ဦးဘသက်ရဲ့မှတ်ပုံတင်

Author: lubo601 |  9:20 PM |  No မှတ်ချက် | 

by Nyein Aye Eain on Wednesday, August 17, 2011 at 7:23am

            အရေးတကြီး ကိစ္စတစ်ခုဖြင့် နက်ဖြန်မနက်တွင်သွားရမည့် ခရီးစဉ်တစ်ခုအားဖျက်လိုက်ရသည့်အချိန်ကျမှ မှတ်ပုံတင်တစ်ခု၏ အရေးပါမှုကိုကျွန်တော်အသိအမှတ်ပြုလိုက်ရပါသည်။

            ခါးပိုက် အနှိုက်ခံရသည်လား၊ ကျပျောက်သည်လား အကြောင်းရှာမရသော်လည်း ကျွန်တော့်မှတ်ပုံတင်ပျောက်ဆုံးခဲ့ သည်မှာ တော့ သေချာပါသည်။ပြည်တွင်းခရီးစဉ်ပင်ဖြစ်သော်လည်း သွားရမည်က တစ်နံတစ်လျား။ ယဉ်ရထား လက်မှတ်ဝယ်ယူရေး၊ ရောက်ရာ အရပ်တွင် တည်းခိုရေးအတွက်မှတ်ပုံတင်သည် အသက်ဖြစ်၏။ သူမရှိလျှင် ဘာမျှလုပ်မရတော့။

            မည်မျှပင် အရေးကြီးသည့်ကိစ္စဖြစ်ပါစေ ခရီးစဉ်ဖျက်ပြီး လက်လျှော့လိုက်ရုံက လွဲ၍ ကျွန်တော့်မှာ အခြား ရွေးချယ်စရာမရှိ တော့ပါ။

            မှတ်ပုံတင်ဟူသည်မှာ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လိုပင် မရှိမဖြစ်အရာလား။

            ဗင်းဆင့်ဗန်ဂိုးကို သတိရသည်။

            သူ့မှာရော  မှတ်ပုံတင်ရှိရဲ့လား။

            ရှိမည့်ပုံမပေါ်ပါ။ ရှိမည်ဆိုလျှင် သူ့မှတ်ပုံတင်သည် အဝါရောင်ဆေးများသာဖြစ်နိုင်ပါသည်။

            နေချင်သည့်အချိန်တွင်နေ၍ သေချင်သည့်အချိန်တွင် သေဆုံးသွားသူတစ်ယောက်အား မှတ်ပုံတင်နှင့်ဆက်စပ်စဉ်းစားမိသည်မှာ အတော်ပင်ရုးမိုက်သော အတွေးဖြစ်၏။

            သူ့စိတ်အဆာပြေစေဖို့ သူ့ကိုယ်ပိုင်နားရွက်ဖျား တစ်ဖက်ကိုဖြတ်ကာ ကောင်မလေးတစ်ယောက်ဆီ လက်ဆောင်ပို့ပေးခဲ့ဖူး သည်။ ရူးကြောင်ကြောင်လူတစ်ယောက်ဟု အများကသတ်မှတ်ထားသူတစ်ယောက်၏ စိတ်လွတ်လပ်မှုကို ယနေ့တိုင်ကျွန်တော်တို့ ပြောဆိုမပြီး နိုင်ကြသေးပါ။ ခန္ဓာကိုယ်မှ နားရွက်ဖျားတစ်ဖက်မရှိသော်လည်း အသက်ရှိသေး၏။ လုပ်ဆောင်ဖွယ်ရာများကို ပြေပြေ ပြစ်ပြစ်ဆောင်ရွက်နေနိုင်သေး၏။

            သူ့မှတ်ပုံတင်ကတော့ မပျောက်ပါ။ စုတ်ပြဲသွားခြင်း (သို့မဟုတ်) ဆုတ်ဖြဲလိုက်ခြင်းသာ ဖြစ်ပါသည်။

            သူရှိရာ မန္တလေးမြို့မှ တိုက်ပုလေးတစ်လုံးဆီရောက်သွား တုန်းကဖြစ်သည်။

            အုတ်နံရံတွင်မြေဖြူနှင့်ရေးထား၏။

                  “ ဆရာ့ထံ သူခိုးမလာပါနဲ့” . .တဲ့။

                  (ဘယ်သူတွေ ဆရာ့ဆီက ဘာတွေခိုးယူသွားခဲ့ဘူးကြောင်း ကျွန်တော်တို့မသိနိုင်တော့၊။ အခိုးခံပစ္စည်းများထဲ လူ့တန်ဖိုးမပါစေဖို့ ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ပါသည်။)

