီးခိုးတွေက သူ့ရှေ့မှာ ဒိုင်းလိုကာထားကြလို့ ကျွန်တော်ကြည့်ရတာ ဝေဝေဝါးဝါးဖြစ်နေပါတယ်။ မီးခိုးဖြူတွေ လွင့်ပျံ့ပြယ်ရှင်းသွားတော့မှပဲ လူတစ်ယောက်ကို မြင်ရတယ်။
အဲ့ဒီလူဟာ လွင့်မျောနေတဲ့ ဆံမျှင်ရှည်တွေနဲ့ စိတ္တဇဆန်တယ်။ မသေသပ်တဲ့ တေလေဝတ်ရုံတစ်ထည်နဲ့ သူဟာ ဒီညကို ပင်လယ်လိုဖြတ်ကူးလာခဲ့တယ်။ သူ့ကိုယ်မှာလဲ နှင်းမြူတွေ ဖိတ်လက်စိုရွှဲလို့။
ကျွန်တော်က သူ့ကို မေးလိုက်တယ်။
“ခင်ဗျားက ဘယ်သူလဲ”
သူ့ဖြေသံက တိုးညှင်းပေမယ့် ပြတ်သားတယ်။
“ငါ ဗင်းဆင့် ဗန်ဂိုး”
“ဟင်”
ကျွန်တော် အံ့ဩဝမ်းသာသွားတယ်။ သူကတော့ တည်ငြိမ်စွာ ရပ်တန့်နေရင်းက ကျွန်တော့်ကို မေးလာတယ်။
“မင်း ငါ့ရဲ့ အာလူးစားသူများဆိုတဲ့ ပန်းချီကားကို သိလား”
ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလိုက်တယ်။
“ သိတာပေါ့။ အဲ့ဒီပန်းချီကားရဲ့ မိတ္တူပုံတွေကိုလဲ ကျွန်တော်ကြည့်ဖူးတာပေါ့။ သိပ်ကြိုက်တယ်။ ပန်းချီကားထဲမှာ အာလူးကို ကြည့်နေသူတွေရဲ့ မျက်လုံးတွေကလည်း သိပ်လက်ရာမြောက်တယ်။ အဲ့ဒီမျက်လုံးတွေဟာ ဆာလောင်မွတ်သိပ်မှုတွေနဲ့”
ကျွန်တော်က အားတက်သရော ပြန်ပြောနေတုန်းမှာ သူက ဆူပွက်တဲ့ သက်ပြင်းရှည်တစ်ချက်ကို ချတယ်။ လောင်မီးဆန်တဲ့ အဲဒီအငွေ့အသက်ကြောင့် ကျွန်တော့်စကားတွေ ရပ်သွားရတယ်။
သူက အက်အက်ကွဲကွဲလေးနဲ့ ပြောလာတယ်။
“အဲဒီ ပန်းချီကားပေါ့ကွာ”
ကျွန်တော်က နားမလည်ပါ။
“အဲ့ဒီ ပန်းချီကား ဘာဖြစ်လို့လဲ”
ကျွန်တော်မေးတော့ သူက နောက်ဘက်အမှောင်ထုထဲကို လက်နဲ့ တစ်ချက်ယမ်းလိုက်တယ်။ နောက် သူ့လက်မှာ ပန်းချီကား တစ်ချပ်ပါလာတယ်။ ကျွန်တော့်ကို ပြတယ်။
“ကြည့်စမ်းပါဦးကွာ။ ဒါ အာလူးစားသူများ ပန်းချီကားပေါ့”
ကျွန်တော်က ဆွဲယူကြည့်ပြီး ‘ဟင်’ ခနဲ ဖြစ်သွားမိတယ်။ သူ့ကို ပြန်မော့ကြည့်လိုက်တော့ သူက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြတယ်။
“အေး အဲ့ဒီလိုဖြစ်နေတယ်။”
“မျက်လုံး မျက်လုံးတွေ ဘယ်ရောက်သွားလဲ”
ပန်းချီကားထဲမှာ အာလူးကို စိုက်ကြည့်နေသူတွေရဲ့ မျက်လုံးတွေ မရှိတော့ဘူး။ သူတို့ဟာ မျက်လုံးဟောက်ပက်တွေနဲ့ ငေးငိုင်နေကြတယ်။
ဗန်ဂိုးက တစ်ပိုင်းတစ်စ နာကျည်းဟန်နဲ့ ပြုံးတယ်။
“ငါလဲ အဲ့ဒါကိုပဲ သိချင်နေတာ”
“ဟင်”
“ဟုတ်တယ်၊ ငါ့ရဲ့ အာလူးစားသူများ ပန်းချီကားထဲက မျက်လုံးတွေ အလိုအလျောက်ပျောက်ဆုံးသွားတယ်။ ငါလဲ လိုက်ရှာနေတာပဲ။ ခုထိတော့ မတွေ့သေးဘူး” ၁
…….
