ဦးပိန်ကိုလွမ်းတဲ့စိတ်နဲ့နွေနေပူထဲလမ်းလျှောက်တဲ့အခါဦးပိန်သီဆိုပြတဲ့ “တောင်သမန်”ရဲ့သီချင်း

သက်တမ်းရင့်ရော် ခြင်းသည် ဇရာနှင့်အတူ ထည်ဝါ ခန်းနားသော အလှတရားများကို လည်း သယ်ဆောင်ပေးလာ၏။

                   နေပူ၊ လေပြင်း၊ မိုးနှင့် နှင်းများထဲ နှစ်ပေါင်းရာချီအောင် နေထိုင်လာခဲ့သော ဦးပိန်တံတား သည်လည်းကောင်း၊ ထိုတံတားကို သူ့ရင်တွင် ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားသောတောင်သမန်အင်း သည်လည်းကောင်း သဘာဝက ပေးထားသော လက်ဆောင်များ ကိုထိုက်တန်စွာရရှိထားကြသည်။

                    သံမဏိသက်ရှည်စွာ ဖြတ်သန်းလာခဲ့သောအချိန်တိုင်းသည် သူ့တို့သမိုင်းဖြစ်ကြောင်း သတိရကြပါစို့။

  ယောင်မှား မေ့ ရော့ လိုက်မိကြမှာစိုးရိမ်၏။

  သူ့ကျောကုန်းပေါ် တွင် လူဘယ်နှစ်ယောက်ဖြတ် လျှောက်ခဲ့ဖူးပြီလဲ။

 မိသားစုပေါင်း ဘယ်နှစ်ယောက် မျိုးဆက်ပေါင်း ဘယ်လောက်ကို သူထမင်းကျွေးခဲ့ ပညာသင်ပေးခဲ့၊ ခိုလှုံရာနေရာ ပေးခဲ့ဖူးပြီ လဲ၊ တရားဓမ္မရွတ်ဖတ်သံ ဘယ်နှစ်ပိုဒ်ကိုသူကြားနာခဲ့ပြီးပြီလဲ။

    စာရင်းအင်းပညာရှင်များ ခဏလာပါ။ ထိုကိန်းဂဏန်း များပြုစုရင်း မဝေးသေးသည့် သမိုင်းတစ်ခုကို တူးဖေါ်ကြည့်ကြရ အောင်။ (ပိုပြည့်စုံချင်လျှင် အရက်နှင့်ထန်းရည်ဂါလံပေါင်း မည်မျှရောင်းချပြီးခဲ့ကြောင်းနှင့် တောင်သမန်ရေပြင်အောက်မှ ရေသတ္တဝါ တန်ချိန် မည်မျှတို့ အမြည်း ဖြစ်ခဲ့ဖူးကြောင်း စာရင်း ကောက်ယူ ထားနိုင်ပါသည်။ )

     ဤနေရာ၊ထိုဝန်းကျင်၌ ရာသီအလိုက် အချိန်နာရီအလိုက် ပြောင်းလဲတတ် သောထင်ရှားသည့် အလှတရား များ ရှိသည်ကို ရဲရဲယုံပါ။

    မိုးတိမ် တောင်တို့ ညို့နေသော တောင်သမန်ကို မြင်ဖူးချင် သည်။ ဓါတ်ပုံဆရာများသည်ခြေခင်းလက်ခင်းသာသည့် ရိုက်ကွင်းရိုက် ကွက် ကောင်းသည့် ရာသီချိန်မျိုးကို သာရွေးရိုက်လေ့ရှိသည်ထင် သည်။

    မြင်ဖူးသည့်ပုံ အ များစုတွင် ဦးပိန်သည် အင်္ကျီ မပါတတ်။

    သူ့ကြည့်ရသည်မှာနွေပူပူတွင် ရေချိုးဆိပ်ဆင်းခါနီး အဖိုးအို တစ်ယောက်ကို မြင်ရသလိုမျိုး။ နံရိုးများ အပြိုင်းပြိုင်း ထင်ရှားစွာတွေ့ နေရတတ်သည်။ သူ့ကျောရိုး တစ်ချောင်းကိုသာ နင်းလိုသူ နင်းသွားကြတော့ဟု အမြဲခင်း ပေးထားတတ်သူမှာလည်း ထိုဦးပိန်ပင်ဖြစ်၏။