ပန်းချီဆရာကြီး ဦးဘသက် 

ဗလပွကြဲ၊ ဗြဲလရမ်းရမ်းစုတ်တံများ၊ အနှံ့ပြန့်ကြဲနေသော ပစ္စည်းများ၊ ဟိုတစ်စုဒီတစ်စုနှင့်ကားချပ်များ၊ ဖုံအလိမ်းလိမ်း တက်နေသော ကားချပ်များ၊ တစ်ဒေါင့်တွင်ကားတရောတစ်လက် စသည်တို့ဖြင့် ပြည့်နှက်နေ၏။ ဆရာဘယ်လိုနေသည်၊ ဘယ်လို အိပ်သည်ကို ချင့်၍မရပါ။

                  “ဆရာ့အထ္ထုပ္ပတ္တိကိုလိုချင်လို့ ရန်ကုန်က ဒီမနက်ပဲရောက်တယ်..။”

            ၁၉၀၃ခုနှစ်က လူ့လောကသို့ဆရာရောက်ခဲ့သည်။ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင်နေရ၏။ ဆွမ်းခံရင်းလည်း ပန်းချီပုံ လောင်းခဲ့ ၏။  ကျောင်းဘေးအုတ်နံရံတွင်လည်း သူ့အရုပ်ကို တွေ့နိုင်၏။ ရှိသမျှ စက္ကူစုတ်တွေလည်း သူ့လက်ချက်နှင့်ပြည့်နေ၏။ မြင်လျှင်ခြစ်၊ တွေ့လျှင်ရေး ၏။

            လေဖြတ်ပြီးနောက်ဆေးကုရာ လက်နှင့်ခြေကား ကောင်းခဲ့ပြီ။ စကားပြောရာတွင်ကား လျှာလေးသေး၏။

                  ““ဦးဘသက်ရဲ့ ဓာတ်ပုံရယ်၊ ရေးထားတဲ့ကားရဲ့ ဓာတ်ပုံရယ်လိုချင်တယ် ရမယ်မဟုတ်လား””

                  “ရပါတယ်၊ လာခဲ့လေ”

            နောက်တစ်နေ့မနက်(၇)နာရီခွဲလောက်တွင် ကျွန်တော် ဦးဘသက်ထံရောက်ရာ သူ၏ကားများကို ထုတ်ပြသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေ့ရှုသောကားဖြစ်၏။

            လူပေါင်းများစွာလဲပြိုနေပုံ၊ အတုံးအရုံးဖြစ်နေပုံများအား၊ အနုမြူဗုံးသဏ္ဍာန်၏အလယ်တွင်ရေးထား၏။ ကောက်ကြောင်းသာ ပြီးသေးသော(၁၂)ပေခန့်ရှိကားကိုလည်းပြခဲ့၏။အခြားကားများကို လည်း ကြည့်ခိုင်း၏။

            ကျွန်တော် သူ၏ကားများကို ကြည့်နေစဉ် သူ တရောထိုး နေ၏။

                  “ညနေညိုညို ရွှေကိုယ်ဖမ်းတဲ့ အရက်ကယ်“ ဟူသော တေးကို နေ့စဉ်ညည်းခဲ့ဟန်တူ၏။ အရက်ကိုအဖေါ်လုပ် အဟုတ်ပဲပျော်မယ်ဟူ၍ အော်ဟစ်ကာ ပျော်ကြကုန်သောလူများတွင် ဦးဘသက်တစ်ယောက်လည်း ပါဝင်ဟန်ရှိသည် ဆိုရပေမည်။

            ဦးဘသက်ကား အိမ်ထောင်(၂)ဆက်ကျဖူး၏။ သားသမီးမရရှိပေ။ မုဆိုးဖိုနှစ်ထပ်ကွမ်းဘဝနှင့် ယခုကား . . . မ ,မနီးသော တစ်ကိုယ်တည်း အဖေါ်မရှာ ကြုံရာစား၊

            ဖျားလျှင်ဆေးရုံ

            ဆာလျှင်ထမင်းဆိုင်

            မြေမှန်လျှင်သူ့အိပ်ရာ

            အမိုးကားကောင်းကင်

            နေပူလျှင်သစ်ပင်ရိပ်

            လူ့လောကီမှာ ငါ၏ပျော်ပွဲ

            သောကပူတယ်ဆိုတာ ကလေးများရဲ့အလုပ်ဟူ၍ပင် ပြောရလောက်အောင်ပင် . . .။ လူ့ဘဝဆိုတာ တစ်ခဏ၊ အသက်ဆိုတာ ရှင်တုန်းရက်ပိုင်းနှင့်တွက်က ရက်ပေါင်း (သုံးသောင်း) တောင်မနေရပေ။

            စင်စစ်အားဖြင့်  နေ့အားဖြင့်တွက်ချင့်သော် (၃၆၅၀ဝ) နေရသူ  ရှားပေသည်။ ဤသဏ္ဍာန်ကို မြင်ခဲ့သော ရှုထောင့်အသွယ် သွယ်မှ ကြည့်ရှုခဲ့သော ဦးဘသက်သည် လူများ၏လှုပ်ရှားမှုကို ကြည့်၍ ရယ်မောခဲ့သည်။ ရိုးရိုးမဟုတ် သရော်၍ပြုံးခဲ့သည်။ လောကကြီးအား အမှုမထင် ပြက်ရယ်ပြုသူဟုသာတင်စား၍ ခေါ် ပါရစေတော့။

                  “ကျွန်တော့်ကို ခွင့်လွှတ်ပါ နောင်ကြီးရယ်”

            ဆရာ၏စကားသည် ကျွန်တော့်အား ကြောင်အအ ဖြစ်၍ တွေဝေသွားစေသည်။

                  “ဆရာဦးဘသက် . .၊ ကျွန်တော်လေ . .၊ ဂျီလှမောင်လေ . .၊ ဆရာ့မိတ်ဆွေလေ . .”

            ဦးဘသက်အား ကျွန်တော်သတိပေးလိုက်သည်။ ထိုအခါတွင်မှ ပြုံးပြီး . .။

                  “‌ဪ. . သိပြီ၊ ခင်ဗျားကိုး”

            လက်လှမ်း၍ ကျွန်တော့်အားဖက်လိုက်၏။

            အချိန်ကား နေညိုချမ်းမှာ ပါစကရည် အရှိန်ဖြာ၍ ရေဆိုးဖြန်းချိန်တိုင်ခဲ့လေပြီ။

            သို့သော် မရူးခဲ့ပါ။

                  “နို့ . . ခင်ဗျားရုပ်ပုံကော . .၊ ရမယ်ပေါ့”

ဦးဘသက်သည် သူ၏မှတ်ပုံတင်မှ ဓာတ်ပုံပါသည့်ဘက် ကို ဆုတ်ဖြဲ၍ ကျွန်တော့်ကိုပေးလိုက်သည်။

­­­­­­­

ဦးဘသက်၏ လက်ရာ ရေဆေးပန်းချီကား

ရေဆေးရေးရာတွင် သူ၏ကားကို ဆရာဆောင်ပင် သိမ်းထားရလောက်အောင်ကောင်းလှ၏ဟု မှတ်ချက်ပြုခံရသူ ထိုဆရာကြီး သည် မှတ်ပုံတင်ကိုဆုတ်ဖြဲပေးကမ်း လိုက်ပြီးသည့် နောက်ပိုင်း သူ ဘယ်ကိုမှခရီးမသွားတော့ဘူးလားဟု ကျွန်တော် တွေးနေမိပါသည်။ သို့သော် သူခရီးသွားမသွား အချက်အလက်အထောက်အထားကိုတော့ ကျွန်တော်မရှာဖွေနိုင်ခဲ့ပါ။ သူ့လက်ထဲ ကျန်ရစ်သော မှတ်ပုံတင်တစ်ခြမ်းနှင့် ဘဝ၏နောက်ပိုင်းခုနှစ်များကို မည်သို့မည်ပုံစခန်းသွားခဲ့သည်ကိုလည်း ကျွန်တော်မသိတော့ပါ။

            နားရွက်ဖျားကိုလှီးဖြတ်ပေးခဲ့သော ဗင်းဆင့်နှင့် မှတ်ပုံတင် တစ်ခြမ်းကို ဆုတ်ဖြဲပေးခဲ့သော ဦးဘသက်တို့သည် ပါရမီရှင် ပန်းချီ ဆရာကြီးများဖြစ်ကြကြောင်းကိုတော့ ကျွန်တော်သိပါသည်။

                  မှတ်ပုံတင်ကိစ္စသည် မန္တလေးက ဦးဘသက်တင်မက မြိတ်မြို့ကမောင်ယုပိုင်ဆီအထိ ပြဿနာရှိနေပုံရသည်။ မောင်ယုပိုင်၏ ညီဖြစ်သူလည်း မှတ်ပုံတင်ပျောက်ဆုံးသွားသည်။ သူတို့မိသားစု ထိုသို့ညည်းငြူနေသည်ကို ကြားရ၏။

            ကျွန်တော့်ညီကပြောတယ်၊ သူ့မှတ်ပုံတင်ပျောက်သွားတယ်၊ ကိုယ့်ကို’ကိုယ်’ဖြစ်ကြောင်းပြဌာန်းတဲ့ အရာကိုတောင် ပျောက်ပျက်ရတယ်လို့၊ သူ့ပေါ့ဆမှုကြောင့်လား၊ ဒါမှမဟုတ် သူကိုယ်တိုင်ဖျောက်ဖျက်ပစ်ခဲ့တာလား၊ ဘယ်အချိန်လောက်ကတည်းက ပျောက်ဆုံးခဲ့တာလဲ၊ အဲဒါကတော့ လျှို့ဝှက်စွာ ပျောက်ဆုံးနေပြီတဲ့ဗျ၊ သူ့ရဲ့ ထင်ရှားတဲ့အမှတ်အသားပါဝင်တဲ့သက်သေခံ အရာဝတ္ထုလေ၊ အဲဒါကို သူ့မိသားစုဝင်တွေကို ထုတ်ပြောတော့ အဖေက ငါမသိဘူးတဲ့၊ ဒီမှာ စာရွက်စာတမ်းတွေနဲ့ ငါတောင်  ဟိုပျောက်ဒီပျောက် ဖြစ်နေတာတဲ့၊ မင်းတို့လည်း အရွယ်ရောက်ပြီ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်သင့်ပြီတဲ့၊ ကျွန်တော့်ညီက ပြန်ပြောတယ်၊ အစက အဲ့ဒါ အဖေထိန်းသိမ်းခဲ့တာပဲ၊ အဖေ့လက်ထဲ နောက်ဆုံးအပ်ခဲ့တာပဲ၊ အေး  ဒါပေမယ့် အခု ငါလည်းအသက်ကြီးပြီ၊ ငါ့ အမှတ်အသားလည်း သိပ် မကောင်းတော့ဘူး၊  တစ်အိမ်လုံးက မင်းတို့ ကိစ္စတွေကို တစ်ချိန်လုံး ငါ့ခေါင်းထဲ ထည့်မထားနိုင်ဘူးကွတဲ့၊ ထုံးစံအတိုင်း ဗီရိုဟောင်းတွေပါ မကျန် နှိုက်ချွတ်ရှာဖွေပြီးတဲ့ ကျွန်တော့်အမေကတော့ အဲ့ဒါများလားတဲ့၊ သူမ လက်ထဲမှာ ကတ်ပြားတစ်ခု၊ (သို့မဟုတ်) လူတစ်ယောက်ကို ထိုလူဖြစ်ကြောင်း အမှတ်အသားများနဲ့တကွ ထိုလူပုံနဲ့ ဓမ္မဓိဌာန်ကျကျ တင်ပြထား(တယ်  ထင်ရ)တဲ့ အရာကို ကိုင်ထားရင်းမေးတယ်၊ ကျွန်တော့်ညီက တစ်ချက်ကြည့်ပြီး ကျွန်တော့်ဟာပဲ၊ ဒါပေမယ့်မဟုတ်ဘူးတဲ့၊ အခုပျောက်နေတာက ၁၈နှစ်ပြည့်ပြီးတဲ့ဟာတဲ့၊ ကျွန်တော့် အမေက ဘယ်လိုဘယ်လို ဒါလည်း သားပဲလေ၊ အခု သားသုံးလို့ မရဘူးလားတဲ့၊ ကျွန်တော့်ညီက အသက်ကလွဲလို့ အကုန်အတူတူပါပဲတဲ့၊ ဒါပေမယ့် ဒီအသက်အရွယ်ကပဲ ဘာမှ မတူတော့တာကို ပြနေတယ် ထင်တာပဲတဲ့၊ အဲ့ဒီတုန်းက ထင်ရှားတဲ့ အမှတ်မသားတောင် အခု သိပ်မထင်ရှားတော့ဘူးတဲ့၊ အမေက ဓာတ်ပုံဆေးသားပျက်နေလို့လားတဲ့၊ အခု တွေ့ထားတာ ငယ်ငယ်တုန်းကဟာပဲလေ၊ သားပျောက်နေတာ ဘယ်တုန်းက ဟာလဲတဲ့၊ ကျွန်တော့်ညီက နေပါဦးအမေရာ၊ အခုဟာက ကျွန်တော် အလုပ်လျှောက်ရာမှာ ပြရမှာတဲ့၊ ကျွန်တော့်ညီမ ကျွန်တော့်ညီရဲ့အစ်မက ငါ့တုန်းက ငါဘယ်သူဘယ်ဝါရဲ့ သမီးလဲဆိုတာ အလုပ်ရှင်က သိနေလို့ အဲ့ဒါမလိုအပ်ဘူးတဲ့၊ နင်လည်း ဘယ်သူဘယ်ဝါဆိုတာ ပြောပြလိုက်ပေါ့တဲ့၊ ကျွန်တော့ညီက ကျွန်တော့်ကိုလည်း သိတော့ သိကြတယ်၊ ဒါပေမယ့် အခုဟာက မှတ်ပုံတင်နဲ့တကွ လျှောက်လွှာတင်ရမှာတဲ့၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းက ပြန်လုပ်ယူလို့ လွယ်တယ်တဲ့၊ အဲ့ဒီလက်တစ်ဖဝါးစာ ကတ်ပြားလေးက ဒီညတွင်းချင်း မရဘူးတဲ့၊ ဟုတ်တော့လည်းဟုတ်တယ်လေ။ လူတစ်ယောက်/ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ရေးရဇဝင်တွေ ရှာဖွေစုစည်းရတာ လွယ်တော့ ဘယ်လွယ်မလဲ၊ အခု ကိုယ့်မိသားစု အချင်းချင်းတောင် ကျွန်တော့်ရဲ့ လက်ရှိ သက်သေပြနိုင်တာကို ပြန်တွေ့အောင် မရှာနိုင်ကြတာပဲ၊ ဒါပေမယ့် ကြက်ခြေနီအဖွဲ့ဝင်ဖြစ်ချင်တာကျတော့ သူ့သူငယ်ချင်း ဒေါ်လေးဆီ သွားရုံပဲတဲ့၊ အဲ့ဒါ ကျွန်တော်ဖြစ်ကြောင်း၊ အဲဒါ ကျွန်တော့်မိဘ၊ အဲ့ဒါ ကျွန်တော့်အလုပ်အကိုင်၊ အဲဒါ ကျွန်တော့်ထင်ရှားတဲ့ အမှတ်အသား၊ အဲဒါ ကျွန်တော်ကိုးကွယ်သည့်ဘာသာ ဆိုတာကို ကျွန်တော်သွားပြောရုံနဲ့  သူတို့အသိအမှတ်ပြုလက်မှတ်ထိုးပေးလိုက်မှမရဘဲ၊ အဲဒီ ကိုယ့်ကို မှတ်ပုံတင်ရဖို့ဆိုတာ ခဲယဉ်းတယ်လေ၊ ကျွန်တော့်ညီမက ပလတ်စတစ်လောင်းဖို့ ပိုက်ဆံမရှိလို့လားတဲ့၊ မိတ္တူဖိုး မတတ်နိုင်လို့လားတဲ့၊ ကျွန်တော့်ညီက ဘယ်သူမှ နားမလည်ကြပါလားတဲ့၊ ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ သူတို့က ကျွန်တော့်ကို အဲဒီ ကတ်ပြားနဲ့ တူမတူ ယှဉ်ကြည့်ကြမှာ၊ အဲဒါမပါဘဲနဲ့တော့ ကျွန်တော့်အမာရွတ်ကို ထုတ်ပြ။ အဲဒါကျွန်တော်ပဲပေါ့လို့ ပြောရင်တောင် ဘယ်မှမှ ဝင်ခွင့်ရမှာမဟုတ်ဘူးတဲ့၊ ကျွန်တော် ဒီနိုင်ငံသားဆိုတာလည်း  စိစစ်သူတို့က လက်ခံကြတော့မှာမဟုတ်ဘူးတဲ့၊ ကျွန်တော်တော့ ကျွန်တော်ဆိုတာကို ပြဖို့ခက်ပြီ၊ အဲဒါ ဘယ်လောက်အရေးကြီးလဲတဲ့၊ ကျွန်တော်အမှန်တကယ်ပျောက်ဆုံးနေပြီဗျာတဲ့။ အဖေက ဒါနဲ့ အိမ်ထောင်စုစာရင်းကော ဘယ်မှာလဲတဲ့၊ ကျွန်တော့်ညီက မသိတော့ဘူးအဖေရာ၊ ကျွန်တော့်ပျောက်ဆုံးနေတာလေးသာ တွေ့ရင်ပြောကြပါတဲ့။(ဒီဇင်ဘာ၊ ၂၀၀၈)