မှိုင်းပြက်ပြက် နေရောင်နေပြောက်တွေက မြေနီလမ်းလေးပေါ်မှာ ကွေ့ကောက်ကျဆင်းနေတယ်။ အဘိုးအိုတစ်ယောက်က ရှေ့က သွားနေတယ်။ အဘိုးအိုနောက်က ပိန်ရှည်ရှည်လူတွေဟာ တစ်လှမ်းချင်းတစ်လှမ်းချင်း နွမ်းနယ်နေတဲ့ ခြေတောက်တွေကို မြှောက်ရင်း မြှောက်ရင်း အမီလိုက်နေကြတယ်။ သူတို့အရိပ်တွေဟာ မြေပေါ်မှာ တုန်တုန်ခါခါ ဖြစ်နေကြတယ်။
“ ဟေး ဗန်ဂိုးရေ ဗန်ဂိုးရေ ဗန်ဂိုးရေ ဗန်ဂိုးရေ ကျွန်တော့်ရဲ့ နှလုံးသွေးအစက်စက်တို့က ဗန်ဂိုးကို သံပြိုင်အော်ခေါ်နေကြတယ်။
ဗန်ဂိုးရေ .. လာ။ ဒီမှာတွေ့ပြီ။
ခင်ဗျားရဲ့ ပျောက်ဆုံးနေတဲ့ မျက်လုံးတွေကို ကျွန်တော်ပြန်ရှာတွေ့ခဲ့ပြီ။ အဲ့ဒီမျက်လုံးတွေဟာ လူတချို့ဆီမှာရောက်နေတယ်။ အဲဒီလူတွေ ဒီမှာရှိတယ်။ ခု ရှိတယ်။
အဲဒီလမ်းကြား အဲဒီလမ်းကြား။
သူတို့တွေ အာလူးကောက် သွားကြလေရဲ့။ ၂
………..