အနာဂတ်ဘုရားအတွက်

 ခန္ဓာကိုယ် တံတားထိုး

 ရိုကျိုးပူဇော်ခဲ့ပါသည်

                     လွန်ခဲ့သော နှစ် သုံးဆယ်ခန့်က ဘုန်းနွယ်လင်း ( ကိုသန်းလင်း) ရေးခဲ့သောကဗျာတစ်ပုဒ်သည် ဦးပိန်၏ဆိုနေကျသီချင်းနှင့် ပြင်းပြသောဆန္ဒဖြစ်ကြောင်း ကျွန်တော်သက်သေခံပါမည်။

    ခင်းထားသော သူ့ ကျောပေါ်မှ နေ့နေ့ညညအမြဲ လျှောက်သွားတတ်သူတစ်ချို့ မှာ ဘဝပိန်ပိန် ဝမ်းပိန်ပိန် လူ များဖြစ်ကြသည်။ သူ့ကျောပေါ် မှာဘဝကိုရှာဖွေနေသူများ ရှိသလို သူ့ ရင်ဘတ်အောက် မှာလည်း ဘဝ ကို ရှာဖွေနေသူ များရှိနေသေးသည် မှာအသေချာပင် ဖြစ်ပါသည်၊တစ်ခါ တစ်ရံတစ်ချောင်း ကိုတစ်ချောင်းထောက်ကူဖေးမ ထားရသော သူ့ နံရိုးများအောက် တွင် နွေငါး ကောက်သူကလေး များ တွေ့ရတတ်သေးသည်။

    ငှက်ဟု ခေါ်ကြသော သမ္မာန်လေးများနွေရာသီတွင် ဘယ်ဆီသွားနားနေတတ် ကြပါသလဲ။ တစ်ခါကရေစပ်စပ်သာ ကျန်သော ဦးပိန်ခြေရင်း တွင်ဝပ်စင်းနေသော ငှက်ခတ် သူများကိုတွေ့ဖူး၏။

    ဦးပိန်နှင့်ငှက်များ သည်တစ်ရွာတည်းသားများ သာဖြစ်ကြောင်းတုံးမောင်းခေါက်သံ များက ပြောပြကြလိမ့်မည်။

    မယ်ဇယ်ပင်တော တွင် ငှက်သမားတို့၏ကမ္မည်း ကျောက်စာမရှိ၊အထိမ်းအမှတ် သစ်ပင်မရှိ။

တောင်သမန်သမိုင်းတွင် ငှက်နှင့် ငှက်ခတ်သူများ အမှန်တကယ် မှတ်တမ်းဝင်ခဲ့ ကြောင်းကိုသူကြီးဟောင်းဦးပိန်၏ အပြိုင်းပြိုင်း သော နံရိုးအဟောင်းများနှင့် ထိုဒေသ၏     ရေမြေထုက သက်သေပြုပါ လိမ့်မည်။

    ၁၈၄၉အေဒီမှာ တိုင်အလုံးပေါင်း(၉၈၄)တိုင်နဲ့ စပြီးဆောက်ခဲ့တာဟူသော ဖွားဇာတာပါကိန်းဂဏန်းများဖြင့် ဦးပိန်၏ အနာဂတ် ကိုမဟာဘုတ် တိုင်ထူ မကြည့်လိုပါ။

    ရှင်သန်နေထိုင်ခဲ့ သည့် နှစ်ပေါင်း(၁၅၀)ကျော် ရှိပြီဖြစ်သည့် ဦးပိန်သည် လူတွေကိုဘာတွေပေးလို့လူတွေ ထံမှ ဘာများ ပြန်လည် ရယူ သွားခဲ့ပါသလဲ။

    ထိုသို့တွေးမိသူမှာ တံတားအစအဆုံးမလျှောက်ဖူးသည့်အဝေးဧည့်သည်များလို အရေအတွက်နည်းပါးလွန်း ပါလိမ့်မည်။

    အဖိုးအိုတစ်ယောက်၏ ကျန်းမာရေးကိုထိရောက်စွာ ဂရုစိုက်ပြုစုစောင့် ရှောက်နိုင်သည့် နည်းလမ်းရှာလိုသူများ နှင့်အတူ တောင်သမန်သို့ သွားရောက်လိုပါသည်။ စိတ်ဝင်စား လျှင် လိုက်ခဲ့ပါ။ ထိုခရီးအတွက် ဗီဇာမလို။

      အခင်း၊ အခက်၊ အဖြည်ဟူသောဖွဲ့စည်းပုံဟောင်း များ (၂၁)ရာစုနှင့်အံမဝင်တော့ကြောင်း တံတားကိုမိုးကြည့်နေသည့်မိုးပျံ ပူပေါင်းများ က ပြောကြားသွားခဲ့ သည်ကိုခင်ဗျားတို့ ကြားလိုက် ကြ ပါသလား။

   ဦးပိန်နှင့် တွဲလျက်ရှိနေသောထိုပူပေါင်းများသည် ပါဖေါမဲန့်ပြပွဲတစ်ခုဖြစ်နိုင်သလို သမိုင်းသက်ရှည်ခြင်းကိုအသစ်မွေး ဖွားခြင်း ကဂုဏ်ပြု သည့်အခန်းအနားတစ်ခုလည်း ဖြစ်နိုင်ပါ သည်။

    ထိုပွဲနှင့် ဆင်ဆင်တူသော ပွဲမျိုးကိုလည်း ဦးပိန် အကြိမ်များစွာ ခင်းကျင်းပြသတတ်ကြောင်း ကျွန်တော်ပြော သည်ကို မယုံလျှင် ဤပုံကို ကြည့်ပါမိတ်ဆွေ။

     တံတားပေါ်တွင် ပျော်ရွှင်နေသောကလေးများ၊ စကား စမြည် ပြောဆိုဖြတ်သန်းနေသော သံဃာများ၊  လူများ။

    သူတို့ကိုကြည့်ရသည်မှာ တောင်သမန်၏ ညနေ ခင်း လေညင်းများလိုအေးအေးလူလူ ရှိလှသည်။

    ခင်ဗျားမျက်လုံးများ ကို ပုံအောက်ခြေသို့ ခဏရွှေ့ ယူလာပါ။

                       တံထားအောက်ခြေ လူသွားလမ်းကျဉ်းကျဉ်း လေးတွင် ခါးထစ်ခွင်ချီ ထားသည့် ကလေးကတစ်ယောက်၊ ဘေးမှာ ဘုစုခရုလေးတွေ တစ်သိုက်နှင့် ငိုက်စိုက် လျှောက်နေသူ အမျိုးသမီး တစ်ဦးရှိသည်။

    မြင်ရသည်မှာ သူလည်းအေးအေးလူလူပါပဲ။ ဤနေရာတွင် ရင်တွင်းဆူလူမသိဟူသောစကားကိုခေတ္တမေ့ထားပေးပါဟု ပန်ကြားလို ပါသည်။

    ထိုမိသားစုသည် တောင်သမန်ကို အပမ်းဖြေလာသည့်ဧည့်သည်များမဟုတ်ကြောင်းကိုတော့ခင်ဗျား  သဘောတူလက်ခံနိုင် မည် ထင်ပါသည်။

    ဦးပိန်နှင့် တောင်သမန်တို့နွေတွင်မည်သို့ရောင်းဝယ် ဖေါက်ကား ထုတ်လုပ်ကြ၊ မိုး ရာသီတွင်မည်သို့ခြိုးခြံကူးသန်း ကြဟူသည့် အကြောင်းကိုလူမှု စစ်တမ်း ကောက်ယူရန်စိတ်ဝင် စားသူ များအတွက်ချန်လှပ် ထားခဲ့ပါသည်။

သောက်သုံးရေသန့်ရရှိရေး၊ မိလ္လာသန့်ရှင်းရေး၊ ကလေးငယ်များကာကွယ်ဆေး ထိုးရရေး၊ အခြေခံပညာသင်ကြားရေး၊ ကျေးရွာ ဖွံ့ဖြိုးရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းစသော ဝါကျတိုများပါရှိသည့်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုမှဖြန့်ဝေသောကြော်ငြာ တစ်စောင် တောင်သမန်အင်း တွင်းသွားလာနေသည့်ငှက်တစ် စင်းပေါ်မှ ကောက်ရခဲ့ဖူးသည်။

တောင်သမန်ဝန်းကျင်တွင် ဆေးတံ၊ မြေအိုး၊ ပေ၊ ပုရပိုဒ် စသည့် ရှေးဟောင်းပစ္စည်းလေးတွေ လေးများလည်းတွေ့ရှိနိုင်သည်။ ထိုပစ္စည်းများက ခေတ်နှင့် နှစ်များကို ညွှန်းဆိုမည်။ 

တောင်သမန်အင်းစပ်တွင် တောင်လေးလုံးကျောင်းတိုက် လည်းရှိ၏။ ကျောင်းထိုင်ဆရာတော် ကိုပညာ (အမရပူရ)သည် စာပေ အနုပညာရှင်များ လေးစားအားထားရသည့် ရဟန်းစာဆို ဖြစ်သည်။ ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆု သုတပဒေသာ (ဝိဇ္ဇာ) ကိုဆွတ်ခူးရရှိခဲ့ဖူးသည်။ ထိုကျောင်းဝင်းထဲက သူဌေးဘုရား ရင်ပြင်တွင် စာပေနယ်က ပုဂ္ဂိုလ်ကျော်များ၏ အထိမ်းအမှတ် ကျောက်တိုင် များ စိုက်ထူထားသည်ကို တွေ့နိုင်မည်။ သတင်းစာ ဆရာကြီးဟံသာဝတီဦးဝင်းတင်၊ မြသန်းတင့်၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည်အောင်စသည့် နတ်နေကိုင်းများမှအစ ကဗျာဆရာ အကျော်အမော်များအဆုံး ထင်ရှားထယ်ဝါစွာ ရှိနေသောအရပ် ဖြစ်သည်။  တောင်သမန်အကြောင်း ပြောမည်ဆိုလျှင် ဆရာတော် ကိုပညာ (အမရပူရ)၏ အမည်နှင့် ဂုဏ်ပုဒ်သည် ချန်လှပ်ထား၍ မရနိုင်။

စကားမဆုံးမီ အသက် ထွက်လုလု အန္တရာယ်ဆိုးများ နှင့်လည်း အဘိုးဦးပိန်ကြုံခဲ့ဖူးသေးကြောင်း ပြောချင်/ ပြချင်ပါသေးသည်။

            ဝါဆိုဝါခေါင်ရေဖေါင်ဖေါင်ဟူသောစကားသည် ဦးပိန်အတွက် နားဝင်ချိုလှသော တေးသွားမဟုတ်။ မိုးရေတာကျိုး မြစ်ရေတိုးသည့်နှစ်တိုင်း သူ့ကျောပေါ်ရေတင်သည်။ အသက်ရှူမရအောင်ရေနစ်ခဲ့ရသည်မှာ ဘယ်နှနှစ်ရှိပြီ မရေတွက်တတ်တော့။ သေလု မျောပါး ခံစားရသော ခုနှစ်များဖြစ်၏။

ဇွန်လ၏ မိုးရေစက် များကဗျာစာအုပ်ကိုသုခမိန်လှိုင် ရေးခဲ့သည်လား၊ ဦးပိန်နှင့်ဇူလိုင်လမိုးရေစက်များအကြောင်းကိုထပ်ရေး ဖို့ အဘလှိုင်ထံ အီးမေးလ် တစ်စောင်ပို့ ပန်ကြားပေးပါ။

    တောင်သမန်အင်းဘေးတွင် ဦးပိန်သည်သီချင်းတအေးအေးဖြင့်ရှိနေဆဲဆိုသည့် အခြေအနေအပေါ်မှာတော့ သံသယ မဝင်စေ ချင်ပါ။ ဦးပိန်သည်အနည်းငယ် ချူခြာလိုက်သည်မှအပ နဂိုအတိုင်း အလှမပျက်ရှိဆဲပင်။

ငြိမ်းအေးအိမ်
၂၀၀၄ခုနှစ် နွေဦးရာသီ

Visited 42 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *