“သစ္စာတောအရောက်၊ သစ္စာတောမှောက်ခြင်း”

ဘာမှမဟုတ်ဘူး။ ဖတ်နေတာက ရာဇဝင်၊ ပြောချင်တာလေးရှိလို့ လိုက်ဖတ်နေတုန်း ခေါင်းထဲ ပြေးဝင်လာတာက ‘မင်းမှာသစ္စာ လူမှာ ကတိ”  ဆိုရိုးစကား။ အဲသမှာတင် ‘သစ္စာ’ဆိုတဲ့စကားလုံးဆီ  စိတ်ကရောက်သွား။ 

သစ္စာရှိခြင်း အကြောင်းကို ပြောဖို့ဆိုတာ သစ္စာဟာဘာလဲလို့ တိတိပပ သိရဖို့က အရေးကြီးလာ။

 “ရှင်ကျွန်မအပေါ် သစ္စာမရှိဘူး” ဆိုတဲ့စကားကနေ၊ မြတ်ဗုဒ္ဓရှင်ရဲ့ ‘သစ္စာလေးပါး’ တရားတော်ထိ စိတ်ရောက်သွား။ စူးစမ်းစိတ်တွေ တိုင်ပတ်/ ရွာလည်/ ခရီးဆန့်။

(ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအားဖြင့် လေးပါးဖြစ်သတည်း။ 

ထိုတွင် ဘုံသုံးပါး၌ဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ မည်၏။ 

တဏှာ-လောဘသည် သမုဒယသစ္စာမည်၏။ 

နိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။ 

လောကုတ္တရာဖြစ်သော မဂ်သည်(ဝါ)မဂ္ဂင်ရှစ်ပါး  တရားသည် မဂ္ဂသစ္စာ မည်၏။) …. 

ဟာ ရှုတ်ကုန်ပြီ ….။

အတွေးကို အဲလောက်အဝေးကြီး ရောက်အောင် မိုင်ကုန်မမောင်းနဲ့လေ၊ ရိုးရိုးလေးပဲ သစ္စာကို အနက်ဖွင့်ကြည့်ရအောင်။ 

(အရေးထဲ  ‘ဖြိုးကျော်ထိုက်’ရဲ့  ‘နင်.. သစ္စာမရှိဘူး သစ္စာရေ.. ဒီလိုနဲ့ ဝေးရတော့မယ်လေ’ ဆိုတဲ့ “သစ္စာမရှိသော သစ္စာရေ”၊

ဘန်နီဖြိုးနဲ့ ဆိုတေးရဲ့ သစ္စာ သီချင်းသံတွေကို ကျယ်ကျယ်လောင်လောင် ကြားယောင်လာနေ။

ခင်အောင်အေးရဲ့ “သင်၏ သစ္စာရှိသော”

ဂျူးရဲ့ “သစ္စာဆိုတာ ဒါလား ဘီယာလိုပဲ ခါးတယ်နော်” 

ကိုစောညိန်းရဲ့ “သစ္စာ” 

ကိုမင်းနောင် ရဲ့ “ “သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ… မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ… အသည်းမှာ စွဲမက် အသက်ကို ပုံတယ်…လေ… တကိုယ်လုံးသိမ်းကျုံး… လိုရာသုံး သက်ဝေ… အပြုံးမပျက် ပေါင်… စိတ်လက်ရှည်ရှည်… အချစ်အတွက်ဖြင့် အသက်ပင် သေသေ” ဆိုတဲ့ “သက်ဝေ” သီချင်း၊

အိုးဟိုး  သစ္စာတောအလယ်မှာ ပြုတ်ကျလာတဲ့သစ္စာသီးတွေ အများကြီးရယ်မှ အများကြီး၊ ခူးမကုန် ဆွတ်မခမ်း)

“သစ္စာ” ဆိုတာ ၊ “မဖေါက်မပြန်၊ ဟုတ်မှန်သောစကား” ကိုပြောတာပေါ့။ 

ဒါဖြင့် ‘ရှင်သစ္စာမရှိဘူး ‘လို့ပြောတာ ကျွန်မအပေါ် ဖေါက်ပြန် တယ်လို့ ရိုးစွပ်တာပေါ့။ ဟုတ်လား?