ဟေး “နွေဦး” ..။ ခင်ဗျားမှာ အာလူးရှိလား။
အညာကလူတွေရော ရှမ်းပြည်တောင်တန်းတွေဆီထိရောက်အောင် အာလူးကောက်သွားကြပြီလား။
ခုနေခါမှာ အာလူးဟာ အဟာရ၊ အာလူးဟာ ဘဝလား။ ဘာမှ စားစရာမရှိတာနဲ့စာရင် အာလူးတစ်လုံးလောက်ရှိနေရင်ကို ယာယီ အဆင်ပြေမယ်မဟုတ်လား။ နွေဦးဟာ ပူပြင်းရှည်လျားလိုက်တာ။ ပန်းချီကားထဲက မျက်လုံးတွေပျောက်သွားလို့ လိုက်ရှာနေတဲ့ ဗန်ဂိုးကြီးနောက်မှာ တန်းစီလိုက်ပြီး အာလူးကောက်ဖို့ သွားနေတဲ့ လူတန်းကြီးထဲ ခင်ဗျားတို့ရော ပါဝင်နေကြသေးလား။
The Potato Eaters ဟာ 1885 ခုနှစ်က ဖန်တီးခဲ့တဲ့ Vincent van Gogh ရဲ့ အစောပိုင်းလက်ရာတွေထဲက တစ်ခုပဲ။ သူ့မွေးရပ်မြေ က ဒပ်ချပ်လယ်သမားမိသားစုရဲ့ ချို့တဲ့လှတဲ့ ညစာစားဝိုင်းလေးတစ်ခုပုံပါပဲ။
ဗန်ဂိုးရဲ့ Potato Eaters ပန်းချီကားထဲမှာ ပိန်လှီမွဲခြောက်နေတဲ့ လူငါးယောက်ရှိတယ်။ လူငါးယောက် မျက်လုံးဆယ်လုံး အနက် ကြည့်သူတွေမြင်နေရတာ မျက်လုံးရှစ်လုံး။ ပန်းချီကားထဲက သူတို့မျက်လုံးတွေဟာ ချိပ်ဆွဲထားတဲ့ မီးအိမ်အလင်းရောင်ထက် ပိုတောက်ပ နေရဲ့။ မျှော်လင့်နေသော မျက်လုံးများလား။ ဆာလောင်ခြင်းကို ခဏပြေပျောက်စေမယ့် အာလူးလေး တစ်ဖဲ့နှစ်ဖဲ့စားရတဲ့အတွက် ကျေနပ်နေတဲ့ မျက်လုံးတွေလား။
ပန်းချီကားအကဲဖြတ်ပညာရှင်တွေကတော့ ဒီ ‘အာလူးစားသူများ” ပန်းချီကားရဲ့အသက်ဟာ ဆင်းရဲမွဲတေလှသူတွေရဲ့ မီးအိမ် လေးအောက်က ချို့တဲ့သော ညစာမှာစားပွဲမှာ လင်းလက်နေတဲ့ မျက်လုံးများပဲလို့ ဆိုကြတယ်။ မျက်လုံးတွေကို အနက်ဖွင့်ကြတယ်။ (ခုဖေါ်ပြခဲ့တဲ့ ဇာတ်လမ်းမှာတော့ အဘိုးအို ဗန်ဂိုးဟာ သူ့ပန်းချီကားထဲက ပျောက်ဆုံးသွားတဲ့ မျက်လုံးတွေကို လိုက်ရှာနေတာ။ သူ့ပန်းချီထဲက ဆင်းရဲသားတွေရဲ့ မျှော်လင့်ချက်(မျက်လုံး)တွေ ပျောက်ဆုံးကုန်လို့တဲ့။)
ဗင်ဂိုးက သူ့ညီ”သီအို”ဆီရေးတဲ့စာထဲမှာတော့ သူနေထိုင်ရှင်သန်ခဲ့ဖူးတဲ့ မိုင်းတွင်းဒေသက လယ်သမားဆင်ရဲသားတွေရဲ့ အာလူးတူးကြတဲ့ လက်တွေကို အဓိကထား ဖေါ်ပြထားတာလို့ ဖွင့်ဟခဲ့ဖူးတယ်။ တစ်ချိန်မှာ သူဟာ ကျေးလက်နေ တောင်သူလယ်သမား တွေဘဝနဲ့ လက်တွေ့ဆန်မှုအပေါ် ဖေါ်ကျူးတဲ့ ပန်းချီကားမျိုးရေးဆွဲမယ်လို့ ကတိကဝတ်ပြုထားခဲ့ဖူးတာကိုး။
သူ့ပန်းချီကားတစ်ချပ်ထဲမှာ မျက်လုံးတွေကနေ မျှော်လင့်ခြင်း/မျှော်လင့်ချက်။ လက်တွေကနေ လုပ်အား/ခွန်အား ကို တူးယူ တင်ပြခဲ့ပုံပဲ။ Van Gogh ဟာ ကျေးလက်လေထုနဲ့ တောင်သူလယ်သမားတွေရဲ့ ကြမ်းတမ်းတဲ့ဘဝတွေကို ဖော်ပြနိုင်ဖို့အတွက် နက်မှောင်မှောင်အညိုရောင်၊ အစိမ်းရင့်ရောင်နဲ့မီးခိုးရောင်ကို အသုံးပြုထားတာ တွေ့ရမယ်။ ဒီအရောင်ဖျော့ဖျော့တွေက ပန်းချီကား တစ်ချပ်ထဲကနေ သူဖေါ်ပြလိုတဲ့ စိတ်ခံစားချက်ကို အထောက်အကူဖြစ်စေသည်။ လက်တွေကတော့ သင်္ကေတပဲ။ ဒီပန်းချီကားထဲက လက်တွေဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရင်ဆိုင်ရမှုများကို ကိုယ်စားပြုတယ်။
ပန်းချီကားကို အားစိုက်ကြည့်နေတုန်းမှာပဲ၊ နားထဲကို အသံတစ်သံ ဝင်လာတယ်။ ကြားလာရတယ်။
ဟေ့ နားစိုက်ထောင်ကြည့်ကြစမ်း။ ဒါ ဘာသံလဲ။ ကမ္ဘာကြီးဆီကို တစ်စုံတစ်ယောက်က လှမ်းအသံပြုနေတာလား။ SOS လား။
Starry, starry night.
Flaming flowers that brightly blaze,
Swirling clouds in violet haze,
Reflect in Vincent’s eyes of china blue.
Colors changing hue,
morning field of amber grain,
Weathered faces lined in pain,
Are soothed beneath the artist’s loving hand.၃
ကြယ်တွေရင်ခုန်သလား
ဗင်းဆင့်သီချင်းကို ဆိုကြတယ်
လွမ်းဖွဲ့အကြောင်းကို သီဖွဲ့တယ်
တောင်တန်းများကတောင် တုန်ယင်နေတော့တယ်
ကြယ်တွေငိုနေသလား
ပန်းပွင့်မီးလျှံဟိုအထက်မှာ
ဒုက္ခမိုးတိမ် အိုတစ်စစီ
ငါချစ်တဲ့ဗင်းဆင့်ပုံလွှာ ထင်ယောင်မှား
ကြယ်တွေငိုသံများ
ဆိုက်ပရက်စ်လမ်းဟာ အိပ်မက်လို
ယိမ်းလှုပ်မှိုင်းဝေ အုံ့ဆိုင်းနေ
အာလူးစားသူတွေရဲ့ မျက်နှာတွေ
ငါလေနားလည်ပြီ
ဘာတွေကမ္ဘာအတွက် ချန်ထားသလဲ
ဘယ်လိုရူးသွပ်ခြင်းဒဏ်ပြင်းထန်တယ်
ဒဏ်ရာများက မပျောက်နိုင်ဘူး
လူတွေကလုံးဝ နားမလည်ကြဘူးလေ
ငါတော့ ကြေကွဲနေတယ်… ၄
နားထောင်ပါ။ ငြိမ်သက်စွာ။
Don McLean ရဲ့စာသားတွေကိုဖတ်ပါ။ သူ့အသံကို နားထောင်ပါ။ ဗင်းဆင့်ကို မှန်းမျှော်လွမ်းတပါ။ အာလူးစားသူများကို ညှာတာပါ။
‘ဝင်းမင်းထွေး’ ရဲ့ စာသားတွေကို ခံစားပါ။ ငှက်ကြီးရဲ့ အကောင်းဆုံးအသံကို နားဆင်ပါ။ ဗင်းဆင့်ရဲ့ ထရော်မာကို စာနာ နားလည်ပါ။
ကြားကြပြီလား။ ဗင်းဆင့်ရဲ့ အသံတွေ။ အနာတွေ။ သူ့ကိုချစ်ခင်တန်ဖိုးထားသူများရဲ့ တမ်းတ လွမ်းလှတဲ့အသံတွေ။
စာတစ်ကြောင်းချင်း အသံတစ်ခုချင်းစီဟာ အသက်ရှင်သန်နေဆဲ ဗင်းဆင့်တွေဖြစ်လို့။
အသံတွေကို နားထောင်ပြီးရင် သူ့ရဲ့ ခန်းနားလှတဲ့ starry night. ပန်းချီကားကြီးကိုကြည့်ကြရအောင်။
ညဘက် အိပ်မောကျနေတဲ့ ရွာကလေးအပေါ်က ကြယ်စုံညကောင်းကင်ယံမှာ မီးလျှံလိုလင်းလက်တောက်ပ ပန်းပွင့်များ၊ အရှိန်ပြင်းပြင်း မြူမှုန်တွေထဲ ဝေ့ဝဲရွေ့လျားနေတဲ့ တိမ်တိုက်ကြီးများ (Starry, starry night. Flaming flowers that brightly blaze, Swirling clouds in violet haze,) ခင်ဗျားတို့ မြင်ရလား။ ဝင်းမင်းထွေးကတော့ ဒီပန်းချီကားထဲက ကောင်းကင်ကို (ကြယ်တွေငိုနေသလား၊ ပန်းပွင့်မီးလျှံဟိုအထက်မှာ၊ ဒုက္ခမိုးတိမ် အိုတစ်စစီ) လို့မြင်မိ ခံစားမိပါသတဲ့။
ဒါဟာ စိတ်ကုဆေးရုံပေါ်ကနေ ဆွဲခဲ့တဲ့ ပန်းချီကားတဲ့လား။ အာလူးစားသူတွေကို ညှာတာခဲ့တဲ့ ဗင်းဆင့်ဟာ လူတွေ ဖယ်ကျဉ် ထား ခံရမှုဝေဒနာကို ဘယ်လောက်တောင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါသလဲ? သူ့ရဲ့အချစ်တွေကို အငြင်းပယ်ခံရ၊ သူ့အားထုတ်မှု ဖန်တီးမှု အနုပညာတွေကို အသိအမှတ်ပြုမခံရ၊ အရူးတစ်ယောက်လိုသတ်မှတ်ပြီး ဝိုင်းဟားတိုက်ခံရနဲ့ ရှင်နေတဲ့ နှစ်ကာလတိုတိုလေးမှာ သူဘယ်လောက်တောင်များ ခက်ခဲ ခဲ့ပါလိမ့်မလဲ။
ပန်းချီကားရဲ့ ဘယ်ဘက်မှာ ဆိုက်ပရပ်စ်ပင်တစ်ပင် အရောင်မှိုင်းမှိုင်းနဲ့ မာမာကြီးရပ်နေလေရဲ့။ အဲ့ဒါ ခေါင်းထင်းရှူးပင် (Cupressus sampervirens) ပေါ့။ ရွာကလေးရဲ့ ကောင်းကင်ယံဟာ ဝရုန်းသုန်းကားဖြစ်အောင် ရှင်သန်နေသလောက် ညထဲက ရွာလေးဟာ ခေါင်းတလားပင်လိုပဲ ငြိမ်သက်။ တိတ်ဆိတ်။ သေဆုံးလို့။
