စတိတ်ရှိုးအပြီးညမှာတော့ အောင်ပွဲအနေနဲ့ သောက်ကြစားကြ အောင်ပွဲခံဖြစ်ခဲ့ကြပါတယ်။
အဲ့ဒီနေ့က မအိပ်ဖြစ်ကြတော့ဘူးထင်ပါရဲ့။ ဒါလည်း မှတ်ဉာဏ်မှာ ရေးရေးတေးတေးနဲ့လုံးထွေးနေပါတယ်။ နောက် တစ်ရက်မှာ အိမ်တွေမှာထမင်းဖိတ်ကျွေးပြီး နှုတ်ဆက်ပွဲ လုပ်ပေးပါတယ်။ ဒီရက်တွေအတွင်း မြို့ခံတွေနဲ့ အတော်ရင်းနှီးနေပြီ ဖြစ်တဲ့အပြင် တစ်စင်တည်း အတူဆိုခဲ့ကြသူမြို့ခံပျိုဖြူတွေနဲ့ လက်ပွန်းတတီးနေခဲ့ကြတဲ့ မောင်တွေတစ်ချို့ဟာ ရင်ခုန်သံတွေ ပိုးလိုးပက်လက်လန် နေကြပါပြီ။ နှုတ်ဆက်ကြ၊ အမှာစကားတွေချွေကြ၊ မေ့မသွားနဲ့နော်တွေ ဘာတွေဖြစ်ကြနဲ့၊ ထမင်းအဟာရထက် နှလုံးသား အဟာရ တွေကို ပိုထည့်စားနေကြသလိုပါပဲ။
သေချာတာကတော့ နောက်နေ့မနက်ပိုင်းမှာ စက်လှေနဲ့ ပြန်ပါတယ်။
ဒီတစ်ခါက လာတုန်းကလို စင်းလုံးငှားလှေမဟုတ်တော့ပါဘူး။ နည်းနည်းပိုကြီးသလို ကျွန်တော်တို့ချည်း သီးသန့်လည်း မဟုတ်တော့ပါ။ ညကအငြိမ့်ပွဲက သဘင်သယ်တွေရယ်၊ ဆိုင်းဝိုင်းပစ္စည်းတွေရယ်ပါ ပါပါတယ်။ အခြား ခရီးသည်တော့ မပါပါ ဘူး။ ကြည့်ရတာ အပြန်မှာမို့လို့နှစ်ဖွဲ့ပေါင်းထည့်လိုက်ပုံရပါတယ်။ လာတုန်းကထက်စာရင်နည်းနည်းနေရထိုင်ရကြပ်ပေမယ့် ကိုယ့်လူ တွေ ကတော့ ဒီလိုပေါင်းထည့်ပေးလိုက်တာကို မကျေမနပ် မဖြစ်တဲ့အပြင် ဆုလာဒ်ကြီးတစ်ခု ရလိုက်တယ်တောင် ထင်နေဦးမှာပါ။
ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့လှေပေါ်တက်လာတဲ့ အငြိမ့်အဖွဲ့မှာ ခေါင်းဆောင်မင်းသမီးအပါ၊ အငြိမ့်သမတွေပါ ပါလာလို့ ပါပဲ။အိပ်ရေးပျက်ထားလို့ အိပ်သူတွေအိပ်ကြပေမယ့် မအိပ်သူတွေနဲ့ကိုယ့်အဖွဲ့စကားစမြည်နေကြသံဟာ လှေက အင်ဂျင်စက်သံ ထက်တောင် ပိုကျယ်သယောက်ပါပဲ။ ဒီလိုရင်းနဲ့ သိခဲ့ကြ၊ ဒီလိုရင်းနဲ့ ညိခဲ့ကြတာ၊ မြို့ပြန်ရောက်ပြီး အချိန် တော်တော်ကြာ တဲ့အထိ၊ အဲ့ဒီအငြိမ့်စင်ရှိရာ၊ သူတို့ ပွဲကရာမှန်သမျှနောက်ကို လိုက်ကြည့်ကြတဲ့ အဖွဲ့သားတွေလည်းရှိလာပါတယ်။ သူတို့နောက် အဖေါ် လိုက်ကြရတဲ့ ကျွန်တော်တို့မှာလည်း မျက်တွင်းဟောက်ပက် အရိုးဂေါက်ဂက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်သူတစ်ယောက်ကမှတော့ အငြိမ့် မင်းသမီးနဲ့ တစ်အိုးတစ်အိမ်ထူထောင်ဖို့ ဖူးစာမကြုံခဲ့ကြပါဘူး။
တကယ်တော့ သူတို့ဟာ ‘မခင်ပျို”နဲ့ မဆုံဖူးခဲ့ကြလို့ဖြစ်မှာပါ။ တကယ်လို့များ ကြုံဆုံဖူးခဲ့ကြရင်၊ ခုလို အရူးအမူး ဖြစ်ခဲ့ဖူး ချစ်ခဲ့ဖူးကြရင် ကံကြမ္မာဟာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက ပြောနိုင်မှာတဲ့လဲ။
ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်တစ်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင် ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူ ဟုလည်း ထင်မိသေး၏။ တစ်ခါတုန်းက မခင်ပျို၏ ထမီအနား ခတ်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာ ဖြစ်သည်။
တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့် အသည်းနှလုံး ပြန်လာပါသည်။ အခုတော့ မခင်ပျို နေဝင်တော့မည် ထင်ပါသည်။ သွားကြစို့၊ သွားကြစို့ မခင်ပျို။ တစ်ယောက် တစ်လမ်းစီ ဆိုပေမယ့် ဆုံရဦးမှာ သေချာပါသည်။
* * *
နီရဲစေးပျစ်သော လက်ဖက်ရည် ပန်ကန်လုံးထဲမှာ နို့နှစ်အဆီများ ဝေ့နေ၏။ ခပ်ဝေးဝေးမှာ ဆိုင်းတီးသံ ကြားရသည်။ အေးမြသော လေထုကို ဖြတ်၍ ဆိုင်းတီးသံသည် ချမ်းတုန်စွာ ပြေးလာသည်။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာ ရနံ့များ ဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါ ကားပေါ်မှာ ရွှေခြည် ငွေခြည် ဘော်ကြယ်စာလုံးတွေ ဝင်းလက် ဖိတ်ဖိတ်တောက်နေသည်။
ဒီနေ့ည မခင်ပျို ဘယ်မှာ ကမှာလဲ။ ရွှေဘုန်းရှိန် မှာလား၊ ပုလဲငွေရောင် မှာလား။ ရုံတော်ကြီး မှာလား၊ မလွန် မှာလား၊ ဈေးချို မှာပဲလား၊ လူတစ်ယောက်ရဲ့ ရင်ထဲမှာလား။ ဘာမှမဟုတ်သော သာမန် ရေမြောင်းကလေး ဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏ အတွင်းရေးများကို ကျောက်တုံး ရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာ သိမ်းဆည်းထားသူ ဖြစ်၏။
စိန်မြင့်လာ၍ ကျွန်တော်တို့ နုကြည်ရိပ်သာကို သွားကြ၏။ ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ညဉ့်နက်အောင် ထိုင်ကြ၏။ စိန်မြင့်သည် စကားများပေမယ့် စကားပြော ကောင်း၏။
ကဗျာအကြောင်း၊ အလင်္ကာအကြောင်းတွေကို ပြောသည်။ နတ်ရှင်နောင် အကြောင်း၊ အိုမာခယမ် အကြောင်း၊ နီရူးဒါး အကြောင်း၊ ခေတ်စမ်းကဗျာတွေ အကြောင်း ပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ် အကြောင်းလည်း ပြောသည်ထင်၏။ ကျွန်တော်သည် ကြက်သွေးရောင်ကတ္တီပါကားလိပ် အကြောင်း ကိုသာ စိတ်ရောက်နေ၏။ ပွဲဈေးတန်းက မုန့်မောင်နှမ အိုးကင်း ညှော်နံ့ သင်းပျံ့ပျံ့ ကလေးသာ စိတ်ကူးနေမိ၏။
လထွက်ပြီး ထူးထူးဆန်းဆန်း မှတ်မိနေသည်က ထိုည ကျွန်တော် မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ ထနောင်းပင် ကိုင်းဖျား လတစ်ခြမ်း ချိတ်သော အချိန်တွင် အချစ်အကြောင်း စကားစပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘော ကွဲလွဲခဲ့ကြသည်။
* * *
အချစ်ဆိုတာ ဘာလဲ။ ရွှန်းလက်ညိုမှောင် အလိုမကျယောင်ဆောင်တဲ့ မျက်စောင်းကလေးလား။ ဘယ်တဆစ်၊ ညာတစ်ဆစ် ချိုးချလိုက်တဲ့ လက်မောင်း သွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ် ပျံတက်နေတဲ့ လက်ဖျားကလေးတွေ လား။ ဆလိုက်မီး အပြောင်းမှာ တစ်ချက် ဝင်းခနဲ လက်သွားတဲ့ ရင်ညွန့်ဝါဝါ ကလေးလား။ ဒူးကလေးတွေ ညွှတ်ပြီး ဒူးပေါ်မှာ လက်နှစ်ဘက် တန်းတန်းချလို့၊ ပခုံးကလေး ဗယ်ညာလှုပ်လို့ ဇာတ်စင်ရှေ့ပိုင်းကို အပြေးကလေး ထွက်လာတဲ့ ဟန်ကလေးလား။
အချစ်ဆိုတာ မခင်ပျိုရယ်၊ မျက်နှာလား၊ အသံလား၊ ကိုယ်လုံးလား၊ အသံလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးသက်ရာက်မှုလား။ လူတွေ ညာပြောနေကြတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော် လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်က စပြီး မုသားတွေ မမြင်သာအောင် ဖုံးဖို့ ဝှက်ဖို့ နေရာကောင်းတစ်ခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲ မခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ။ ငါတော့ ပေးဆပ်လိုက်ပြီလို့ သူ့ကိုယ်သူ ထင်နေတဲ့ သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။
ကျွန်တော်တို့သည် ဇာတ်ခုံဝန်းကျင် သို့မဟုတ် ဇာတ်စင်များပေါ်တွင် သံယောဇဉ်အပင်စိုက်ပျိုး ချင်ကြ၏။ စိုက်ပျိုးခဲ့ကြဖူး၏။ အချို့လူများအတွက်မူ ဇာတ်သဘင်သည် အိပ်ရာဝင်ရန်ပြင်ဆင်ထားသော ကုတင်တစ်ခုသဖွယ်ဖြစ်နေသည်ကိုလည်း မြင်/ကြားရလေ့ ရှိပြန်သည်။ လောကဇာတ်ခုံဟူသော စကားအတိုင်းပေလား။
မိုးဖြိုင်ဖြိုင်ကျမလာမီကာလအထိတော့ သူ့အိပ်ရာထိုင်ခင်းကိစ္စမှာ အခက်အခဲသိပ်မရှိလှ။ ဤအချိန်များက ရန်ကုန်တွင် ပွဲလမ်းသဘင်ပြတ်သည်မရှိ။ ဘုရားပွဲ၊ ဇာတ်ပွဲ၊ မိုးအလင်းရုပ်ရှင်ရုံ စသဖြင့် တစ်နေရာမှာ တစ်မျိုးရှိနေတတ်သည်။ သူ့အနေဖြင့် ဆိုင်းသံဗုံသံ နှင့် အသံချဲ့စက်သံကိုသာ နားစွင့်နေဖို့ ရှိသည်။ ပြီးတော့ ပွဲခင်းထဲသွားကာ ပွဲဈေးတန်းမှ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက် ဆေးပေါ့လိပ်တစ်လိပ်နှင့် ညဉ့်အတော်နက်သည်အထိ ထိုင်နေမည်။ များသောအားဖြင့် ၁၂နာရီ ကျော်လျှင် ရုံဖွင့်တတ်သည်။ ရုံဖွင့်လျှင် ရုံထဲဝင်ကာ နောက်ဆုံးမှ လွတ်ရာဖျာတစ်ချပ်အပေါ် ခွေခွေကလေး လှဲအိပ်လိုက်ရုံပင်။ ခွေခွေမအိပ်၍တော့မဖြစ်။ သိပ်မကျယ်သော ပွဲခင်းထဲမှာ ခြေဆန့် လက်ဆန့် လွတ်လွတ်လပ်လပ်အိပ်၍ မဖြစ်နိုင်။ အဲသလို ခွေခွေ ကွေးရင်း ဖိနပ်ကိုလည်းချွတ်ကာ ရင်ခွင်ထဲ ပိုက်ရ၏။ သို့မဟုတ်လျှင် မိုးလင်းကျ ဖိနပ်ပျောက်နေတတ်သည်။ သူ့ကိုတွေ့သည့် လူအချို့က ဇာတ်ရုံထဲ အသားလွတ်လာအိပ်သည်ဟု မထင်ကြ။ ဇာတ်လာကြည့်ရင်း အိပ်ချင်စိတ်မထိန်းနိုင်သူတစ်ယောက်ဟုသာ ယူဆကြသည်။ ဆိုင်းသံ တခြိမ်းခြိမ်းကို နားထောင်ရင်း အိပ်ရတာ တစ်မျိုးကောင်းသည်။ သုံးကားပေါင်းမိုးလင်း ရုပ်ရှင်ရုံထဲ ဝင်အိပ်လည်းရသည်။ အကြောင်းမသိသော မိတ်ဆွေတစ်ဦးက ပွဲခင်းတစ်နေရာဝယ်ဆုံခိုက် ” ဘယ်နေရာမှာ ဇာတ်ကက ခင်ဗျားကို အမြဲတွေ့တယ်။ တော်တော် ဇာတ်ဝါသနာပါတယ်ထင်တယ်” ဟု မှတ်ချက်ချဖူး၏။ သည်လိုနှင့် မိုးကျလာသည်။
ရန်ကုန်တွင် ပွဲလမ်းသဘင်မရှိတော့။ ဇာတ်များလည်း နယ်တက်သွားကြသည်။ သူလည်း အိပ်စက်နားနေရန် အခက်အခဲ ကြုံလာပြန်သည်။
မြန်မာ့ပန်းချီကျော် ဆရာဦးဘရင်ကလေးသည်လည်း ၂၀ ရာစု အစောပိုင်းက မြန်မာနိုင်ငံ၏ နာမည်ကျော် အငြိမ့်မင်းသမီးနှင့် ဓာတ်ပြားအဆိုတော်ဖြစ်သည့် လေဘာတီမြရင် (၁၉၀၄–၁၉၄၅)၏ ပုံကို ရေးဆွဲခဲ့ဖူးသည်။ ဆွဲထားသည့် ပုံကိုကြည့်လိုက်သည်နှင့် ပန်းချီဆရာကျော်၏ ရင်ထဲ စွဲစွဲနစ်နစ်စူးဝင်နေသောချစ်ခြင်းမေတ္တာတရားကို တွေ့နိုင်မည်ထင်သည်။ အငြိမ့်မင်းသမီးတစ်ယောက်ကို ချစ်ခင်စွဲလမ်းခြင်းမျိုးမဟုတ်၊ “အငြိမ့်” ဟူသောအရာကိုချစ်ခြင်းသာ။ ထိုပန်းချီကားကို (၁၉၇၁)ခုနှစ်တွင်ရေးဆွဲပြီး “ Liberty Ma Mya Yin (1971)” ဟု အမည်ပေးခဲ့သည်။ (112x109cm) အရွယ်အစားရှိ ကင်းဗတ်ပေါ်တွင် ဆီဆေးဖြင့်ဆွဲထားသောကားဖြစ်သည်။ မှတ်တမ်းစာအုပ်များတွင်မူ Myanmar Ahla Gallery Collection ဟုရေးထိုးထားသည်ကို တွေ့ရမည်။ ရောင်းရန်မဟုတ်ဘဲ ပန်းချီပြခန်း၏ တန်ဖိုးထားသိမ်းဆည်းထားသော ကားဖြစ်သည်။
ကျွန်တော်တို့ခေတ်ရောက်သည်အထိ နာမည်ကျော်ကြားလှသော အငြိမ့် သီချင်းတစ်ပုဒ်မှာ “ မီးရောင်အောက်ကို ဝင်ရင် လူပြက်တွေနဲ့ တွဲလို့ မောင့်သဘောက မကြည်မလင်”ဟူသောစာသားကို သတိရလိုက်သည်နှင့် ထိုအကြောင်းအရာများ ရေးသားထား သော သတင်းတစ်ပုဒ် ခေါင်းထဲဝင်လာသည်။ သီချင်းအမည်မှာ “အလှူ့ရှင်” ဖြစ်ပြီး၊ ထိုသတင်းကတော့ ဤသို့ဆို၏။
“ အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့လူဆိုတာမျိုးနော်၊ သဘောနည်းနည်းကြီး ဦးမှပါ့ သခင်ရယ်၊ မီးရောင်အောက်ကို ဝင်ရင် လူပြက်တွေနဲ့ တွဲလို့ မောင့်သဘောက မကြည်မလင်” စတဲ့ လေဘာတီ မမြရင်ရဲ့ အလှူ့ရှင်သီချင်းဟာ နှစ်ပေါင်း ၈ဝ ကြာတဲ့အထိ ထင်ရှားဆဲ ဖြစ်ပါတယ်။ နာမည်ကျော် အငြိမ့်မင်းသမီးကို သူ့ချစ်သူက သဝန်တိုတဲ့အကြောင်း စပ်တဲ့သီချင်းလို့ ဒီသီချင်းကို သိကြတာပါ။ ဒါပေမဲ့ မမြရင်ရဲ့ ချစ်သူ ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ ဆိုတာကို သိတဲ့သူ နည်းပါတယ်။
သူ့ကို ပိုးပန်းကြတဲ့ ပရိသတ်တွေထဲမှာ ရန်ကုန်မြို့တော်ဝန် ဦးကျော်ဇံ၊ မြန်မာပြည်ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးစတဲ့ မြန်မာပြည်မှာ ဗြိတိသျှတွေ ပြီးရင် ထိပ်ဆုံးဆိုတဲ့ လူကြီးတွေ ပါပါတယ်။ နှုတ်ခမ်းမွေးကြီး ဦးကျော်ဇံက မမြရင်ကို သူ့ခြံမှာ အငြိမ့်လာကတဲ့အခါ ခြေအိတ်ချွတ်ကရင် ရွှေဒင်္ဂါးနှစ်ပြားပေးမယ်ဆိုပြီး တောင်းဆိုပေမယ့် မမြရင်ကမချွတ်ဘူး ဆိုတဲ့ အဖြစ်ကလည်း ပြောစမှတ် ဖြစ်ခဲ့ပါတယ်။
မမြရင်သီချင်းတွေကို လူငယ်ဘဝက ကြိုက်ခဲ့သူတွေထဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်လည်း ပါပါတယ်။ မြန်မာပြည်ကို ခဏအလည်ပြန်လာတဲ့ ဦးသန့်က သူ့ကို ဧည့်ခံပွဲတခုမှာ မမြရင်သီချင်းတွေ မရကြဘူးလားလို့ မေးခဲ့ပါတယ်။ မမြရင်ဟာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က အနှစ် ၂ဝ ကျော် ကခဲ့တဲ့ မင်းသမီးတလက်မို့သီချင်းပုဒ်ရေ ရာချီပြီး ဆိုသွားခဲ့သူ ဖြစ်ပါတယ်။ ဒီသီချင်းတွေထဲက တချို့ဟာ သူ့ဘဝနဲ့ သက်ဆိုင်နေပြီး သူနဲ့သူ့ချစ်သူတွေအကြောင်း ရေးဖွဲ့ထားတာပါ။
သူ့ချစ်သူဟာ မမြရင်ဆီကို လူပြက်တွေ၊ သီချင်းရေးဆရာတွေ ဝင်တာထွက်တာ လည်း မကြိုက်ပါဘူး။ ဒီအကြောင်းတွေကို သိတဲ့ သီချင်းရေးဆရာတွေက မမြရင်ဇာတ်လမ်း တွေကို သီချင်းစပ်ပေးကြတယ် ဆိုသလို သူ့ချစ်သူကိုယ်တိုင်က တေးရေးဆရာတွေကို ရေးခိုင်းတာတွေလည်း ရှိတယ်လို့ မန္တလေးအကြောင်း ဆောင်းပါးတွေ ရေးတတ်တဲ့ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ နန်းတော်ရှေ့ဆရာတင်က မမြရင်ကို တောမင်းသမီး ဘဝက ခိုးပြေးဖို့ကြံခဲ့ဖူးတယ်ဆိုတဲ့ ဇာတ်လမ်းကလည်းရှိခဲ့တဲ့အတွက် ချစ်သူက စိုးရိမ်တာ လည်း မဆန်းပါဘူး။
မမြရင်နည်းတူ မြန်မာ့အငြိမ့်အကြောင်းပြောလျှင် ချန်လှပ်ထားမရသူ နောက်တစ်ဦးမှာ “မင်းသမီးမထွေးလေး”ဖြစ်၏။
မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရားတို့ ခေတ်တွင် နန်းတွင်းအီနောင်ဇာတ်၊ ရာမဇာတ် စသည်တို့ ကို ကပြခဲ့စဉ်က အီနောင်နန်းတွင်းဇာတ်တော်ကြီးတွင် အထူးနာမည်ကျော်ကြားလူကြိုက်များလှသော တော်သုံးမင်းသမီးကြီး “ယင်းတော်မလေး” သည် အရေးပါ အရာရောက်ဆုံးသူဖြစ်ခဲ့သည်။ သူ့နောက်တွင် “ဆင်ခိုးမလေး”။
ယင်းတော်မလေး၊ ဆင်ခိုးမကလေးတို့နှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော “ဒေါ်ကွမ်းငုံ”နှင့် “ကိန္နရာပျံ” တို့သည်လည်း ထင်ရှားသော ဇာတ်မင်းသမီးများ ဖြစ်ကြ၏။
မင်းသမီးမထွေးလေးသည် သူ့ရှေ့ကထိုမင်းသမီးကြီးများ အရွယ်ရ၍ အကျဘက်ရောက်ချိန်တွင် ပျိုမြစ်စွာ ထင်ပေါ်လာခဲ့ဖူးသူ၊ အငြိမ့်မင်းသမီးမှတ်တမ်းတွင် တော်ဝင်တန်းဝင်ဖြစ်ခဲ့သူဖြစ်၏။ ဒေါ်ထွေးလေး အသက် ၁၂ နှစ်သမီးက အသက် ၆ဝ နားအထိ သဘင်ပညာနှင့် အသက်မွေး၍ သွားရာ။ သူ့နောက်ပေါက် မင်းသမီးငယ်များမှာ အမေထွေးတပည့် မဟုတ်လျှင် မင်းသမီးအရာ မဝင်သလောက် အထင်သေးခံကြရသည် ထင်ရှားလှသူဖြစ်ခဲ့သည်။ သူကွယ်လွန်ပြီးနောက်သတင်းများက ထိုသို့ ဖေါ်ပြထားခဲ့သည်။
အမေထွေးဟု အများသိကြသည့် အငြိမ့်မင်းသမီးကြီး မထွေးလေးသည် ၁၉၂၈ ခုနှစ်တွင် တံတားဦး မြို့၌ကွယ်လွန်ပြီး မြင်း ဝန်သုဿန်တွင် မြုပ်နှံသည်ဟု ဆိုကြသော်လည်း စာရေးဆရာမကြီး လူထု ဒေါ်အမာ၏ “ပြည်သူချစ်သော အနုပညာ သည်များ” စာအုပ်တွင်မူ ဒေါ်ထွေးလေး၏ အလောင်းကို ဂူသွင်းမြုပ်နှံခြင်းမရှိပါဟု ယင်းစာအုပ်ပြုစုစဉ် တံတားဦးမှ သိမှီ သည့် လူကြီးသူမများအား မေးမြန်းပြောဆိုချက်ကို ကိုးကား၍ ထည့်သွင်းထားသည်။မန္တလေး ဒုတိယသဘင်ခေတ်၌ ကျော်ကြားခဲ့သည့် အငြိမ့်မင်းသမီးကြီး မထွေးလေး(အမေထွေး)အား မြုပ်နှံထားသည်ဆို သော တံတားဦး မြင်းဝန်သုဿန်မှ အုတ်ဂူကို နွားကျော်ထ သုဿန်ကို ပြောင်းရွှေ့မည်ဟု မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)မှ သတင်းရသည်။
ရှေးမြန်မာအငြိမ့်မင်းသမီးကြီးများအကြောင်းတွေးမိရင်း၊ အငြိမ့်အကြောင်းသိချင်လာသည်။ ထိုအနုပညာရပ်ဝန်း၌ ထင်ရှားသော ကိုသူရ(ဇာဂနာ)ထံ စာရေး၍ လှမ်းမေးမိသည်။ သူပြန်လည်ဖြေကြားခဲ့သည်မှာ ဤသို့။
အကိုရေ ..။
အငြိမ့်က ရောချနေကြတာပါ။
အင်းဝခေတ် ဓမ္မရာသီပျို့ထဲ အငြိမ့်ပါတယ်ဆိုပြီး လူထုဒေါ်အမာရေးတာကို ကိုးကားကြပါ တယ်။ “ပွဲမျိုးရှိရာ၊ ဖွေရှာတီးမှုတ်၊ သောက်တုန့်လှည့်လည်၊ အငြိမ့်သည်” ဆိုတာလေးနဲ့အငြိမ့် ပေါ်ပြီလို့ဆိုတယ်။ ကုန်းဘောင်ခေတ် မုံရွေးဇေတဝန် ဆရာတော်ရဲ့ ကုသပျို့မှာ ..၊
“လ၏ခြံရံ ကြယ်နှယ်ပွံသည်
မိသံခပင်း ရွှေအိမ်တွင်းဝယ်
ညှင်းနဲ့မိကျောင်း စောင်းအောင်းကလေး
ရွှေရေးပတ္တလားအငြိမ့်များ” ဆိုလို့ အငြိမ့်ပေါ်ပြီဆိုတယ်။
တိကျတဲ့အထောက်အထားဆိုပေမဲ့ ယနေ့မြင်ရတဲ့အငြိမ့်မဟုတ်ဘူး။ ထိုင်တို အငြိမ့် ပါ။ အထက်ဖော်ပြပါတူရိယာများနဲ့ ဖျော်ဖြေတဲ့ ထိုင်ပြီးသီချင်းဆိုတာ။ အကမပါဘူး။ လူပြက်မပါဘူး။ ဆရာဇော်ဂျီ နဲ့ သဘင်ဝန် ဦးနုစာအရ “အငြိမ့်ထက ရွှေမြိုင်က” လို့ဆိုတယ်။ အင်္ဂလိပ်ခေတ်ပါ။ ပထမဆုံး ထ က တာ မော်လမြိုင် “မစိန်ငုံ”တဲ့။
ပထမဆုံးသီချင်းက “ပန်းတွေနဲ့ဝေ” (ကိုဝဏ္ဏရုပ်ရှင်ထဲက ပန်းတွေနဲ့ဝေ မဟုတ်ဘူး နော်)။ တလိုင်းသံနဲ့ ပန်းတွေနဲ့ဝေပါ။ ပထမဆုံး အငြိမ့်ကတာ၊ ပုဇွန်တောင်ရပ်၊ စပါးပွဲစား မောင်သာဝေ ရဲ့ အလှူတဲ့။ ၁၂၆၂ သီတင်းကျွတ်လပြည့်ကျော်တစ်ရက် လို့ဆိုပါတယ် .။
ဆရာဇော်ဂျီစာထဲက ပိုဖြစ်နိုင်တယ်။ သည်တုန်းက ဦးကျော်ဇံဆိုတာရှိတယ်။ သူက တောကားတောင်ကားတွေရေးတာ။ သူထောင်ထားတာ ဖာရစီ အဖွဲ့။ ကုလားမ က, ကတယ်။ လူပြက်နှစ်ယောက်က နောက်တယ်၊ ပြောင်တယ်။ ဒါကို ဗမာမှုပြုတော့ လူပြက်မရှိလို့ မင်းသမီး မစိန်ငုံက သံစုံကိုရွတ် ဆိုပြီး (အသံတု ပေါ့) ရီစရာလုပ်တယ်။ နို့ပို့ကုလားနဲ့ တရုပ်ဝက်သားသည် ရန်ဖြစ်တဲ့အသံတု ဆိုတယ်။ အောင်မြင်သတဲ့။ မစိန်ငုံ ရဲ့ ညီမက မစိန်သုံ။ မစိန်သုံနဲ့ ဦးချစ်ဖွယ်အိမ်ထောင်ကျ။ “မြန်မာ့ပထမ အငြိမ့်”ဆိုပြီး မန္တလေးမှာ အငြိမ့်ပြန်ထောင် တယ်တဲ့။ မန္တလေး အငြိမ့်ပထမ ထူထောင်သူက ချစ်ဖွယ်၊ စိန်သုံပါခင်ဗျာ။
အငြိမ့်အကြောင်းတွေးနေရာမှာ ဇာတ်သဘင်ဆီ စိတ်ရောက်သွားပြန်သည်။ ငါးရာစုကတည်းက ပေါ်ပေါက်လာသည်ဟု ယူဆ ထားကြသော ဇာတ်သဘင်သည် အငြိမ့်ထက်တော့ အပုံကြီးသက်တမ်းရင့်ခဲ့သည်။ ဝီကီပီးဒီးယား၏ “မြန်မာဇာတ်သဘင်”ခေါင်းစဉ်ဖြင့် မှတ်တမ်းပြုထားမှုတွင် ထိုသို့တွေ့ရ၏။
သထုံခေတ် (ငါးရာစုနှစ်မှ ၁၁ ရာစုနှစ်အထိ)
မြန်မာသဘင်ပညာသည် ငါးရာစုနှစ်မှ စ၍ မြန်မာနိုင်ငံအောက်ပိုင်းတွင် သထုံမြို့၊ ပဲခူးမြို့ဖြစ်သော မွန်တို့၏ဒေသ၌လည်းကောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သရေခေတ္တရာ မြို့ဖြစ်သော ပျူတို့၏ ဒေသ၌လည်းကောင်း ထွန်းကားခဲ့လေသည်။ ထိုခေတ်တွင် ဗုဒ္ဓ သာသနာတော် နှင့်တစ်ကွ ရှေးအိန္ဒိယယဉ်ကျေးမှုတို့သည် ထိုမြို့များသို့ ရောက်ရှိကြပြီး ဖြစ်လေသည်။ သထုံမြို့၊ ပဲခူးမြို ပတ်လည်တစ်ဝိုက်၌ ကမ္ပည်း ကျောက်စာဌာနမှ တူးဖော်ရရှိသော စဉ့်ကွင်းတို့တွင် သီဆိုတီးမှုတ် ကခုန်ဟန် အမူအရာတို့ကို အထင်အရှား မြင်နိုင်သည်။ များသောအားဖြင့် ငြင်းမှုတ်သူ၊ စည်တီးသူ၊ စည်းဆုပ်တီးသူတို့၏ အမူအရာများကို တွေ့ရသောကြောင့် ထိုအခါက ပွဲလမ်းသဘင်တို့၌ အရပ်သူ အရပ်သားများ လှည့်လည်သီဆို ကခုန်သောအလေ့ ထွန်းကားခဲ့ပြီဟု ယူဆနိုင်လေသည်။ ထိုခေတ်လောက်တွင် အိန္ဒိယတိုင်းသား ကုန်သည်များသည် သဘေသ္မာဆိပ်မြို့များ ဖြစ်ကြသော သထုံ၊ ပဲခူး၊ သံလျင်တို့သို့ရောက်ကြသဖြင့် ရာမာယဏဇာတ်ကို မိမိတို့နှင့်တစ်ပါတည်း ယူဆောင်ခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ် ကြောင့်ဆိုသော် ပဲခူး၊ သံလျင်တစ်ဝိုက်တွင် တူးဖော်ရရှိသော စဉ့်ကွင်းများ၌ ဘီလူးတပ်ချီဟန် အရုပ်များကို တွေ့ရှိရသည်။ ထိုအရုပ်များသည် ရာမမင်း၏ ဟနုမန်စစ်တပ်နှင့် ဒသဂီရိဘီလူးတပ် စစ်ထိုးဟန်ဖြစ်မည် ဟု ယူဆရလေသည်။
ခုနှစ်သက္ကရာဇ်နှင့် ခေတ်တို့သည် မြစ်ပျိုတစ်စင်းနှယ် အရှိန်ပြင်းပြင်းစီးဆင်းနေ၏။
ငါးရာစုနှစ်က စတင်ပေါ်ပေါက်ခဲ့သော ဇာတ်ပွဲသည်လည်းကောင်း၊ အင်္ဂလိပ်ကိုလိုနီခေတ်က မွေးဖွားလာသော အငြိမ့် သည်လည်းကောင်း ၂၁ ရာစုအဝင်တွင် စတင်မှေးမှိန်ချင်လာသည်ဟု ဆိုရမည်ထင်ပါသည်။ ကျွန်တော်ငယ်ငယ်က ဇာတ်စင်ဘေးတွင် မိုးအလင်းနေခဲ့ ကြည့်ခဲ့သည်အထိ စွဲခဲ့ဖူးသည်။ လူပျိုပေါက်ဝင်စ ၁၉၇၀ကျော်ဝန်းကျင်တွင် စတီဒီယိုတေးသံများ အညောင့်ပေါက် အညွန့် ထွက်လာသည်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်တွင် အငြိမ့်စင်များနေရာတွင် စတိတ်ရှိုးများအစာထိုးဝင်အလာ၊ ပရိတ်သတ်က နှစ်သက်စွာ အားပေးသည်ကို မြင်စပြုလာရပြီ။ ထိုနှစ်များနောက်ပိုင်းတွင်တော့ ဇာတ်နှင့်အငြိမ့်တို့ တဖြည်းဖြည်းအရှိန်တန့်လာပုံရ၏။ ညလုံးပေါက်ဇာတ်ပွဲများသည် ညဉ့်ဝက်ဇာတ်ပွဲများအသွင်ပြောင်းလာသည်။ အငြိမ့်နေရာတွင် ပြဇာတ်မင်းသားများကိုယ်တိုင် သီဆိုဖျော်ဖြေသော စတိတ်ရှိုးကဏ္ဍ ရောက်လာသည်။ ဒီရေအီရာမှ အကျဘက်ရောက်လာသည့်အချိန်။ အစိုးရအုပ်ချုပ်သူများ၊ မြန်မာ့ အနုပညာယဉ်ကျေးမှုကို ထိန်းသိမ်းလိုသူများ ကြိုးစားကျားကန်ပေးသော်လည်း ခေတ်က တဖြည်းဖြည်း နေရာဖယ်ထုတ်လာနေသည်။ ကိုဗစ်ကာလနှင့် သည့်နောက်ပိုင်း နွေဦးကာလအလွန်များတွင် ဇာတ်သံအငြိမ့်သံကား မကြားရတော့သလောက်။ သူ ဆက်ရှင်သန်နေ ဦးမည်လား။ ဘယ်ခေတ် ဘယ်နှစ်လောက်အထိ လူတွေကြားမှာ သူလိုက်ပါလာနိုင်ဦးမည်နည်း။ မသိပါ။ သို့သော် ကိုယ့် ငယ်ဘဝ စွဲလမ်းခဲ့ ရာ အငြိမ့်စင် ဇာတ်စင်များဆီသို့ ကျွန်တော့စိတ်က ရောက်လွမ်း၍ ကောင်းနေတုန်း။ ရွက်လွှင့်၍ သွားနေတုန်း။
ကျွန်တော်ဟာ ပင်လယ်အဟောင်းကို ခပ်သောက်နေချင်တုန်းထင်ပါရဲ့။
ဟော .. ရွှေဘုန်းပါလား။
သူ့ကဗျာရွတ်သံကို တိုးတိုးမှန်မှန်ကြားနေရသည်။
နားထောင်ကြည့်ကြပါဦး။
ဤဝတ္ထုကို အောက်ပါအချက်အလက်များ တွဲသီတပ်ဆင်ထားပါသည်။
၁။ ငြိမ်းအေးအိမ်၏ ‘တနင်္သာရီအစိမ်း’
၂။ ဇော်ဇော်အောင်၏ ‘ယုဇနမခင်ပျို’
၃။ သစ္စာနီ၏ ‘အိမ်နှင့်လူ’
၄။ ကိုသူရ(ဇာဂနာ)၏ ဖြေကြားချက် (၁၆ စက်တင်ဘာ ၂၀၂၃)
၅။ ဝီကီပီးဒီးယားက “မြန်မာဇာတ်သဘင်” “မြန်မာဇာတ်မင်းသမီးများ” ခေါင်းစဉ်တို့ဖြင့်ဖေါ်ပြထားသည်မှ ကောက်နှုတ်ချက် များ
၆။ ဦးဘရင်ကလေး၏ ‘လေဘာတီမမြရင်’ ဆီဆေးပန်းချီကား။ Myanmar Ahla Gallery Collection
၇။ ဒီလှိုင်းဝင်း၊ ၆ရက်၊ ဇန်နဝါရီလ ၂၀၁၉။ ဧရာဝတီသတင်း
၈။ ဘိုဘို၊ ၂၃ရက် ဩဂုတ်လ ၂၀၁၉။ BBC မြန်မာပိုင်းသတင်း
၉။ ရွှေဘုန်းလူ(တာရာမင်းဝေ)၏ ကဗျာ