နယ်မြို့သိမ်မြို့မွှားလေးမှာ ကြီးပျင်းလာခဲ့ရတဲ့ စာရူးပေရူး ကဗျာရူး တောသားလေးကျွန်တော်ဟာ၊ အမေဆိုပြတဲ့ “လူလေးရယ်ငို .. ခိုဖမ်းလို့ပေး.. ခိုဖြူခိုပြာနက်ကယ် .. ဖမ်းခက်လှသေး”ကို နားယဉ်ခဲ့တယ်။ “ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်၊ ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီးတွယ်တတ်တယ်” “လှော်လှော် လှေကိုလှော် မြစ်ကို စုန်ဆင်း မည်.. လှော်ကြ လှော်ကြ လှော်ကြ မြစ်ကိုစုန်ဆင်းမည်” လို ကဗျာတေးတွေနဲ့ မူလတန်းအရွယ် ကျောင်းတက်လမ်းမှာ မိုးရေတွေထဲ ပြေးလွှားအော်ဟစ်သီဆိုခဲ့ဖူးတယ်။
အလယ်တန်းလောက်ကတည်းက ကဗျာတွေစမ်းရေး/ရူးရေးနေပြီး ဆယ်တန်းအောင်လို့ ရန်ကုန်ကို ကျောင်းလာတက်တဲ့အထိ ကဗျာတစ်ပုဒ်ကို အသံနေ အသံထားနဲ့ ရွတ်ဖတ်သံ/ဟန်ကို မကြားဖူး/မမြင်ဖူးခဲ့ဘူး။
နရသိမ်အင်းစိန်ရဲ့ ညနေတိုင်းမှာ “ဂီတဆည်းဆာ” ဆိုတာလေး လုပ်ဖြစ်ခဲ့ကြတယ်။ နေထိုင်ကြရတာက တိုက် (Cell) ထဲမှာ။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အခန်းသားကလွဲလို့ မမြင်ဖူးကြဘူး။ မမြင်ရဘူး။ ဒါ့ကြောင့် ညနေ ညနေဆိုကိုယ်ရတဲ့သီချင်းလေးတွေ ဆိုဆိုပြပြီး အသံချင်းဆက်သွယ်ကြ၊ အားပေးကြ၊ အားတင်းကြရတဲ့ ပွဲကလေးလို့ဆိုရမယ်။
တစ်ညနေမှာ၊ သံတိုင်လေးကိုမှီလို့ သံမံတလင်းကြမ်းပြင်မှာထိုင်ပြီး ဆိုနေကြတဲ့ သီချင်းသံတွေနားထောင်နေကြရင်း တစ်ခန်းရဲ့ အလှည့်မှာတော့ ကျွန်တော့်ခေါင်းပေါ်ကို အသံဩဇာအားကောင်းကောင်းနဲ့ ရွတ်ဆိုလိုက်တဲ့ ကဗျာတစ်ပုဒ်အသံ ပြုတ်ကျလာခဲ့တယ်။ ဒါဟာ ဒီတောသားလေးရဲ့ ဘဝမှာ ပထမဆုံး ကြားဖူးလိုက်တဲ့ ကဗျာရွတ်သံပဲ။
တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းခနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။
……
…….
သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။
…….
……..
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။
……
…….
ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာ မဟုတ်ဘူး။
ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို … … ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။
တောသားလေးရဲ့ နားထဲဝင်လာတဲ့အသံ၊ ဦးနှောက်ကနေ နှလုံးသားထဲပြုတ်ကျသွားတဲ့စာသားတွေက သူ့နှလုံးကို တဒိတ်ဒိတ် ခုန်စေခဲ့တယ်။ သူ့သွေးတွေ နွေးရာကဆူလာခဲ့တယ်။ ကြက်သီးမွေးညင်းဖြန်းဖြန်းထလာတယ်။ ကဗျာရွတ်သံတွေထဲမှာ မျက်ရည်တွေ ဝဲပျံ့နေတယ်။
အဲ့ဒါ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် မောင်မှိုင်းလွင်(အင်းဝ)။ cell သံတိုင်တွေကို တင်းတင်းကိုင်ဆုပ်ရင်း မတ်မတ်ရပ်လို့ ရင်ခေါင်းထဲကလာတဲ့ ဩဇာကြီးလှတဲ့အသံနဲ့ သူ့နှလုံးသားထဲစွဲနေတဲ့စာသားတွေကို အန်ချပြလိုက်တဲ့ ကဗျာရွတ်သံပါပဲ။ ဟိန်းထွက်နေတာပဲ။ ဒါဟာ ဘဲကြီးတဲ့၊ ကိုမှိုင်းတဲ့၊ ကိုတင်အေးကြူတဲ့ ခေါ်ကြတဲ့ သူ့နာမည်။ ဘာတွေပဲ ခေါ်နေခေါ်နေ ကဗျာရွတ်နေသူဟာ ဒီအချိန်မှာတော့ ဗိုလ်အောင်ကျော်ပါပဲ။
*******
ထောင်ကလွတ်လာကြတော့ သူ့ဘဝ၊ ကိုယ့်ဘဝ ရုန်းကန်ကြရ။ ပညာသင်ကြ၊ ရှင်သန်ရပ်တည်နိုင်ဖို့ အလုပ်လုပ်ကြ၊ စီးပွားရေးလုပ်ကြ။ ကိုယ်ရည်မှန်းချက်ရှိရာလမ်းဆီ ကိုယ်တိုင်စမ်းလျှောက်ကြရပြီ။ တစ်ခုတည်းသော ပိုက်ကွန်ကြီးထဲက ချိပ်ဆက်ထားပြီးသား အကွက်အကွက်တွေလို UG Cell တွေထဲ ရောက်နှင့်သူက ရောက်သွားကြ။ အမြဲမပြတ်ထိတွေ့နေသူချင်းတောင် သူဘာလဲ၊ ငါဘာလဲ မသိနိုင်အောင် လျှို့ဝှက်ကြ။ သိုသိပ်ကြ။ စည်းတားကြ။
မန်းက ဘဲကြီးဟာ သူ့ cell ထဲ လူဖြည့်ဖို့ ကျွန်တော့်အိမ်ကို ခဏခဏဝင်ထွက်ပြီး ကျားချောင်းချောင်းနေတတ်တယ်။ ဒါကိုရိပ်မိပေမယ့် (သူကလည်း အရိပ်အမြွတ်သွေးတိုးစမ်းနေတာကိုး) ကျွန်တော့်မှာ သူ့ကို အခြေနေအမှန်တွေ ပြန်မပြောသာ။ (ဒီအချိန်မှာ ကျွန်တော်က ရန်ကုန်က ခွာခွင့်ကော၊ ရထားလက်မှတ်ကောရထားနှင့်ပြီးပြီ။) ဒီလိုနဲ့ပဲ “တစ်ယောက်တစ်နေရာဆီနေ… ပိတောက်နဲ့ ချယ်ရီပမာလေ” ဖြစ်ပြီး သူက တာဝန်နဲ့ မန်းမြေပြန့်မှာ ကျန်သက်ခဲ့၊ ကျွန်တော်က တာဝန်နဲ့ ရှမ်းတောင်တန်းတွေဆီ ဆန်တက်ခဲ့။ ဘဝရဲ့ ဇာတ်ကွက်တစ်ကွက်ကို ယာယီကား လိပ်ချခဲ့ခန်းပေါ့။
*******
၈၅ ပါတီကွန်ဂရက်အကြိုကာလ။ တစ်ရက်သော ညဉ့်ဦး။ ရှမ်းမြောက်က ရွာလေးတစ်ရွာမှာ ။ ကျွန်တော်တို့ စခန်းကို မြေအောက်က လူတစ်စု ရောက်လာတယ်။ အဲ့ဒီထဲမှာ ညိုပိန်ရှည် ကလန်ကလားနဲ့ လူတစ်ယောက်ပါလာတယ်။ သူ့ကိုမြင်လိုက်တော့ ဝမ်းသာသွားသည်မှာ ဆိုဖွယ်မရှိ။ အမှောင်ကြီးထဲမှာပဲ ကျွန်တော် သူ့ဆီပြေးသွားပြီးတင်းတင်းပွေ့ဖက်လိုက်တယ်။ မှောင်ကလည်းမှောင် မျက်လုံးကလည်း မကောင်းတော့ သူက သူ့ကို ဘယ်သူရုတ်တရက်လာဖက်မှန်းမသိ။ မျက်မှန်ထူလဗျစ်ကြီးကို ဆကြည့်ရင်း ကျွန်တော်မှန်းသိတော့မှ အားရဝမ်းသာ ပြန်ဖက်ပြီး “ငါ့မိန်းမတောင် မင်းလောက် တင်းတင်းကြပ်ကြပ် ငါ့မဖက်ဖူးဘူး”တဲ့ ပီတိဖြစ်နေတဲ့ မျက်နှာကြီးနဲ့ ဟာသတစ်ပေါက် ဖေါက်ဖြစ်အောင်ဖေါက်ခဲ့သေး။
*****
ကွန်ဂယက်က သူပြန်သွားပြီးနောက် ၈၈ ဖြစ်ကရော။ အဲ့ဒီလှိုင်းကြီးလေထန်ထဲမှာ ရှေ့တန်းကနေ သူ ဝင်ပါခဲ့ရပြန်တယ်။
အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု(မနတ) National Politics Front (NPF) ရဲ့ အထွေထွေအတွင်းရေးမှူး(၂) ဖြစ်ခဲ့သလို၊ CPB ၄၈၂၈ မြေအောက်ရဲ့ အရေးပါသူတစ်ယောက်လည်းဖြစ်နေပြန်တယ်။ ဒီတော့ ထုံစံအတိုင်း ဟိုတယ်နရသိမ်မှာ Long stay Guest ကြီးအဖြစ် စံမြန်းရပြန်တော့တယ်။
ကျွန်တော် မြို့ပေါ်ပြန်ရောက်တဲ့အထိ၊ သူဟာ အုတ်ရိုးအပြင်ဘက် ပြန်ရောက်မလာနိုင်သေး။
ပြန်လွတ်လာပြီးနောက် မြို့ပေါ်မှာ အခန့်သင့်တိုင်း ဆုံဖြစ်ပေမယ့် နောက်ဆုံး ဆုံဖြစ်ခဲ့တာ ဆရာကြီးဒဂုန်တာရာရဲ့ ၉၈နှစ်မြောက် မွေးနေ့၊ ကလောမှာပဲ။
၂၀၂၂ ဒီဇင်ဘာမှာတော့ “၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကဗျာဆရာစာရေးဆရာ ဦးတင်အေးကြူ (ခ) မောင်မှိုင်းလွင်(အင်းဝ) ၇၂ နှစ်သည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွား ခဲ့ကြောင်း”ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတာပါပဲ။
ဂျာနယ်တွေမှာတော့ သူ့ကိုယ်ရေးအကျဉ်းကို ဒီလို မှတ်တမ်းသွင်းခဲ့ကြတာတွေ့ရတယ်။
(( ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့်အရေးတော်ပုံတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ဦးတင်အေးကြူ၏ နိုင်ငံရေးလှုပ်ရှားဖြတ်သန်းမှုများအနေဖြင့် ၁၉၈၈-၈၉ ဗကသများ အဖွဲ့ချုပ် အထက်ဗမာပြည်ဌာနခွဲ အလုပ်အဖွဲ့မှူး၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (နမတ)ပါတီ၊ အထွေထွေအတွင်းရေးမှူး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မန္တလေး)၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (အထက်ဗမာပြည်)တို့တွင် ဆောင်ရွက်ခဲ့သည်။
မှိုင်းရာပြည့်သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးတင်အေးကြူသည် ၁၉၇၆ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ အင်းစိန်ထောင်တွင် တစ်ကြိမ်၊ ရှစ်လေးလုံးအရေးတောင်ပုံတွင် ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ မန္တလေးနန်းတွင်း အကျဉ်းထောင်တွင် တစ်ကြိမ်း ဖမ်းဆီးထောင်ကျခံခဲ့ရသည်။
ဦးတင်အေးကြူ၏ ကလောင်အမည်ခွဲများမှာ ပြေကောင်းအောင်၊ မောင်မှိုင်လွင် (အင်းဝ)၊ မောင်မှိုင်း (အင်းဝ)၊ ဇူဒီသြ စသည့်အမည်တို့ဖြင့် ပဲ့တင်သံ၊ သင့်ဘဝ၊ ပေဖူးလွှာ၊ ရန်ကုန်စက်မှုတက္ကသိုလ်နှစ်လည်၊ ကလျာ၊ ရုပ်ရှင်တေးကဗျာ၊ အောင်ပင်လယ်၊ ပိတောက်ပွင့်သစ်၊ ရနံ့သစ် အစရှိသည့် မဂ္ဂဇင်းများနှင့် သတင်းစာဂျာနယ်များတွင် ဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့သည်။
ထို့ပြင် သီးချင်းထဲက သမိုင်း၊ သမိုင်းထဲက သီချင်း၊ နွေဦးငှက်ရဲ့ အိပ်တန်းပြန်၊ ခွပ်မှလှတဲ့ဒေါင်း၊ အမှောင်မှာနေတာ ကျင့်သားရပြီပဲ အစရှိသည့် ဆောင်းပါးနှင့် ကဗျာစာအုပ်များ ထုတ်ဝေခဲ့သည်။))
ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပြဇာတ်ဒါရိုက်တာလုပ်တာ မပါသေးဘူး။
ကိုအောင်ဝေးရဲ့ ဂုဏ်ပြုကဗျာကိုလည်း ခုလို ဖတ်ခဲ့ရတယ်။
((တိုင်းပြည်ကရိုင်းတော့
ပိတောက်ပန်းတောင်
မုန်တိုင်းနဲ့မှပွင့်ရတယ်ကိုတင်အေးကြူ။
ခင်ဗျားသွားပါ
ခင်ဗျားသွားပါတော့
ဒဏ်ရာရထား
နှလုံးသားနဲ့
အနားယူပါတော့။ (အောင်ဝေး)
******
ကဲ .. ဘဲကြီးရေ။
သတိရနေတယ်ဟာ ဆိုတာနဲ့ မလုံလောက်ပါဘူး။ လွမ်းဆွတ်နေပါတယ်ဆိုတာနဲ့လည်း အာလျမပြေကြပါဘူး။
ကိုယ့်သမိုင်းဆိုတာ ကိုယ်ချန်ခဲ့သလောက်သာ ကျန်ခဲ့ကြတာပါ။
ခင်ဗျား အများကြီးချန်ထားရစ်ခဲ့ပြီးပြီပဲ
ကွမ်းတမြုံ့မြုံ့နဲ့ အေးအေးသက်သာ နားနှင့်ဗျာ။
ဒီတစ်ခါ ပြန်ဆုံကြရင်တော့ လူပီသတဲ့ဘဝမှာရှင်သန်ကြပြီး အနုပညာပီပီသသတွေနဲ့ပဲ အတူနေကြရအောင် ..။ နော ..။
ငအအ
Monday, 16 October 2023 at 8:15PM