လူ့ပြည်လူ့ရွာမှာ အသက်(၃၇)နှစ်ပဲ နေထိုင်သွားတဲ့ ဗင်ဂိုးဟာ၊ ပန်းချီဆွဲသက် ဆယ်စုနှစ်တစ်ခုစာလောက်အတွင်း ပန်းချီကား ရာချီဆွဲခဲ့သတဲ့။ သူ ရှင်သန်နေစဉ်ကာလအတွင်းမှာ ဒေါ်လာ(၈၀)နဲ့ ပန်းချီကား တစ်ကားတည်းပဲ ရောင်းခဲ့ရသတဲ့။ အဲသလောက် လူကြိုက်နည်းခဲ့တယ်။ သူသေသွားပြီးတော့ အဲ့ဒီ(၈၀)တန်ပန်းချီကားဟာ ဒေါ်လာသန်းချီတန်ဖိုးနဲ့ ပြန်ရောင်းချခံခဲ့ရတယ်။ သူအသက်ရှင် နေတုန်းမှာ သူ့ပန်းချီကားတချို့ကတော့ ပက်လက်ကုလားထိုင်အခင်းဖြစ်လိုက်၊ စားပွဲခင်းဖြစ်လိုက်၊ အကာအရံတစ်ခုခုဖြစ်လိုက်နဲ့။ လူ့လောကကြီးဟာ ဘယ်လောက်များ (ရယ်) စရာ (မော)စရာ ကောင်းလိုက်ပါသလဲ။ ကံကြမ္မာရဲ့ အရက်စက်ဆုံး ဒဏ်ခတ်မှုဟာ အကြီးကျယ်ဆုံး ပန်းချီအနုပညာရှင်ပေါ်မှာမှ လာကျရောက်ရတယ်လို့။
ဂျုံခင်းထဲမှာ သေနတ်သံတစ်ချက် လွင့်ခနဲတက်လာတယ်။
ကျီးကန်းတွေ လန့်ပျံသွားကြတယ်။
ဒီလိုနဲ့ ကြယ်တွေစုံတဲ့ညတစ်ညမှာပဲ ဗင်းဆင့်ဟာ လောကကို နှုတ်ဆက်သွားခဲ့တယ်။
ဇာတ်လမ်းလေးထဲမှာတော့ သူ့ပန်းချီကားထဲက မျက်လုံးတွေပျောက်သွားရှာတဲ့ သူဆင်းရဲလယ်သမားတွေရဲ့ မျက်လုံးကို ဗင်းဆင့်ကြီးလိုက်ရှာနေတုန်း။
တကယ့်ဘဝထဲမှာ ကမ္ဘာကြီးဆီကနေ ဗင်းဆင့် ဘာတွေရှာဖွေသွားခဲ့ပါသလဲ။
သူနေထိုင်ရှင်သန်ခဲ့ရဖူးတဲ့ ကမ္ဘာမှာ ဗင်းဆင့်အတွက် ပျော်စရာဆိုတာ ဘာမှမရှိခဲ့။
၂၁ရာစုကမ္ဘာကြီးမှာ ဗင်းဆင့်ပြန်ရှင်သန်လာရဦးမယ်ဆိုရင်ကော.. သူ့အတွက် သို့မဟုတ် ကမ္ဘာပေါ်က လူတွေအတွက် ပျော်စရာဆိုတာ ရှိနေပါရဲ့လား။
လက်ရှိ ကျွန်တော်တို့နေထိုင်နေရာဟာ “ဗင်းဆင့် မပျော်ခဲ့တဲ့ ကမ္ဘာ”။
မှတ်ချက်။ ။ ဤစာစုသည် Collage အမျိုးအစားဖြစ်ပါသည်။
ဗင်းဆင့်ဗန်ဂိုး၏ “အာလူးစားသူများ” ( The Potato Eaters ) ပန်းချီကား။ “၃” Vincent (Starry, Starry Night) သီချင်း ဂီတ နုတ်စ်။ starry night ပန်းချီကားနှင့် “၁””၂” တာရာမင်းဝေ၏ နာမည်ကျော် “အာလူးကောက်သူများ”(စာပေဂျာနယ်) ဝတ္ထု။ “၄” ဝင်းမင်းထွေး+ထူးအိမ်သင် တို့၏ ‘ဗင်းဆင့်ဗန်ဂိုးတမ်းခြင်း’ ကော့ဒ်ပါ စာသားများကို ထည့်သွင်း တပ်ဆင်ထားပါသည်။
Friday, August 11, 2023 at 12:53 PM