William Golding’s Lord of the Flies ကို ‘ဝေယံဘုန်း’ ဘာသာပြန်ထားတဲ့ ‘မိစ္ဆာကျွန်း’ ဝတ္ထုကို ဖတ်ရပါတယ်။
ကံ့ကော်ဝတ်ရည်စာပေတိုက်က ၂၀၁၈၊ ဧပြီမှာ (ပထမအကြိမ်)။ ၂၀၂၄ ဇူလိုင်မှာ (ဒုတိယအကြိမ်) ထုတ်ဝေထားတာပါ။ ပထမအကြိမ် ထုတ်ဝေတုန်းက ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေဆု ဘာသာပြန် (ရသ) ဆုရထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော် မဖတ်ခဲ့ရ ဖူးပါ။ ခုမှ ဖတ်ရပါတယ်။
မူရင်းစာရေးဆရာ William Golding က နိုဗယ်လ်ဆုရှင်ပါ။ ထုတ်ဝေမှတ်တမ်းကို ကြည့်တော့ 17 September 1954 လို့ တွေ့ရပါတယ်။ ကိုယ်တွေထက် အသက်ကြီးနေတဲ့ ဝတ္ထုပါ။ ခုမှဖတ်ဖူးပါတယ်။
ပြဿနာက ဒီစာအုပ်မှာ ပါတဲ့ သရုပ်ဖေါ်ပုံက ကျွန်တော့်အာရုံကို အတော်ကြီး ထိုးဆွ နိုးထစေခဲ့ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ကျွန်တော် သုံးတန်းဖြေပြီး လေးတန်းတက်ဖို့ စောင့်နေရတဲ့ နွေဦးမှာ စာအုပ်လေးတစ်အုပ်ဖတ်ရပါတယ်။ နာမည် မေ့နေပါပြီ။ အမေရိကန် သံရုံးက ထုတ်တာလား၊ စာပေဗိမာန်က ထုတ်လားမမှတ်မိတော့ပါ။ တစ်မျက်နှာပြည့် သရုပ်ဖေါ်ပုံတွေနဲ့ စာနည်းနည်းသာပါတဲ့ ကလေးစာပေ အမျိုးအစားပါ။ ဇာတ်လမ်းက သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် သောင်လာတင်တဲ့ မိသားစုလေးဟာ လူသူမဲ့ ကူကယ်ရာမဲ့ကျွန်းပေါ်မှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရပ်တည်ခဲ့ကြရတဲ့ ဇာတ်လမ်းပါပဲ။ ခေတ်သစ် ရော်ဘင်ဆန်ခရူးဆိုး ပေါ့။ စာပေ/ရုပ်ရှင် နယ်မှာ ဒီလိုဇာတ်လမ်းဆင်ဆင်တွေ အများကြီး ထွက်ပေါ်ခဲ့ဖူးပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ အဲဒီစာအုပ်ကတော့ ကျွန်တော့် ခေါင်းကို တဆစ်ပြောင်းစေခဲ့တယ်လို့ ပြောနိုင်ပါတယ်။ စာအုပ်ထဲက ဇာတ်ကောင်ကလေးတွေက ကိုယ့်အရွယ်ကလေး တွေဖြစ်နေတော့ ပိုစိတ်ကူးယဉ်လို့ ကောင်းတော့တာပေါ့။ ဆရာဘုန်းနိုင်ရဲ့ ‘ခိုင်’ မှာလည်း ဇာတ်ကောင်မောင်ရဲ့အရွယ်မှာ ဖတ်မိတော့ အဲ့လိုပဲ တန်းတန်းစွဲဖြစ်ခဲ့မိရသေးတာ။ ဒါဖတ်မိပြီး စွဲလမ်းလွန်းရာက မျက်စိထဲ ဘာလာလာ ကျုံးဖတ်တော့တဲ့ စာဖတ်သမားဘဝကို ရောက်စေခဲ့လို့ပါပဲ။
ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ ပန်းချီမဆွဲဖူးတဲ့ ကျွန်တော် (စိတ်ကူးပန်းချီ) ကျွန်းလေးတစ်ကျွန်းကို အကြိမ်များစွာဆွဲခဲ့ပါတယ်။ ခု ‘ဝေယံဘုန်း’ ဘာသာပြန်ထားတဲ့‘မိစ္ဆာကျွန်း’စာအုပ်အဖွင့်မှာ ပါတဲ့ ပုံနဲ့ (အတော်ကြီးကို) တူပါတယ်။ ကျွန်တော့်ကျွန်းမှာ လူတွေပါတယ်။ လူကို မဆွဲတတ်တော့ ကျွန်တော့်လူတွေက ဝလုံးမှာ တုတ်ချောင်း တတ်ထားတဲ့ လူတွေပါ။ အဲဒီမှာ ရေထမ်းနေတဲ့ လူပါမယ်။ အိမ်ဆောက်နေတဲ့ လူပါမယ်။ အုန်းပင်ပေါ် တက်နေတဲ့ လူပါမယ်။ လှေဆိပ်ဆင်းနေတဲ့ ပုံပါမယ်။ ဘယ်လောက်တောင် စွဲလမ်းခဲ့သလဲဆို ခုစာရေးနေတဲ့ နှစ်ပေါင်း ၆၀လောက် အကြာမှာတင် ပြန်တွေးမိတိုင်း ဒီပုံလေးကို မျက်လုံးက မြင်ယောင်နေပါတယ်။
William Golding ၏ Lord of the Flies (သို့မဟုတ်) ‘ဝေယံဘုန်း’ ဘာသာပြန်ထားတဲ့ ‘မိစ္ဆာကျွန်း’အကြောင်းပြောကြည့်ကြရအောင်ပါ။
လေယဉ်ပျက်ကြပြီး လူမဲ့ကျွန်းတစ်ကျွန်းမှာ သောင်လာတင်တဲ့ အသက် ၆ နှစ်ကနေ ၁၂-၁၃ အရွယ် ကလေးငယ်တသိုက် ကျွန်းပေါ်မှာ ရှင်သန်ဖို့ ရုန်းကန်ရင်းက လူသားဗီဇတွေကို ဖွဲ့ဆိုပြထားတာ။
လူ့သဘောသဘာဝနဲ့ လူ့အဖွဲ့အစည်း၏ သဘောသဘာဝကို နက်နက်တူးဖေါ်စူးစမ်းထားတဲ့ လေးနက်ရှုပ်ထွေးတဲ့ဝတ္ထုဖြစ်တယ်လို့ မြင်ပါတယ်။ စာပေဝေဖန်ရေးဆရာတွေကတော့ (( 1954 ခုနှစ်တွင် ပထမဆုံးထုတ်ဝေခဲ့သော စာအုပ်သည် စာပေနှင့် လူသားစိတ်ပညာကို လေ့လာရာတွင် အရေးပါသောအလုပ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်)) လို့ မှတ်ချက်ပြုထားတာတွေ့ပါတယ်။
ကျွန်တော်ကတော့ ဒီဝတ္ထုကို ‘သင်္ကေတ ဝတ္ထု”( Symbolism) လို့ သတ်မှတ်ချင်ပါတယ်။
သူ့ဝတ္ထုအကြောင်းအရာတွေကို ဖော်ပြရာမှာ သင်္ကေတတွေ များများစားစားကို အသုံးပြုထားတာတွေ့ရပါတယ်။
ခရုသင်းသည် ဒီမိုကရေစီစနစ်နှင့် အခွင့်အာဏာကို ကိုယ်စားပြု သင်္ကေတ
“ယင်ကောင်သခင်”( Lord of the Flies ) က လူသားများအတွင်း မွေးရာပါ မကောင်းမှုနှင့် မငြိမ်မသက်မှုများကို ကိုယ်စားပြု သင်္ကေတ
အချက်ပြမီးသည် မျှော်လင့်ချက် လူ့ယဉ်ကျေးမှုသို့ ပြန်လိုသောဆန္ဒ၏ သင်္ကေတ
ဇာတ်ကောင် Ralph ဟာ အမိန့်ပေးမှု၊ ခေါင်းဆောင်မှုနှင့် ယဉ်ကျေးမှုကို ကိုယ်စားပြုပြီး ဒီမိုကရေစီရဲ့ သင်္ကေတ
ဇာတ်ကောင် Jack က ရက်စက်ကြမ်းကြုတ်မှုနဲ့အာဏာရလိုစိတ်တို့ကို ပေါင်းစပ်ထားတဲ့ အာဏာရှင်သင်္ကေတဖြစ်တယ်လို့ ယူချင်ပါတယ်။
ဆရာမြရဲ့ နာမည်ကျော် “ဓားတောင်” သတိရစရာဖြစ်ပါတယ်။ ‘ဓားတောင်’ ကိုလည်း သင်္ကေတ ဝတ္ထုလို့ အကဲဖြတ်ခဲ့ကြဖူးပါတယ်။ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေဟာ လူတန်းစားတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတွေဖြစ်နေကြလို့ပါပဲ။