“ဟုတ်မှန်သော စကား” ကိုမဆိုပဲ လိမ်ညာနေတာကိုရော “သစ္စာမရှိတာ” လို့ အနက်ဖွင့်လို့ ရလား။ လူလိမ်တွေဟာ သစ္စာမရှိသူတွေပေါ့။

ဟော.. ဒီလို အနက်ဖွင့်/ရင်ဖွင့်သူလည်း တွေ့ခဲ့ဖူးသေးရဲ့။ သူပြောတာ ဒီလို

(သစ္စာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို

သေချာမသိဘဲ အလွယ်မသုံးပါနဲ့

ဘယ်သူ သိသိ မသိသိ

ကိုယ့်ဘက်က မဖောက်ပြားပဲ

စောင့်ထိန်းခြင်းကိုမှ သစ္စာလို့ခေါ်ထိုက်တယ်။)

ကိုယ့်ဘက်က မဖောက်ပြားပဲ စောင့်ထိန်းပေးလိုက်ရုံနဲ့တင် ‘သစ္စာတရား” ဟာ သစ္စာထားရာရောက်သွားသလား။ သစ္စာမဏ္ဍိုင်ကြီး အထမြောက်သွားသလား ဆိုတာကိုတော့ သူဆက်မဆွေးနွေးသွားဘူး။

အိုး  နေဦး သစ္စာရဲ့ အနက်တွေထဲမှာ (မိမိထိန်းသိမ်းအပ်သော ကျင့်ဝတ်နှင့်ဝတ္တရားကို မဖောက်မပြန်စေရန် ထိန်းသည်။ လူထုအပေါ်တွင် သစ္စာရှိသူ။ တိုင်းပြည်အပေါ်၌ သစ္စာရှိရန်။) ဆိုတာလည်း ရှိသေးတာပဲ။

ဒါဖြင့် မင်းမှာသစ္စာ ဆိုတာ၊ အဲသည့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုတဲ့ ငတိက သူ့အုပ်ချုပ်ခံပြည်သူတွေအပေါ် သစ္စာရှိပါ့မယ်၊ ပြည်သူ့အကျိုး မုချမသွေ သယ်ပိုးပါ့မယ်လို့ ပြည်သူ့ထံမှာ သစ္စာခံထားတာလို့ ဆိုနိုင်မလား။ 

“အင်း .. ဟုတ်ပါ့မလား မောင်ကာဋုရဲ့” လို့ မေးရတော့မှာပဲ။ 

မင်းတိုင်းတော့ အဲ့လိုဟုတ်မယ်မထင်ပေါင်။ ယောင်တောင်ပေါင်တောင် ဟန်ပြ အဆံပြ သစ္စာခံပြီး သူ့အတ္တအတွက် သူလုပ်ချင်ရာလုပ်သွား တဲ့ မင်းပေါင်း ဘယ်လောက်ရှိပြီဆိုတာ ဘယ်သူသိနိုင်တာမှတ်လို့။

“သစ္စာစူးရင် ဘာဖြစ်တတ်သတဲ့တုန်း .. မင်းကြီးများ”  ဆိုတာ ဇာတ်တွေမှာပြောတဲ့ ဇာတ်စကားသက်သက်ပေလား။ သစ္စာစူးရင် ဘာဖြစ်တတ်/ ပျက်သွားတတ်သတဲ့တုန်း။ ဖြစ်သွားဖူးတယ်လို့များ ကြားမိကြလား။ ရာဇဝင်ဘုတ်အုတ်တွေ နီတိစာအုပ်တွေထဲမတော့ သစ္စာစူးလို့ ဘဝပျက်သွားတဲ့ ဇာတ်သွားတွေများမှများ။

‘သစ္စာခံ’ တယ်ဆိုတဲ့ စကားလည်း ရှိသေးတာပဲ။ အဲဒီစကားက ဘာပြောချင်တာလဲ? 

( နိုင်ငံ၊ လူမျိုးစသည်ပေါ်တွင်ထားရှိသောစောင့်သိရိုသေမှု။ နိုင်ငံတော်၏ သစ္စာကို စောင့်ထိန်းခြင်း) လို့ အနက်ထွက်မယ်  ရည်ညွှန်းကြမယ် ထင်တယ်။ နောက်တမျိုးစဉ်းစားရင် (သစ္စာကို စောင့်သိရိုသေလိုက်နာပါမည်ဟု ကတိပြုသည်) လို့ပြောနိုင်တာပေါ့။

မစောင့်သိရင်ကော? ဖေါက်ပြန်ခဲ့ရင်ကော?

ဘယ်သူက ဘယ်သူ့အပေါ် သစ္စာစောင့်သိရမှာလဲ? 

နိုင်ငံတော်က ပြည့်သူ့အပေါ်လား? အုပ်ချုပ်သူက ပြည်သူ့အပေါ်လား? 

ပြည်သူက ဒီနှစ်ခုစလုံးအပေါ်လား? အပြန်အလှန်လား?

ဒါဆိုကောင်းတာပေါ့ သစ္စာဖြင့်ချည်နှောင်ထားခြင်းဟာ ခိုင်ပေမပေါ့။ တည်တံ့ပေမပေါ့။

နို့ပေမင့် တကယ်ကော သစ္စာနဲ့ ချည်ထားကြရဲ့လား? ကိုယ်ကျိုးစီးပွားအတွက် အာမတွေခံ ချည်နှောင်တည်းထားဟန်ဆောင်ပြီး ထင်ရာလုပ်နေ ကြတာလား?

လုပ်တော့ ဘာဖြစ်သတုန်း? တိုင်းပြည်ပျက်ကရောတဲ့လား?

ကြည့်နေတဲ့ မိုးအလင်းဇာတ်က ခုမှ ငိုချင်းချတဲ့အခန်းရောက်တုန်းဆိုတော့ ဘယ်လို ဇာတ်သိမ်းမယ်ဆိုတာ ကိုယ်ဖြင့် မမှန်းတတ်ဘူး။


ဘာမှ မဟုတ်ဘူး။

“အလောင်းမင်းတရားကြီး” က သူမသေခင်မှာ “ငါ့သားတော်များ အစဉ်အတိုင်း နန်းတက်ကြရမယ်” လို့ မှာခဲ့တာကို ဖအေဘုရင်ဖျားကို သစ္စာခံထားကြသော သားတွေက အာဏာအတွက်ဆိုရင် ဘာသစ္စာမှ ဂရုမစိုက် လုပ်ချင်တိုင်းလုပ်ဆုတ်လိုက်လို့ ညီအစ်ကိုရင်းချင်း ရန်သတ် သွေး‌ချောင်းစီးပြီး နန်းဆက် ပျက်ခဲ့ရကြောင်းလေးရေးဖို့ ‘တည်’ လိုက်တာ။ သစ္စာ ဆိုတဲ့ စကားလုံးအရောက် သစ္စာရှာဖို့ မြင်းစီးထွက်လိုက်မိတယ်။ အဲသမှာတင် သစ္စာတော အရောက် သစ္စာတောမှောက် ခဲ့ပါလေရော။

နောက်မှပဲ “အလောင်းမင်းတရားကြီးနင့် သူ၏ သစ္စာမရှိသော သားများ” ဘာညာ ပွားကြတာပေါ့။ နော။ 

ငအအ

Friday, September 20, 2024 at 5:32 AM

Visited 31 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *