စည်းကမ်းကန့်သတ်ချက်တွေနဲ့ ထူးဆန်းသောအိပ်မက်တစ်ခုထဲမှာ မိန်းမချောတစ်သိုက်နဲ့ ငါပါကွာ၊
ဒုက္ခရောက်လိုက်တာ။
အိပ်မက် မက်စေတတ်သော အကြောင်းရင်းများဆိုပြီး အိပ်မက်ကျမ်းတွေမှာတော့ အကျယ်တဝင့်ရှင်းပြထားတတ်တာပဲ။
စိတ်ပညာ စာအုပ်တွေမှာလည်း ဖေါ်ပြထားတာပဲ။ ဘာတွေလဲ မမှတ်မိတော့ဘူး။
ကိုယ်ထင်တာကတော့ ကမ္ဘာ့ဟိုး အောက်နားဆီက အောင်းနေတဲ့ချော်ရည်ပူတွေ တိုက်ဆိုင်တဲ့ကာလတစ်ခုမှာ မီးတောင်ဝကို ပြေးတက် လာတာမျိုးလားလို့။ မသိစိတ်ထဲမှာ ကိုယ်မသိလိုက်ပဲ သိမ်းထားတဲ့ ဒေတာတွေ တစ်ချိန်ချိန်မှာ ထွက်ကျလာသလိုမျိုးနေမှာပ။
ညက ဘာမှလည်း စိတ်စွဲမရှိခဲ့ပါဘူး။ စွဲမယ့်စွဲ အနားသတ်လုပ်လက်စ/ချောလက်စ ‘ကျောက်ခဲ’ Collage project သေးသေးလေးပဲရှိတာ။ ကိုယ့်အနာ၊ကိုယ့်ဝေဒနာနဲ့ကိုယ် နပမ်းသတ်ပြီး ပျော်အောင် မနည်းအိပ်လိုက်ရတာ။
အိပ်ပျော်တော့ အိပ်မက် မက်ကရော။
အိပ်မက်ထဲမှာ ပုဂံကိုရောက်နေတယ်။ ဟိုတယ်ကြီးတစ်ခုရဲ့ ဘန်ဂလိုတစ်ခု ဝရံတာမှာ ကျောက်ခဲသေးသေးလေးတွေကို ဓာတ်ပုံရိုက်ပြီး လက်ပတော့ထဲထည့်နေတာ။
ကိုယ်နဲ့ကပ်နေတဲ့ ဘန်ဂလိုရှေ့က မြက်ခင်းသေးလေးပေါ်မှာ မိန်းမတစ်စု၊ ပါတီလုပ်နေလား၊ မုန့်လုပ်စားနေကြလားမသိ။ ရုန်းစုရုန်းစု ပူညံဆူညံနဲ့။ သူတို့လုပ်နေတာ ဟန်ဘာဂါ။ သူတို့ ဟန်ဘာဂါက တစ်မျိုးကြီးရယ်။ ပေါင်မုန့်ထဲ ချိစ်ပြားထည့်၊ အဲ့ဒီအပေါ် နို့ဆီဆမ်း၊ ပြီးမှ သရက်သီးမှည့်နဲ့ သီဟိုဋ်စေ့ဖေါက်ဖေါက်ကြီးတွေဌာပနာပြီး ဆော့ရဲရဲတွေလူးထားတဲ့ ဆလပ်ရွက်ဖားဖားကြီးတွေ အုပ်ထားတာမျိုးတဲ့။ သေချာကြည့်လေ၊ ဆန်းကျယ်လေ။ မုန့်ဆန်းကြီးပါကွာ။
သူတို့ပါတီပွဲက အသားကင်နဲ့ ဝိုင်နဲ့မဟုတ်ဘူး။ ထိုင်းလက်ဘက်ရည်ဘူးတွေနဲ့ ဘာဂါနဲ့။ မသိရင် ထိုင်းလက်ဘက်ရည်ဆိုင် ကြီးများ ရွှေ့ယူလာသလားမှတ်ရ။
ဘယ်သူတွေလဲ ကြည့်လိုက်တော့၊ ကြီးဒေါ်မနော်ဟရီ ဦးဆောင်တဲ့ သူတွေတဲ့။
ခင်မေဝှမ်းမျက်နှာက ဝက်ပျိုဝကစ်ကစ်လေးတစ်ကောင်လို့ ပြဲအစ်ဖေါင်းကား ဖြူဖွေးလို့။
ဒေါ်ရွှေရည်က သူ့မူပိုင် graceful smile ကြီး မျက်နှာမှာ ချိပ်လို့။
ဒေါ်အေးမြ က လူကိုကိုင်ပေါက်လိုက်ရင် ဘိုင်းကနည်းလဲသွားစေနိုင်တဲ့ ကျွဲကော်ကိုင်းထူထူမျက်မှန်ကြီးထမ်းလို့။
(ဒေါ်ရွှရည် Shwe Yee Win Lei နဲ့ ဒေါ်အေးမြ Aye Mya Mya Nyein က အပြင်မှာ ကျွန်တော်နဲ့ တစ်ခါမှ မဆုံဖူးကြဘူး။ ဖဘ စာမျက်နှာမှာတက်တက်လာတဲ့ သူတို့ပုံတွေ ပို့စ်တွေကပဲ သိနှင့်ရတာ၊ သူတို့ သုံးယောက်ကတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြမယ် ထင်တယ်)။
ကျန်တဲ့သူတွေကို ကျွန်တော်မသိဘူး. လေးငါးယောက်ပဲ။ ခွီနေရယ်နေကြ၊ ထီမထင်ရာသီခွင်မှာ ဖလန်းဖလန်းတွေထနေကြတာ။ ပြီးတော့ ကျွန်တော့်ကို ကြည့်ပြီး လှမ်းလှောင်နေကြတာ။ ကိုယ့်မှာ ဆပ်ကပ်ထဲက လူပြက်ကြီး လိုလိုဖြစ်လို့။
ခက်တာက ‘မနော်မ’ ပြောတဲ့ အပြောင်အပျက်စကားတွေကို ကျွန်တော်ကြားရတယ်။ ဒေါ်ရွှရည်နဲ့ ဒေါ်အေးမြပြောတာတွေ ကျတော့ အသံထွက်မလာဘူး။ သူတို့ ပါးစပ်ထဲက အက္ခရာတွေ၊ စကားလုံးတွေပဲ အနှေးပြကွက်နဲ့ ထွက်ထွက်လာတာ။ ကျွန်တော်က အဲ့ဒါတွေကို ဝါကျဖြစ်အောင်လိုက်စီ လိုက်ဖတ်ရသတဲ့ဗျာ။ (ဟုတ်တယ်လေ။ အပြင်မှာ မမြင်ဘူးမတွေ့ဘူးကြတော့ သူတို့ အသံလည်း ကျွန်တော် မကြားဖူးဘူး၊ ဒီတော့ အိပ်မက်က ကျွန်တော်မကြားဖူးတဲ့ အသံတွေအစား စကားလုံးတွေနဲ့ အစားထိုးပေးသွားတာ။ AI တောင် ထိုင်ငိုသွားလောက်တဲ့ အိပ်မက် အထူးပြုလုပ်ချက်ပေပဲ)
အဲ့ဒါနဲ့ အလုပ်လည်းဆက်လုပ်လို့မရ၊ အပြောင် အလှောင်ပဲ ခံနေရတော့ စိတ်ညစ်ညစ်နဲ့ အခန်းတံခါးဖွင့်ပြီး အတွင်းဘက် ပြန်ဝင်လိုက်တာ၊ မျက်လုံးထဲ လက်ခနဲ တစ်ချက်လင်းပြီး လူက ဆူးလေလမ်းမပေါ်ရောက်သွားခဲ့တယ်။
ဒါဆူးလေလမ်းမမှ ဟုတ်ရဲ့လား။ ကပ်ကျော်ဘုရားကြီးကိုတော့တွေ့နေရတာပဲ။
ဒါပေမယ့် ခုရောက်နေတဲ့ ဆူးလေလမ်းမက ၂၀၂၃ ဆူးလေလမ်းမတော့ ဟုတ်ဟန်မတူဘူး။
ကိုယ်မြင်ရတဲ့ မြင်ကွင်းက အရောင်တွေသိပ်မစုံပဲ ဖြူ/မည်း ဓာတ်ပုံတစ်ပုံ ကြည့်နေရသလို။
ဟော !!.. ရှေ့မှာ အဖြူအမည်း လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်ပါ့လား။
အိပ်မက်ထဲက နို့ဆီရွှဲရွှဲတွေ ပြစ်ပြစ်နှစ်နှစ်ဆမ်းထားတဲ့ ဟန်ဘာဂါကြီးနဲ့ ထိုင်းတီးတွေကို စိတ်စွဲပြီး လက်ဖက်ရည်ဆိုင်ဆီ တန်းရောက်လာတာ များလား။
ယခုခေတ်တွင် အလားတူလက်ဖက်ရည်ဆိုင်ကြီးမျိုးမရှိတော့။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်း အနည်းငယ်တုန်းကမူ၊ ပီကင်းမြို့ ရပ်ကွက်တိုင်းတွင် အနည်းဆုံး တစ်ဆိုင်လောက်ရှိတတ်ကြသည်။ လက်ဖက်ရည်လည်းရောင်း၍ မုန့်ပဲသရေစာနှင့် ချက်ချင်းကြော်လှော် ချက်ပြုပ်နိုင်သော အစားအသောက်များလည်း ရသည်။ ငှက်များကို လှောင်အိမ်တွင်ထည့်ကာ ရပ်ကွက်တကာ လှည့်လည်လာကြသည့် ငှက်ရောင်းသူများသည် ထိုလက်ဖက်ရည်ဆိုင်တွင် နားလေ့၊ လက်ဖက်ရည်သောက်လေ့ရှိသည်။ မိမိတို့ ငှက်များ အမျိုးမျိုး တေးဆိုသည်ကို ပြလေ့ရှိသည်။ လက်ဖက်ရည်ဆိုင်သည် ဆွေးနွေးပွဲအမျိုးမျိုး၊ အရောင်းအဝယ် ကိစ္စအမျိုးမျိုးတို့အတွက် တွေ့ဆုံရာဖြစ်သည်။ လူပွဲစားများ ပြည့်တန်ဆာခေါင်းများ၏ ခိုလှုံရာလည်းဖြစ်သည်။ ထိုခေတ်က လူမိုက်ဂိုဏ်းများမှာ အုပ်စုဖွဲ့၍ ရိုက်နှက် သတ်ပုတ်လေ့ရှိကြသော်လည်း ကံအားလျော်စွာ ဖြန်ဖြေပေးသူများ ပေါ်လာ၍ ကျေအေးသွားကြသည့်အခါမျိုးတွင် နှစ်ဘက်သော လူမိုက် ဂိုဏ်းများမှ လူမိုက် သုံးလေးဆယ်ခန့်တို့သည် ထိုဆိုင်မှာပင် စုဝေး၍ လက်ဖက်ရည်သောက်ကြသည်။ ဝက်သား တောက်တောက်စင်း ထည့်ထားသည့် ခေါက်ဆွဲကြော် (ခေါက်ဆွဲကြော်မှာ လက်ဖက်ရည်ဆိုင်ကြီးများတွင် ရောင်းလေ့ရှိပြီး ဈေးလည်းပေါ၏။ ကြော်ရ လှော်ရ သည်မှာလည်း လွယ်သည်။) စားကာ ငြိမ်းချမ်းရေးအောင်ပွဲအဖြစ် ကျင်းပကြသည်။ အတိုချုပ်ပြောရလျှင် လက်ဖက်ရည်ဆိုင်သည် အရေးကြီးဆုံးသော အဆောက်အအုံကြီးတစ်ခုဖြစ်သည်။ အလုပ်ကိစ္စဖြင့်ဖြစ်စေ၊ အချိန်ဖြုန်းရန်ဖြစ်စေ လူတိုင်းလာနိုင်သော နေရာဖြစ်သည်။ ကြီးမားလှသော ပင့်ကူကြီးတစ်ကောင်သည် ကြောက်မက်ဖွယ် ဘီလူးကြီးဖြစ်သွားကာ နောက်ဆုံးတွင် မိုးကြိုးပစ်၍ မည်သို့ သေသွားပုံ စသည့် ယုံနိုင်ဖွယ်မရှိသော ပုံပြင်များကိုလည်း လက်ဖက်ရည်ဝိုင်းတွင် ကြားရတတ်သည်။ သို့မဟုတ်လျှင် တရုတ်ပြည်ထဲသို့ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းမပြုနိုင်အောင် တရုတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ရှည်လျားမြင့်မားသော တံတိုင်းကြီးတစ်ခု ဆောက်သင့်ကြောင်း စသည့် ထူးထူးဆန်းဆန်း ထင်မြင်ချက်မျိုးကိုလည်း လက်ဖက်ရည်ဝိုင်းတွင် ကြားရတတ်သည်။ ထိုမျှမကသေးပါ၊ ပီကင်းအော်ပရာ ဇာတ်မင်းသား၏ နောက်ဆုံးဆိုဟန်အကြောင်း၊ နောက်ဆုံးပေါ် ဘိန်းချက်နည်းအကြောင်းကိုလည်း ကြားနိုင် လေ့လာနိုင်သည်။ တူးဖေါ်ရရှိသော ရှေးဟောင်းကျောက်စိမ်းယပ်ဆွဲပန်းဆွဲ၊ သုံးရောင်ခြယ်ကြွေနှာဘူး စသည်တို့ကိုလည်း တွေ့နိုင်သည်။ စင်စစ်သော်လည်း လက်ဖက်ရည်ဆိုင်သည် အရေးကြီးသော နေရာကြီးတစ်ခု၊ ယဉ်ကျေးမှုလဲလှယ်ရေး ဗဟိုဌာနကြီးတစ်ခု ဖြစ်ချေသည်တမုံ့။
အခုရှေ့မှာ ကျွန်တော်တွေ့နေရတာ အဲ့သလို ဝိသေသ လက္ခဏာတွေနဲ့ ပြည့်စုံတဲ့ လမ်းမတော်ဘိုးတုတ်တို့ ခေတ်ရဲ့ ရန်ကုန်မြို့ က တရုတ် လက်ဖက်ရည်ဆိုင်ကြီးခု။
ဟ ..။ မဟုတ်သေးပါဘူး။ ငါ ဘယ်ကိုရောက်နေပြန်တာတုန်း။ နာရီတွေ နောက်ပြန်လည်နေတာလား။ တိုင်းမရှင်း( Time Machine ) ကြီးထဲ ဝင်စီးမိနေတာလား၊ တူရူလျှောက်လက်စ အရပ်ကို ကျောခိုင်းပြီး နောက်လှည့်လိုက်တယ်။ နောက်မှာက လင်းချင်းလို့ သစ်လွင်လို့။ ပြက္ခဒိန်တစ်ခုပေါ်မှာတော့ ၂၀၁၉ခုနှစ်လို့ ဖေါ်ပြထားတာတွေ့ရတယ်။ သူကျတော့ သစ်လွင်နေသားပဲ။ လက်ဖက်ရည်ဆိုင် တွေလည်း ရှိနေဆဲပဲ။
လက်ဖက်ရည်ဆိုင်တွေက ရှိတော့ရှိနေသေးတုန်းပါပဲ။ လက်ဖက်ရည်ဆိုင် ဓလေ့တွေကတော့ ရှားပါးကုန်ပြီလို့ထင်တယ်။ ဒါပေမဲ့လည်း လက်ဖက်ရည်ဆိုင်ဓလေ့ဆို တာဘာပါလိမ့်လို့ ဆိုရင်တော့ ကျွန်တော် လည်း ပြောမပြတတ်ဘူး။ ကက်ဆက် တိတ်ခွေ ကလေးတွေ ယူလာပြီး လုဖွင့်ခိုင်းတဲ့ ကိစ္စလား၊ ကိုယ့်ကိုယ်ကိုယ် ဒေါက်တာရေချမ်းလို့ မှတ်ယူပြီး ခပ်ကျကျ လက်ဖက်ရည်တစ်ခွက် သောက် ဆေးလိပ်မီးခိုးကို ခပ်သာသာ မှုတ်ထုတ်လိုက်ရင်း ငေးမောနေ သို့မဟုတ်လည်းပဲ ပျော်တတ်တဲ့ အပေါင်းအသင်းတွေနဲ့ ဟေးလား ဝါးလား လုပ်နေတတ်တဲ့ ဘဝမျိုးပဲလား။ နေ့စဉ် တကယ့်ဘဝနဲ့ ခေတ်ကြီးကို မေ့ထားလိုက်ပြီး ပျင်းတိပျင်းတွဲ လမ်းကို ငေးနေရတဲ့ အရသာမျိုးလား။ အဲဒီထက်ပိုပြီး ထိုက်တန်တဲ့ တခြားသော လက်ဖက်ရည်ဆိုင်ဓလေ့ အကြောင်းရင်းတွေလည်း ရှိနေမှာပါ။
လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့ အရသာဟာ ဟိုအရင်အချိန်တွေတုန်းကလို မဟုတ်တော့တာတော့ သေချာပါတယ်။ ဒီနေ့မှာ နာမည်ကြီးတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်ကို သွားထိုင်ကြည့်လိုက်ရင် စနစ်တကျကြီးဖြစ်ပြီး သားနားပြောင်ရောင်နေတဲ့ ထိုင်ခုံတွေ၊ များပြားလှတဲ့ လူတွေ၊ အော်ခေါ်ပေမဲ့ မကြားချင်ယောင်ဆောင်နေတဲ့ စားပွဲထိုးကလေးတွေ၊ တစ်ယောက်နဖူးနားအထိ တစ်ယောက် ကပ်ထိုင်ရင်း ရှုပ်ထွေးလှတဲ့ အလုပ်ဇယားတွေအကြောင်း ပြောဆိုနေကြတဲ့ လေးထောင့်ကွက်ပုံပေါက်နေတဲ့ လူတွေ၊ တချို့ဆိုရင် ယူနီဖောင်းတွေနဲ့ ဝန်ထမ်းတွေ၊ မြို့ထဲက ဆိုင်တွေဆီ လှည့်ပတ်ထွက်ဖို့အရေး ဗျူဟာဆွဲ၊ အားယူနေကြတဲ့ အရောင်းဝန်ထမ်းတွေ၊ လက်ဖက်ရည်ဆိုင်ဝန်းကျင်ဟာ မီးဖိုပေါ်က အဖုံးမလုံတဲ့ ရေနွေးအိုးလို ဆူညံပွက်လော ရိုက်လို့နေတာပဲ။ လက်ဖက်ရည်ကတော့ သိပ်ကောင်းလှတယ် မဟုတ်တော့ဘူး။
အဲဒီလူအုပ်ကြီးအလယ်မှာ ဘယ်သူက လက်ဖက်ရည်ကို ဇိမ်နဲ့ မျှဉ်းသောက်နိုင်တော့မှာလဲ။ ဆေးလိပ်မီးခိုးကို ခေါင်းမော့ မှုတ်ထုတ်လိုက်ရင်း ရုပ်ရှင်ဆန်ဆန် ပျင်းတိလေးကန်လုပ်နေလို့ ဘယ်ရတော့မှာလဲ။ ရေ ခွက်ထဲ စိမ်ထားတဲ့ အကြမ်းခွက်ကလေးကို ထုတ်၊ ရေနွေးပူနည်းနည်း ငှဲ့ထည့်လိုက်ပြီး ဘေးကို ဘယ်လိုလုပ် သွန်ထုတ်ပစ်လိုက်လို့ ရမှာလဲ။ ခုံကို လက်ဆစ်နဲ့ခေါက်ရင်း သီချင်းသံကို ဘယ်လိုလုပ် စည်းချက်လိုက်လို့ ရမှာ လဲ။ (သီချင်းသံတွေကို ပျောက်ဆုံးသွားတာ)။ ထိပ်ဆုံးကဝိုင်းမှာ ထိုင်ရင်း လမ်းက ဖြတ်သွား တဲ့ အပျိုမလေးတွေကို ဘယ်လိုငေးလို့ရတော့မှာလဲ။ အားလုံးဟာ မြန်သွားပြီ။ ရိုက်ထုတ်လိုက်လို့ ကျင်းဆီ ပြေးသွားရတဲ့ ဂေါက်သီးလိုကို မြန်သွားတာ။
အရင်တုန်းကတော့ ကောင်မလေးတွေ ကိုယ်တိုင်က လက်ဖက်ရည်ဆိုင်ရှေ့ကနေ ဖြတ်လျှောက်သွားရတာကို ရှိုးတိုးရှန့်တန့်ဖြစ်၊ ဘယ်လိုပဲ စိတ်ကသိကအောက်ဖြစ် ပင်ပန်းလှပါတယ်ဆိုဆို တစ်နေ့တစ်ကြိမ်လောက်တော့ လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်လျှောက်ချင် စိတ်ကလေး ရှိကြမယ်လို့ ထင်တယ်။ အခု တော့ အဲဒါတွေက ဒဏ္ဍာရီအလားပဲ။ ထွေပြား မနေမနားဘဲ တထပ်ထပ်နဲ့ ရွေ့လျားနေကြပြီ။ သုတ်သုတ် သုတ်သုတ်နဲ့ လစ်သွားတဲ့ ကောင်မလေး လမ်းလျှောက်ပုံကိုတောင် ဂရုမစိုက်နိုင်တော့အောင် ဘဝဝန် ပိနေပြီနဲ့ တူပါရဲ့။ အငေးသမားတွေရဲ့ အနှေးခေတ်ကြီးကလည်း မုချကုန်ပြီနဲ့တူပါတယ်။
အခုဆိုရင် ညနေခင်းမှာ လက်ဖက်ရည် သောက်ချင်တဲ့အခါ ဆိုင်ထိုင်ဖို့ ဒါမှမဟုတ် လည်း ပါဆယ်ဝယ်ဖို့အတွက် တစ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ လက်ဖက်ရည်ဆိုင်ကို သွားရတယ်။ ဆိုင်ကယ်လေး ရှိနေလို့ပဲ။ အရင်တုန်းက အရသာမျိုးနဲ့ဆိုရင် သုံး၊ လေးမိုင် က ဆိုင်ဆိုရင်လည်း သွားထိုင်ဖို့က တန်ပါတယ်။ ဒါပေမဲ့ အခုက ဘီယာဆိုင်တွေပဲ များများလာတယ်။ တစ်လမ်းထဲကို ဟိုဘက် ဒီ ဘက်ထိပ် နှစ်ဆိုင်ဖြစ်လာတယ်။ အဲဒီနှစ်ဆိုင်ကြားထဲမှာ အခုချိန်အထိ တစ်ပုလင်း ၂၀၀၊ ၃၀၀ နဲ့ ရောင်းနေသေးတဲ့ အရက်ဖြူ ဆိုင်ကလေးတွေက ရှိနေသေးတယ်။ ညနေ နေကျချိန်ကစလို့ ဆိုင်တိုင်းလည်း လူစည် ကားမြဲ။ လက်ဖက်ရည်ဆိုင်တွေကတော့ ည နေခင်းဆိုရင် ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည်ကလည်း ကျဲကျဲတောက်တောက်။
ဒါပေမဲ့လည်း ပျံကျရပ်ကွက်ကလေး တွေမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်ကလေးတွေ မှာတော့ ညနေခင်း၊ ညခင်းတိုင်း လူစည်မြဲ။ ဒါပေမဲ့ အဲဒီစည်ကားနည်းက ရုပ်ဆိုးတယ် ဗျာ။ ဆိုင်ထဲက လူတိုင်းရဲ့ မျက်လုံးဟာ ဖုန်း စခရင်မ်ပေါ်မှာ၊ တချို့လူငယ်ကလေးတွေ ဆိုရင် အုပ်စုလိုက် တစ်ဝိုင်းတည်းထိုင်လို့ နက်ဝက်ချိတ်ပြီး ဆဲဆိုဂိမ်းဆော့ကြတာ။ ဆိုင်ကလေးကသာ ၀ါးထရံ သွပ်မိုး၊ ကျပ်ခိုး အပြည့်နဲ့ ၀ိုင်ဖိုင်ဖရီး ဝန်ဆောင်မှုမထားလို့တော့မရဘူး။ အဲဒီဂိမ်းဆော့တဲ့ လူငယ်ကလေးတွေကို ဆွဲဆောင်နိုင်တာဟာ လက်ဖက်ရည်အရသာ မဟုတ် ၀ိုင်ဖိုင်ပဲလေ။ အဲဒီ လူငယ်ကလေးတွေထက်ကြီးတဲ့ ဒါမှမဟုတ် လူလတ်၊ လူကြီးများ ကျပြန်တော့ သူတို့ကိုယ်တိုင် တစ်ချိန်က လက်ဖက်ရည်ဆိုင်ခေတ် ကောင်းကြီးဆိုတာကို မီခဲ့ပါလျက်နဲ့ မေ့ပစ်ရက်နိုင်တယ်ဗျာ။ တီဗွီဖန်ပြားပေါ်က ဘောလုံးပွဲနဲ့အတူ အော်ဟစ်၊ ခပ်ကြမ်းကြမ်းအက်ရှင်ကားနဲ့အတူ စီးမျောလို့သာနေပါတယ်။ အက်ရှင်ကားထဲက ကားသံ၊ ဗုံးပေါက်ကွဲသံ၊ စက်သေနတ် ပစ်သံတွေနဲ့ အုတ်အုတ်ကျက်ကျက် ဆူညံသံတွေကတော့ အပန်းဖြေနည်းတစ်ခုလို့တောင် ခေါ်ဖို့ ခက်လှပါသေးတယ်။ ဒါပေမဲ့ ဒါတွေဟာ ယနေ့ခေတ် လက်ဖက် ရည်ဆိုင်တွေရဲ့ သရုပ်အမှန်ဖြစ်သွားပါပြီ။
အဲ့ဒီ ရပ်ကွက်လက်ဖက်ရည်ဆိုင်တွေဆီက လှည့်ထွက်လာပြီး နာမည်ကျော် လှည်းတန်းအဝိုင်းဆီ ခြေဦးလှည့်လိုက်တယ်။ ၁၉၈၀-၉၀ ဝန်းကျင်လှည်းတန်းကို ရောက်သွားတယ်။
ငယ်စဉ်က လှည်းတန်းသည် ၁၂နာရီကျော်အထိ အသက်ဝင်နေဆဲ။ မိုးလင်း ထမင်းကျော်ဆိုင်များဖြင့် လှည်းတန်းသည် လှပ နေဆဲဖြစ်သည်။ စာအုပ်အဟောင်းဆိုင်များနှင့် သီချင်းခွေဆိုင်များတွင် လူငယ်များရှိမနေကြတော့။ လှည်းတန်းတွင် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ပါးရှားလာနေသည်။ လက်ဖက်ရည်ဆိုင်တွေလည်း မရှိကြတော့။ ယဉ်ကျေးမှုအဟောင်းတွေ ပြိုလဲကျနေသည်။ ယဉ်ကျေးမှု အသစ်တစ်ခု တည်ဆောက်နေပုံရသည်။ ရုပ်လုံးမကြွသေး။ ယခုတော့ လှည်းတန်းသည် တံတားသစ်ကြီး ကိုးရိုးကားယားဖြင့် ခေတ်ဆန်ဖို့ ဟန်ရေးပြင်နေသည်။
တက္ကသိုလ်ရောက်တော့ လက်ဖက်ရည်ဆိုင်ကို ပို၍ စွဲစွဲမြဲမြဲ ထိုင်ဖြစ်လာသည်။ ဦးထွန်းလင်းခြံလမ်းထဲမှ စိန်ဒိုင်းမွန်း လက်ဖက်ရည်ဆိုင်၊ ရန်ကုန်တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်ရှိ တက္ကသိုလ်စာတိုက်ဝင်းထဲက အသဲပန်း၊ အားသစ် စသော လက်ဖက်ရည် ဆိုင်များ။ ထိုစဉ်က လပ်ကီးဆဲဗင်းကဲ့သို့ အဆင့်မြင့်လက်ဖက်ရည်ဆိုင်တွေ ခေတ်စားကာစဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေး။ အနုပညာဓာတ်ခံရှိသော ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း ကိန်းကြီးခန်းကြီးနိုင်သော ဆိုင်မျိုးတွေကို မကြိုက်။ လက်ဖက်ရည်ဆိုင် ဆိုလျှင် ဟင်းလင်းပွင့်နှင့် Rock သီချင်းတွေ ဖွင့်မှ ကြိုက်သည်။ ထိုစဉ်က VCD တွေ ခေတ်စားနေပြီဖြစ်သဖြင့် လက်ဖက်ရည်ဆိုင်များမှ ဖွင့်လေ့ရှိသော စုပေါင်းစပ်ပေါင်း ပြန်ဆိုတေးအခွေတွေ၊ အမှတ်တရ ရေပေါ်ဆီ Live Show ခွေတွေကို ကြည့်ရင်းပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြသည်။ နောက်ပိုင်းတွင် ကျွန်တော်တို့အကြိုက် သီချင်းတွေလည်းဖွင့်၊ ဟင်းလင်းပွင့်လည်းဖြစ်သော တက္ကသိုလ်စာတိုက်ဝင်းထဲ က လက်ဖက်ရည်ဆိုင်တွေမှာ စွဲစွဲမြဲမြဲထိုင်ဖြစ်ခဲ့သည်။
လှည်းတန်းမှာ ‘ပြုံးပန်းတစ်ရာ’ လက်ဖက်ရည်ဆိုင်ဆိုတာရှိခဲ့တယ်။ လှည်းတန်း ဘတ်စ်ကားမှတ်တိုင်လေးနားမှာပါပဲ။ ဦးထွန်းလင်းခြံ လမ်းကနေ အင်းစိန်လမ်းမပေါ်ထွက်လာရင် ညာဘက်ထိပ်နားလေးကပါပဲ။ ဒီဆိုင်မှာ ကျွန်တော်တို့တတွေ နေ့တိုင်းလိုလို စီးဆင်းခဲ့ကြတယ်။ ညနေတိုင်းလိုလို ထိုင်ဖြစ်ခဲ့ကြတယ်။ ဒီပြုံးပန်းတစ်ရာကဖေးမှာ ကျွန်တော်လေးစားတန်ဖိုးထားတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ အဖွဲလည်း ထိုင်ကြတယ်။ကျွန်တော်တို့နဲ့ ဆရာမောင်စိန်ဝင်းတို့ အဖွဲ့ဟာ ပြုံးပန်းတစ်ရာကဖေးရဲ့ ရှေ့မျက်နှာစာ စားပွဲ နှစ်ခု ထဲက လက်ဝဲဘက်စားပွဲဟာ ဦးတဲ့အဖွဲ့ ထိုင်နေကျ။
မနက်မိုးလင်းပြီဆိုတာနှင့် လက်ဖက်ရည် ဝမ်းတီး၊တူးတီးဟု မှာသံများနှင့်အတူ ရန်ကုန်မြို့၏မျက်နှာစာသည် လှပစွာဖွင့်လှစ် လေ့ရှိသည်။ မြို့နယ်တိုင်းတွင် လက်ဖက်ရည်ဆိုင်များမှိုလိုပေါက်နေသော်လည်း သူ့ဖောက်သည်နှင့်သူ အခိုင်အမာရှိနေပြီးသား ဖြစ်သည်။ မနက်စာစားချိန်၊နေ့လည်စာစားချိန်တို့သာမက သန်းခေါင်ယံ အချိန်ထိတိုင်အောင် လက်ဖက်ရည်ဆိုင်များတွင်ထိုင်နေသေးသော လူများရှိ နေသေးသည်။ ရုံးမသွားခင်လေးဖြစ်ဖြစ်၊ အလုပ်များတဲ့နေ့မှာ နေ့လည်ပိုင်းခဏနားချိန်လေးဖြစ်ဖြစ်၊ ညစာစားပြီး အညောင်းပြေ အညာပြေဖြစ်ဖြစ် ဆင်ခြေမျိုးစုံ၊ အကြောင်းပြချက်မျိုးစုံဖြင့် ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ကြသည်။ (ဆက်၍လည်းထိုင်နေ မည်ဖြစ်သည်) ထိုအတွက်ကြောင့်လည်း ရန်ကုန်မြို့၏ တစ်ရက်တာ လူနေမှုပုံစံနှင့် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ကိုခွဲခြားမရခြင်း ဖြစ်ပါသည်။ ကြီးကြီးငယ်ငယ်၊ အပျိုအအို၊ အထီးအမ မခွဲခြားဘဲ လူမျိုးဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ နှစ်သက်ရာ လက်ဖက်ရည် ဆိုင်များ တို့သွားရောက်ကြသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်သည် လူမှုဆက်သွယ်ရေး ဗဟိုချက်ဟု ပြောဆိုရင်လည်း မမှားနိုင်ချေ။
အိပ်မက်ထဲကနေ ခေတ်ဟောင်းဆူးလေလမ်းမ။
အဲ့ဒီကနေ ပီကင်း။
ပြီးတော့ ၂၁ရာစု ရန်ကုန်လမ်းမများထက်က လက်ဖက်ရည်ဆိုင်တွေအထိ စိတ်ဟာ ဝဲလှည့်နေတုန်း။
မမောတမ်း မပမ်းတမ်း။
သက်တောင့်သက်သာတော့မဟုတ်ဘူး။
လူရော စိတ်ပါ နုံးချိနောက်ကျိလှပြီ။
ဒီအိပ်မက် ဝင်္ကဘာကြီးထဲက မြန်မြန် နိုးထလှ ချင်ပေမယ့်၊ အိပ်မက်ထဲမှာ အိပ်မက်တွေ ဆက်ဆက် မက်ကောင်း နေတုန်းပဲ။
Friday,October 6, 2023 at 2:53 PM
မှတ်ချက်။ ။ အောက်ပါ စာပိုဒ်များကို ထည့်သွင်းတွဲစပ်၍ ဖန်တီးထားပါသည်။
၁။ Thursday,October 5, 2023 တွင် မြင်မက်ခဲ့သည့် အိပ်မက်တစ်ခု။
၂။ ဆရာြမသန်းတင့်၏ Tea House by Lao She ကို ဘာသာပြန်ထားသည့် ‘လက်ဖက်ရည်ဆိုင်’ မှ စာပိုဒ်များ။
၃။ August 16, 2019 တွင် Eleven ဂျာနယ်တွင် ဖေါ်ပြခဲ့သော “လင်းခါး” ၏ ‘လက်ဖက်ရည်ဆိုင်’ မှ စာပိုဒ်များ။
၄။ ၂၀၁၆၊ မတ်လထုတ်၊ ‘အက်ဆေးလှည်းတန်း’ စာအုပ်မှ ‘နေသန်မောင်’ ၏ ‘ဒီဂျစ်တယ် လှည်းတန်း” မှ စာပိုဒ်များ။
၅။ ၂၀၁၆၊ မတ်လထုတ်၊ ‘အက်ဆေးလှည်းတန်း’ စာအုပ်မှ ‘လူဇော်ဟန်’ ၏ ‘ဖြတ်ခနဲလှည်းတန်း’ မှ စာပိုဒ်များ။
၆။ ၂၀၁၆၊ မတ်လထုတ်၊ ‘အက်ဆေးလှည်းတန်း’ စာအုပ်မှ ‘မောင်မောင်စော(ရခိုင်ညွန့်ဖူး)” ၏ ‘လှည်းတန်းချစ်သူ’ မှ စာပိုဒ်များ။
၇။ 2019-01-18 နေ့စွဲပါ ‘မျိုးမင်းသူ’ ၏ ‘လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု” မှ စာပိုဒ်များ။