(Golding ၏ Lord of the Flies သည် သင်္ကေတများ၊ ကွက်ကွက်ကွင်းကွင်း ပုံရိပ်များနှင့် ရှုပ်ထွေးသော ဇာတ်ကောင်များကို အသုံးပြုထားသည့် ဆွဲဆောင်မှုရှိပြီး တွေးခေါ်မှုကို လှုံ့ဆော်ပေးသည့် ဇာတ်ကြောင်းကို ဖန်တီးပေးပါသည်) ဆိုတဲ့ ဝေဖန်ချက်မျိုးလည်း ဖတ်ရပါတယ်၊
အရေးအသားတွေဟာ လက်တွေ့ဖြစ်နေတဲ့ အဖြစ်အပျက်နဲ့ စိတ်ခံစားချက် အာရုံများကို ဒွေးရောယှက်တင် ရောမွှေရေးပြထားတာကို ခုလို တွေ့ရပါမယ်။
“I’m warning you. I’m going to get angry. D’you see? You’re not wanted. Understand? We are going to have fun on this island. Understand? We are going to have fun on this island! So don’t try it on, my poor misguided boy, or else―”
Simon found he was looking into a vast mouth. There was blackness within, a blackness that spread.
“―Or else,” said the Lord of the Flies, “we shall do you? See? Jack and Roger and Maurice and Robert and Bill and Piggy and Ralph. Do you. See?”
Simon was inside the mouth. He fell down and lost consciousness.
“ငါမင်းကို သတိပေးမယ်။ ငါစိတ်တိုလာတော့မယ်။ မင်း မမြင်ဘူးလား၊ မင်းကို အလိုမရှိဘူး၊ နားလည်လား၊ ငါတို့ ဒီကျွန်းပေါ်မှာ မကြာခင် ပျော်စရာတွေ ဖန်တီးတော့မှာ၊ နားလည်လား၊ ငါတို့ ဒီကျွန်းပေါ်မှာ မကြာခင် ပျော်စရာတွေ ဖန်တီးတော့မှာ၊ ဒီတော့ တောင်တောင် ဤဤ လျှောက်လုပ်မနေနဲ့၊ ကြားလား လမ်းလွဲနေတဲ့ကိုယ်တော်ချောလေး၊ အေး .. ပြောစကား နားမထောင်လို့ကတော့”
ဆိုင်မွန်က ဝက်ရဲ့ ဟင်းလင်းပွင့် ပါးစပ်ကြီးထဲ မမှိတ်မသုန် စိုက်ကြည့်နေဆဲ။ အာခံတွင်းထဲမှာတော့ တစ်စတစ် ဖုံးလွှမ်းလာနေတဲ့ အမှောင်အတိကျမှု၊
“ပြောစကားနားမထောင်လို့ကတော့ ငါ မင်းကို ကိုင်ထည့်လိုက်မယ်။ သဘောပေါက်လား။ ငါတို့ဆိုတာ ဂျက်ရယ်၊ ရော်ဂျာရယ်။ မောရစ်ရယ်၊ ရောဘတ်ရယ်၊ ဘီလ်ရယ်၊ ပစ်ဂီရယ်။ ရာ့ဖ်ရယ်၊ မင်းသဘောပေါက်လား။”
ဝက်ခေါင်းပြတ်ရဲ့ အာခံတွင်းကြီးထဲ ဆိုင်မွန်ရောက်ရှိသွားပြီး လဲကျ မေ့မြောသွားတော့သည်။
(ဒီ အထက်ဖေါ်ပြပါစာပိုဒ်ဟာ ခေါင်းဖြတ်သတ်ခံထားရတဲ့ ဝက်ခေါင်းပြတ်ကြီးနဲ့ အဲဒီဖြစ်စဉ်ကို ချောင်းကြည့်မိတဲ့ ဆိုင်မွန်တို့ရဲ့ ဒိုင်ယာလော့ခ် တွေကို ရေးပြထားတာပါ၊ ဒီမှာ ဝက်ခေါင်းပြတ်ကြီးက အတွေးနဲ့ စကားပြောပါတယ်။ ဆိုင်မွန်ကလည်း အတွေးနဲ့ ကြားနေပါတယ်။)
ဘာသာပြန်ဆရာက အထူးညွှန်းထားတဲ့ အခန်းတစ်ခန်းပါဝင်ပါတယ်။ သူ ဖွင့်ဆိုညွှန်းပြထားတဲ့ အရေးအသားက ဒီလိုပါ။
(( ယခုအခန်း၏ နောက်ဆုံးအပိုင်း သရုပ်ဖေါ်ချက်များမှာ ဝတ္ထုတစ်အုပ်လုံးတွင် အလှပဆုံး ရေးသားချက်ဖြစ်သည်ဟု ဝေဖန်ရေးဆရာတို့က ဆိုကြသည်။ ဆိုင်မွန့်အလောင်း ပင်လယ်ထဲသို့ မျောပါသွားသည့် အပိုင်းပါ နမိတ်ပုံတစ်ခုဖြစ်သည့် “ ကိုယ်ရောင် ကိုယ်ဝါထွက်နေသော စူးရှသည့် မျက်လုံးပိုင်ရှင်များ” ဆိုသည်မှာ ဆိုင်မွန့်ကို ကောင်းကင်ဘုံခေါ်ဆောင်သွားသည့် ကောင်းကင်တမန်များ ဖြစ်သည်ဟု ယူဆနိုင်သလို လရောင်အောက်တွင် အရောင်ထွက်နေသည့် ငါးကလေးများဖြစ်သည်ဟု ယူဆကြသူများလည်း ရှိသည်။ ဂိုးလ်ဒင်းသည် ဆိုင်မွန်ဇာတ်ရုပ်ကို ဝတ္ထုတစ်ခုလုံးတွင် ခရစ်ယန်ဘာသာနှင့် ဆက်စပ်ဖေါ်ကျူးခဲ့ပြီး ဆိုင်မွန်သည် ခရစ်တော်ကို ကိုယ်စားပြုသူဟု ယူဆသူများလည်း ရှိသည်။ မည်သို့ဆိုစေ ယခုမြင်ကွင်း၏ ဆိုလိုရင်းမှာ လူသားတို့သည် ကြမ်းကြုတ်ပြီး သဘာဝတရားက လူသားတို့ပြုလုပ်ဖန်တီးသည့် ပြဿနာများကို လိုက်လျောညီထွေ ပြန်နေပေးကြောင်း ပြခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။))
Along the shoreward edge of the shallows the advancing clearness was full of strange, moonbeam-bodied creatures with fiery eyes. Here and there
a larger pebble clung to its own air and was covered with a coat of pearls. The tide swelled in over the rain-pitted sand and smoothed everything with a layer of silver. Now it touched the first of the stains that seeped from the broken body and the creatures made a moving patch of light as they gathered at the edge. The water rose farther and dressed Simon’s coarse hair with brightness. The line of his cheek silvered and the turn of his shoulder became sculptured marble. The strange attendant creatures, with their fiery eyes and trailing vapors, busied themselves round his head. The body lifted a fraction of an inch from the sand and a bubble of air escaped from the mouth with a wet plop. Then it turned gently in the water.
( ကမ်းနီးရေတိမ်ပိုင်းတလျှောက်မှာတော့ ရှေ့ကို တိုးတိုးလာနေတဲ့ ကြည်လင်မှုဟာဆိုရင် ထူးဆန်းတဲ့၊ ကိုယ်ရောင်ကိုယ်ဝါ ထွက်နေတဲ့၊ စူးရှတဲ့ မျက်လုံးပိုင်ရှင်တွေနဲ့ အပြည့်ပဲ။ မလှမ်းမကမ်းမှာတော့ ပိုပြီးကြီးတဲ့ ကျောက်စရစ်ခဲတစ်လုံးဟာ သူ့နဂို ဟန်မာန်ကို မချသေးဘူး။ သူ့အပေါ်မှာတော့ ပုလဲတို့က ခြုံလွှာတစ်ထည်လို လွှမ်းထားတယ်။ မိုးပေါက်တွေကြောင့် ဗြုတ်ထနေတဲ့သဲပေါ် ဒီရေတိုးဝင်လာပြီး အရာ အားလုံးဟာ ငွေသားကွပ်လိုက်သလို ပြောင်ချောသွားတယ်။ ခုဆိုရင် ဒီရေဟာ ရစရာမရှိတော့တဲ့ ကိုယ်ခန္ဓာတစ်ခုကနေ စိမ့်ထွက်နေတဲ့ သွေးကွက်တစ်ကွက်ကို စထိလိုက်တယ်။ အလောင်းရဲ့ အနားစွန်းတဝိုက်လာစုကြတဲ့ ကိုယ်ရောင်ကိုယ်ဝါပိုင်ရှင်တွေကြောင့် အလင်းကွက်ကြီးတစ်ကွက် ရွေ့နေသလိုမြင်ရတယ်။ ရေက ထပ်တက်အလာမှာ ဆိုင်မွန့်ဆံပင် ကြမ်းကြမ်းတွေဟာ တောက်ပလာတယ်။ သူ့ပါးပြင်ရဲ့ အနားသတ်မျဉ်းဟာ ငွေရောင်လင်းလက်လာပြီး ပခုံးသား အကွေးနေရာဟာ စကျင်ကျောက်ဆစ်ရုပ်တုလို ဖြစ်လာတယ်။ စူးရှတဲ့ မျက်လုံးတွေနဲ့ ရေမှုန်ငွေ့တန်းကြီးတွေ တန်းလန်းကျနေတဲ့ အဲဒီကိုယ်ရောင်ကိုယ်ဝါထွက်နေသူ ထူးဆန်းတဲ့ အကျိုးတော်ဆောင် တွေဟာ ဆိုင်မွန်ရဲ့ ဦးခေါင်းနားတဝိုက်မှာ အလုပ်များနေကြတယ်။ ဆိုင်မွန့်အလောင်းဟာ သဲပြင်ပေါ်ကနေ အနည်းငယ် မြင့်တက်သွားပြီး ပါးစပ်ကနေ ရေပလုံစီလေးတစ်လုံး ပွက်ခနဲ ထွက်သွားတယ်။ ပြီးတော့ ရေထဲမှာ အသာအယာလေး ပတ်ချာလည်သွားတယ်။)
ပင်လယ်ကမ်းစပ်မှာ လဲကျနေတဲ့ အလောင်းတစ်လောင်း၊ ပင်လယ်ထဲကို မျောပါမသွားခင် မြင်ကွင်းကို ဖွဲ့ထားတာပါ။
*****
ကျွန်တော်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ ဝတ္ထုတစ်ပုဒ်ကို နှစ်သက်စွာ ဖတ်ရှုပြီးခဲ့ပါပြီ။ စိတ်ဝင်စားသူများအတွက် လက်တို့တာပါ။
ငအအ
Sunday, August 25, 2024 at 13:18PM
Your comment is awaiting moderation.
Реально ли приобрести диплом стоматолога? Основные шаги