            ထိုမိသားစုအရေးတော်ပုံ မှတ်ပုံတင်ပျောက်ဆုံးခြင်း မဟာအမှုတော်ကြီး မည်သို့မည်ပုံ အဆုံးသတ်သွားသည်ကိုတော့ ယနေ့ထိ မသိရှိရပေ။

            ရှစ်ဆယ်လွန်နှစ်များဆီက ကျွန်တော်သည် မြန်မာပြည် မြောက်ဖျားရှိ  “လဂွေ” ရွာကလေးတွင် ရက်ရှည်လများနေခဲ့ရဖူးသည်။ ထိုအရပ်၌ တောင်တို့သည် မတ်စောက်၏။ အအေးကဲ၏။ ဆီးနှင်းထူ၏။ တောင်ကျချောင်းကလေးများနှင့် တောင်နှာမောင်း များကြား မြေပါးပါးပြန့်ပြန့်လေးတွင် လယ်သေးသေးလေးများ ရှိ၏။ တောင်စောင်းများရှိ မီးရှို့ထားသော သစ်ငုတ်တိုများကြားတွင် တောင်ယာ စပါးများအနှံ့အပြားစိုက်ထား၏။ လေအေးနံ့၊ ရေငွေ့နံ့၊ မီးခိုးနံ့တို့သည် ထိုအရပ်၏ ဝတ်ရုံဖြစ်၏။

            နယ်စပ်မျဉ်းသို့ နာရီအနည်းငယ်လျှောက်ရုံမျှဖြင့် ရောက်နိုင်သော ထိုရွာလေးဆီသို့ တစ်ဖက်နိုင်ငံမှ ဆွေမျိုးသားချင်းများ တစ်ခါတရံ အလည်လာတတ်၏။ သူတို့ကလည်း မကြာခဏ သွားရောက်လည်ပတ်တတ်၏။

            ထိုရွာသားများနှင့် လာလည်ပတ်သောဧည့်သည်များတွင် မှတ်ပုံတင်မရှိကြပါ။ သူတို့၏မှတ်ပုံတင်သည် သူတို့ကိုယ်တိုင်သာ ဖြစ်ကြပါသည်။

            မထူးဆန်းစွာပင် ထိုအချိန်ထိုကာလများက ကျွန်တော့်တွင်လည်းမှတ်ပုံတင်မရှိပါ။ ကျွန်တော့်၏မှတ်ပုံတင်သည်လည်း ကျွန်တော် ကိုယ်တိုင်သာဖြစ်ခဲ့ပါသည်။

            ထို့အတူ ထိုအရပ်၌ တည်းခိုးခန်းများ၊ ဘူတာရုံများ၊ သင်္ဘောဆိပ်နှင့် ကားဂိတ်များ မရှိခဲ့သည်မှာ သာ၍ပင်မထူးဆန်း သော ကိစ္စသာဖြစ်ပါသည်။

            ကျွန်တော်တို့၏ ရင်းနှီးကျွမ်းဝင်သော မျက်နှာများသည် ဆုတ်ဖြဲဖျောက်ဖျက်မလွယ်သော မှတ်ပုံတင်များဖြစ်ကြပါသည်။ အချင်းချင်းကြား ထားကြသော နှုတ်ကတိများသည် စာချုပ်စာတမ်း များဖြစ်ကြပါသည်။

            သစ္စာနီတွင် ဘဏ်စာအုပ်မရှိသလို သူတို့တွင်လည်း ဘဏ်စာအုပ်မရှိကြပါ။ ဘဏ်စာအုပ်တစ်အုပ်ရှိဖို့ မှတ်ပုံတင်ရှိရပါမည်။ သစ္စာနီတွင် မှတ်ပုံတင်ရှိမရှိ ကျွန်တော်အသေအချာမသိပါ။

            ကျွန်တော်တို့ရွာသားများတွင်မူ စပါးရှိပါသည်။ အသားရှိပါသည်။ ဆားရှိပါသည်။ ဓားရှိပါသည်။ မယားရှိပါသည်။ အားရှိပါ သည်။ လက်လုပ် ကြိမ်ကြိုးတံတားနှင့် တောင်ပေါ် လူသွားလမ်းများရှိပါသည်။

            ရှင့်နားရွက်ပါးပါးလေးတွေက ချစ်ဖို့ကောင်းလိုက်တာ ဟု မြူဆွယ်ကျီစယ်မည့် မာယာပါးစပ်မရှိပါ။

            အထ္ထုပ္ပတ္တိနှင့် ဓာတ်ပုံတောင်းမည့်လူများမရှိပါ။

            ဒဂုန်တာရာ တဟီတီသွားချင်ခြင်းသည် မှတ်ပုံတင်ကိစ္စနှင့် များပတ်သက်နေမလားဟု တွေးမိပါသည်။

            မည်သို့ပင်ဖြစ်စေ ထိုနေ့မနက်က ကျွန်တော့်အတွက် အဝေးပြေးယာဉ်၊ ကားရထားလေယာဉ်ပျံများရပ်တန့်နေခဲ့ပါသည်။

            ကျွန်တော့်ခရီးဆောင်အိပ်ထဲတွင် ဆရာကြီးဦးဘသက်၏ မှတ်ပုံတင်တစ်ခြမ်းသည် ခရီးထွက်ရန်စောင့်ဆိုင်းနေပါသည်။

            ကျွန်တော်နှင့် မိတ်ဆွေ “လဂွေ” ရွာသားများကတော့ ဓားကိုယ်စီလွယ်၍တောင်ယာဆီတက်ခဲ့ကြပါသည်။  ကျွန်တော်တို့နှင့် အတူ မှတ်ပုံတင်မရှိသောအမဲလိုက်ခွေးနှစ်ကောင်နှင့် တူမီးသေနတ် နှစ်လက်လည်းပါ ပါသည်။

            ထိုခဏအတွက် တောင်ယာဆန်မွှေးမွှေးလေးနှင့် ခေါင်ရည်ချိုမြသည် ကျွန်တော်တို့အားလုံးစုပေါင်းပိုင်ဆိုင်သော မှတ်ပုံတင် အသစ်တစ်ခုဖြစ်ပါသည်။

            ဤဝတ္ထုထဲတွင်

            ကျွန်တော်သည်ကမ္ဘာကျော် ပန်းချီဆရာကြီးဗင်းဆင့်ဗင်ဂိုးဖြစ်၏။

            မြန်မာကျော်ပန်းချီ့ဆရာကြီး ဦးဘသက်(မန္တလေး)ဖြစ်၏။

            ပန်းချီဆရာ၊ စာရေးဆရာ ဂျီလှမောင်ဖြစ်၏။

                  မြိတ်မြို့က ကဗျာဆရာမောင်ယုပိုင်၏ ညီလည်းဖြစ်၏။

            မြန်မာပြည်မြောက်ဖျားမှ “လဂွေ” ရွာသားတစ်ဦးဖြစ်၏။

            ထို့အပြင် ဓာတ်ပုံမကပ်၊ အမှတ်တပ်မထားသေးသော မှတ်ပုံတင်အသစ် တစ်ခုလည်းဖြစ်သေးကြောင်းတင်ပြလိုပါသည်။

တပ်ဆင်ခြင်း။

            ဤဝတ္ထု၌ ၁၉၆၈ခု၊ ဩဂုတ်လတွင် ထုတ်ဝေသည်ဟု ယူဆဖွယ်ရှိ သည့်  ဂျီလှမောင်၏ “ကမ္ဘာပန်းချီသိ၊ မြန်မာ့ပန်းချီသိ” စာအုပ်ပါ ဦးဘသက်(မန္တလေး) အခန်းခွဲအောက်မှ ဝါကျများအား သင့်တော် သလို နှုတ်ယူသုံးစွဲတပ်ဆင်ပါသည်။

            ဆရာကြီးဦးဘသက်၏ ပေါ့ထရိတ်ပန်းချီကားတစ်ချပ်နှင့်။

            ဦးဘသက်၏ မှတ်ပုံတင်ပုံသဏ္ဍာန်ဖန်တီးထားသော ဖိုတိုရှော့ဓာတ်ပုံတစ်ပုံ။

            ရေဆေးရေးရာတွင် သူ၏ကားကို ဆရာဆောင်ပင် သိမ်းထားရလောက်အောင်ကောင်းလှ၏ဟု မှတ်ချက်ပြုခံရသူ ထိုဆရာကြီး ဦးဘသက်၏လက်ရာ ပန်းချီကားတစ်ချက်ကို တပ်ဆင်ပါသည်။

            ၂၀၀၂ခုနှစ်က ရေးသားပြီးစီးခဲ့သည့် ကျွန်တော့်အရေးအသားကို ၂၀၂၀ခုနှစ်တွင် ဖတ်ခွင့်ကြုံခဲ့သော စာပြီးရက် (ဒီဇင်ဘာ၊၂၀၀၈) ဟု ရေးထိုးထားသည့် မောင်ယုပိုင်၏ကဗျာကိုလည်း (၂၀၂၃ ဩဂုတ်လတွင်) ထပ်မံဖြည့်စွက်တပ်ဆင်ပါသည်။

            ထို့အပြင် ( Collage ဟူသော စာအုပ်တွင် ထည့်သွင်းရန် စာမူပြင်ဆင်ချိန်မှ တွေ့ရ/သိရသည့်) မည်သည့်အချိန်က မည်သူက ခွင့်ပြု၍ ဖန်တီးထားကြမှန်းမသိသော အထက်ဖေါ်ပြပါ “ဦးဘသက်၏ မှတ်ပုံတင်” ဟူသော အသံဖိုင်တစ်ခု၏ Link နှင့် ဖန်တီးသည့် အဖွဲ့အား ဤ Collage ဝတ္ထုတွင်  ထပ်မံတပ်ဆင်လိုက်ရပါသည်။

1,726 views  Apr 3, 2023

 Title – ဦးဘသက်၏ မှတ်ပုံတင်

Writer – ငြိမ်းအေးအိမ်

Audio by Shwe Tharr

Produced by Let’s Click To Win

၂၀၂၃ခုနှစ် မေလ၊ ၂၀ရက်နေ့ (၁ရး၁၀)နာရီ

မှတ်ချက်။    ။

            ပျောက်ဆုံးနေတဲ့ ကျွန်တော့် စာမူတစ်ပုဒ်ပါ။

            ကိုယ့်အရေးအသားထဲမှာ  အခြားသူရဲ့ ရှိနှင့်ပြီးသား စာသား/ Text တစ်ခုကို ထည့်သွင်းပြီး  Collage လုပ်ထားတဲ့ ရေးဟန်ပေါ့။

Identity ကို ဖွဲ့ဆိုကြည့်တာ။

            ကိုယ့်စက်ထဲ လက်ခံစာမူမတွေ့တော့၊ ရှိလိုရှိငြား အင်တာနက်ပေါ်တက်မွှေမိပါတယ်။ တွေ့မယ်လို့တော့ မမျှော်လင့်မိပါဘူး။ ဒါပေမယ့် Lubo ဆိုတဲ့ ဆိုဒ်တစ်ခုမှာ တင်ထားတာတွေ့တော့ ရွှေထုပ်ကောက်ရသလို ဝမ်းသာသွားမိတယ်။ တင်ပေးထားတဲ့ အဖွဲ့သား (ဘယ်သူတွေလဲတော့မသိ)တွေကိုအလေးအနက်ကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေ။

            အမှတ်တရ အနေနဲ့ “ ရေးမိသောစာ “ အယ်လ်ဘဏ်မှာ လာသိမ်းပါတယ်။ (လွန်ခဲ့တဲ့ ၂၁ နှစ်က လက်ရာပါ)။

Friday, March 24, 2023 at 2:55 PM

Visited 36 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *