“”ဤဝတ္ထုသည် ဇာတ်အိမ်ဇာတ်လမ်းတို့ဖြင့် ခန်းခန်းနားနားဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်မဟုတ်ပါ။
အချစ်ပြီးလျှင် အချစ်သာရှိသော ချစ်သူနှစ်ဦးတည်းပိုင် တစ်နေရာလေးဆီသို့ သွားကြသည့်ခရီး၌ ကိုယ်က စူးစူးနစ်နစ်ချစ်ရခြင်း။
ကိုယ့်အား သည်းသည်းထန်ထန် အချစ်ခံရခြင်းတို့ကြောင့် ကွဲကြေသွားခဲ့ကြရသော ဘဝအစိတ်အပိုင်းများကို ဝါကျများဖြင့် ဖြန့်ကြဲ ခင်းကျင်း ပြသထားခြင်းသာဖြစ်ပါသည်။””
***
အကယ်၍ ကျွန်တော်သည် အချစ်ဝထ္ထုရေးဖွဲ့သူတစ်ဦးဖြစ်ခဲ့လျှင် ကျွန်တော့်အကြောင်းရေးထားသည့် ဇာတ်လမ်းတစ်ပုဒ်ကို ဤသို့သော ကြေကြေကွဲကွဲဝါကျများဖြင့် စတင်ရေးသားဖြစ်မည်လော မပြောတတ်ပါ။
လောလောဆယ်တွင်တော့ ကျွန်တော့်အာရုံသည် မြူနှင်းထဲတွင် ပိတ်လှောင်ခံနေရပြီး.. နွေဦးမြူများ ဖြင့် ပိတ်ဆီးနေသော မနက်ခင်းသည် ကျွန်တော့်အတွေးထဲတွင် ဝဲလှည့်ပျံသန်းလျက်ရှိသည်။ မြူငွေ့များနှင့်အတူ အစောဆုံးပွင့်သော ကံ့ကော်ဦးတို့လည်း ထိုအတွေးထဲတွင်ပါ၏။ ထိုသို့သော မနက်ခင်းတစ်ခုတွင် ချစ်သူကို ကံ့ကော်ပွင့်ဦးများ လက်ဆောင်ပေးဖြစ်ခဲ့သေးသည်ထင်သည်။ နေရောင်နွေးနွေးနှင့် အေးစိမ့်သောလေတို့ ချစ်ကြည်နေကြ သော နွေမနက်ခင်းတွင် ချစ်သူကိုသတိရခြင်းသည် ကျွန်တော့်အတွက် သီချင်းဖြစ်၏။
ထိုသီချင်းကို ကျွန်တော် ဤသို့သီဆိုခဲ့သည်။
မဲမှောင်သောကတ္တရာလမ်းသည် ကံ့ကော်ပန်းကြွေတို့ဖြင့် လင်းထိန်နေ၏။
ထိုနံနက်ခင်းကို မြူ(သို့မဟုတ်) နှင်းမှုန်မှုန်ကာဆီးနေသည်။ ချစ်သူလာမည့်လမ်းသည် ကံ့ကော်ဝတ်မှုန် နှင့် နေခြည်နုတို့ဖြင့် ပေလူးစွတ်စိုနေသည်။ အမှောင်နှင့်အလင်းသည်ပင် ဤနံနက်ခင်းဖြစ်၏။ ဝိုးတဝါးမြင်ကွင်း သည်ပင် ကျွန်တော့်၏ ရင်ခုန်ခြင်းဖြစ်၏။
နေရောင်ကို ကျောပေး၍ ကျောင်းထဲသို့ ချစ်သူ ဝင်ရောက်လာပြီ။
လေပြည်နုအသော့တွင် ရှည်လျားသောဆံနွယ်တို့ မော့မော့ပြေပြေလှုပ်ဆော့နေကြသည်။ ချစ်သူသည် နေခြည်နွေးနွေးတွေ ပေလူးနေသော ဝတ်မှုန်တို့၏ကျောပေါ်မှ ဖြတ်လျှောက်လာနေရ၍ ထင်သည်၊ သူ့ခြေလှမ်းတို့ ညင်သာကြွရွလှ၏။ ထိုမြင်ကွင်းကို အတူကြည့်နေသောသူငယ်ချင်း၏နှုတ်မှ စကားတစ်စု ကြွေကျလာသည်။
“ဒါ့ဟာ ..ကဗျာတစ်ပုဒ်ပဲ”
ကျွန်တော် သူ့ကိုပြန်ပြောလိုက်သော စကားမှာ …
“ဟုတ်တယ်၊ ဒါကဗျာပဲ” ဟုဖြစ်သည်။
***
ထိုအချိန်က ကျွန်တော့်အတွက် အချစ်သည် ကဗျာဖြစ်၏။
ထိုကဗျာသည်ပင် သီချင်းဖြစ်ကာ အနှီသီချင်းကို ကျွန်တော် နှစ်နှစ်သက်သက်သီဆို၏။ ကျွန်တော့်သီချင်းသံများကို ချစ်သူကြား ခဲ့မည်လား။ ထိုနံနက်ခင်း၏ နှင်းတို့သည် သံစဉ်တေးသွားဖြစ်ခဲ့သည်လား။ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော ပြောင်းလဲခြင်းတရားတို့ အလယ်တွင် ကျွန်တော့်ခံစားမှုတို့သည်အပိုင်းပိုင်းပြတ်နေသော မှတ်တမ်းရုပ်ရှင် ဖလင်တစ်လိပ် ဖြစ်ခဲ့ပြီ။ မည်သည့် ပြစက်ကို အသုံးပြု၍ ကုန်လွန်ခဲ့သော အတိတ်ကို ကျွန်တော်ပြန်လည်ပုံဖေါ်ရပါမည်နည်း။
အရာရာသည် လှုပ်ရှားပြောင်းလဲနေသော်လည်း ကဗျာသည် သံသရာတည်းဟူသော နံသာဖြူပန်းပျောက် သေတ္တာထဲတွင် ထာဝစဉ်ရှိ၏။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင်မီးပန်းပွားများ လွင့်စင်ဖြာထွက်သွားပုံ နှင့်တူသောသူ့အပြုံးကို ကျွန်တော် သောက်သုံးမျိုချလိုက်သည်။ ဝိုးဝါးမှုန်ရီသော ဟုတ်ယောင်ထင်မှုနှင့်တောက်ပ စူးရှသောဖြစ်ရပ်မှန် ဘဝ၏စပ်ကြား၊ အလင်းနှစ်တစ်သန်း အကွာအဝေးအပိုင်းအခြားအတွင်းမှာ၊ အပြာရောင် မီးပန်းပွားများ လွင့်စင်ဖြာထွက်နေ၏။ ဆေးပြာသုတ်ထားသော သစ်သားအိမ်လေး တစ်လုံး၊ မန်ကျည်းပင်ရိပ်မှ ဝါးကွပ်ပျစ်၊ ရေချိုတွင်း တစ်တွင်းနှင့် သစ်ခွပန်းရုံတစ်ရုံ၊ ဗေဒါလမ်း၊ ဗော်ဒီလဲ၊ ကပ်(ဖ)ကာနှင့် ဂျိုက်(စ)၊ ဒေါ့စကိုယက်စကီးနှင့် သစ်ချတောင်ဆရာတော်တို့၏ စာအုပ်များ၊ အောင်စိုး၏ ပန်းချီကားတစ်ချပ်နှင့် ဆေးကောင်းစွာစပ်ထားသော နွားဆေးပေါ့လိပ်တစ်လိပ်၊ အနည်းငယ်မျှသော ကျွနု်ပ်ဘဝလိုအင်များ ရေးမှတ်ထား သည့် စာရွက်သည်၊ အချိန်နှစ်ခု၏ကြား ဘယ်မှာ ကျပျောက်ခဲ့ပြီမသိတော့။။ နန်းတော်ရှေ့၏ကြာပင်အိုင်ကြီးအနီးမှာ မြူနှင်းများဝေနေသည်။ ဆရာငြိမ်း၏သီချင်းများကို သူဆို၏။အချိုသာဆုံး ဂီတသံတစ်သောင်းကို ပေါင်းစပ်လိုက်သောအခါ ပင်လုံးဝေဝေပွင့်သော ပိတောက်ပင် တစ်ပင်ဖြစ်လာသည်ကို ခံစားတတ်မှ သိလိမ့်မည်။ ချိုက်ကော့စကီး၏ကွန်ရှာတိုတေးကြီးတစ်ဘွဲ့သည် ကျဉ်းမြောင်းသောပညတ်နံရံများကို ကျော်လွန်သွား၏။ ဆန္ဒာန်အိုင်သာ မှာရွှေကြာတွေ ညီးလို့လင်းနေသည်။
ချိုင်ကော့စကီး၏တေးသွားများ ပညတ်နံရံကို ကျော်လွှားနေချိန်တွင် ကျွန်တော့်အတွေးများက အချိန်ကာလ သတ်မှတ်ချက်များ ကို ကျော်လွှားနေပါသည်။
ယုံပါ။
စိတ်ဖြင့် ငယ်ဘဝကိုပြန်သွားရသည့်ခရီးတွင် မည်သည့်ယဉ်မျှ စီးရန်မလိုအပ်ခဲ့ပါ။
ဆယ်ကျော်သက်တို့၏ လန်းဆန်းပျိုမြစ်မှုသည် တိမ်စင် နွေကောင်းကင်နှင့်တူ၏။
သူတို့ချစ်ခြင်းသည် သမုဒ္ဒရာတစ်စင်း၏ နက်ရှိုင်းခြင်းနှင့်တူ၏။
ဝန်းကျင်အရပ်ရပ်မှ တိုက်ခတ်လာသော လေတိုင်းတွင် ချစ်သူ၏ကိုယ်သင်းနံ့ကိုရနေ၏။ မြင်ကွင်းတွင် ထင်လာသမျှသည် ချစ်သူ့ပုံရိပ်ဖြစ်၏။
လူစည်သော ကားဂိတ်တွင် ကောင်လေးက သူ့ချစ်သူကိုစောင့်နေ။
ခတ်ဝေးဝေးလူအုပ်ထဲမှကောင်မလေးသည် ချစ်သူကောင်လေးရှိရာ လှမ်းလာ။
ကောင်လေး၏နားအစုံတွင် ပတ်ဝန်းကျင်ရှိ အသံဗလံပေါင်းစုံပျောက်ဆုံးသွား။
သူ့ထံလာနေသော ချစ်သူ့ခြေသံကိုသာ တိုးတလှည့်ကျယ်တစ်ခါ ကြားနေရ။
သူပြန်ကြားနေရသော သူ့နှလုံးခုန်သံသည် ကောင်မလေးခြေသံကြားတွင် လုံးထွေးကာ ပျောက်တစ်ခါ ပေါ်တလှည့်ဖြစ်နေ။
လူချင်းဆုံသောအခါ တစ်ယောက် လက်ကိုတစ်ယောက် မြဲမြံစွာဆုပ်ကိုင်လိုက်ကြ။
တင်းတင်း ဆက်ထားသော လက်များမှတစ်ဆင့်တစ်ဦးကိုယ်ထဲမှသွေးများ တစ်ဦးထံစီးဝင်။
လူနှစ်ယောက်သည် တစ်ယောက်တည်း ဖြစ်သွားခဲ့ကြ။
အရာရာလှပ။ မီးတောင်တို့ငြိမ်း။ စစ်ပွဲတို့ရပ်။ ကပ်ဘေးတို့ကင်း။ ဆင်းရဲခြင်းတို့ ဖယ်ခွာ။
လင်းပွင့်ငြိမ်းအေးသော ကောင်းကင်ကြီးတစ်ခုသာအုပ်မိုးထား။ သူတို့၏ရင်ထဲ လူ့ယာခင်းတွင်သာရှင်သန်နိုင်သည့် လက်ဆောင် ပန်း တို့ပွင့်အာလန်းစွင့်။
ထိုအရာသည်အချစ်ဖြစ်၏။
ရေစင်ဖြစ်၏။
တိမ်းမူးဖွယ်အိပ်မက်ဖြစ်၏။
***
ချစ်သူကို ကျွန်တော်ချစ်ခဲ့သည်မှာ အမှန်ဖြစ်ကြောင်း မည်သူ့ကိုမျှ သက်သေပြရန်မလိုပါ။ ကျွန်တော်ကိုယ်တိုင် သေချာလွန်းမက သေချာစွာ ယုံကြည်နေသောကြောင့်ဖြစ်၏။
ချစ်သူကို ကလေးလေးတစ်ယောက်လိုချစ်ခဲ့သည်လား။ ချစ်သူ့ရင်ခွင်ကို ခန်းနားထယ်ဝါလှသည့် နန်းတော်တစ်ခုလို ထင်မှတ် ချစ်ခင်ခဲ့သည်လား။“ဘေဘီ”ဟု သည်းသည်းလှုပ်လှုပ် အော်ခေါ်သံများ နားဝမှာ ကြားလာ၏။ ကျွန်တော်က ချစ်သူကို ခေါ်သည့်အသံလား။ ချစ်သူက ကျွန်တော့်ကို ခေါ်သည့်အသံလား။ ကျွန်တော့်မှတ်ဉာဏ်များက ပေးပို့လာသော သတင်းအချက်အလက်များမှာ မပြတ်သားလှပါ။ သေချာသည်မှာ ချစ်သူ့အပါးတွင် ကျွန်တော်အမြဲ ရှိချင်ပြီး ကျွန်တော့်အပါးတွင် ချစ်သူကို အမြဲရှိစေချင်သည့်ဆန္ဒများသာ ဖြစ်သည်။ လိုအင်ဆန္ဒဟူသည် ကိုယ့်စိတ်နှလုံးထဲမှထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုဆန္ဒပြည့်ဝစေခြင်း၊ မပြည့်ဝခဲ့ခြင်းသည် ကိုယ့်နှင့်မသက်ဆိုင်သော အခြေအနေအကြောင်းခြင်းရာတစ်ရပ်သာဖြစ်ကြောင်း အမှန်ပင် ကျွန်တော် မမေ့လျော့ခဲ့ပါ။
ကျွန်တော်ရပ်နေရာနှင့် ခြေလှမ်းသုံးလေးလှမ်းအကွာတွင် တံခါးတစ်ချပ်ရှိသည်။
ကျွန်တော်ကိုယ်တိုင် ပိတ်ထားခဲ့သောတံခါးဖြစ်၏။
ထိုတံခါးချပ်၏တစ်ဖက် (အခန်းထဲတွင်) ချစ်သူရှိသည်၊
သူထိုင်နေသည်လား . . .၊
ပြတင်းတံခါး ရှေ့တွင်ရပ်ရင်းခြံတံခါးဆီ ငေးမျှော်ကြည့်နေသည်လား . . .၊
မီးလင်းဖိုကို ထိုးဆွဆော့ကစားနေသည်လား . . .။
ဆံနွယ်များညွတ်ပြောင်းလှ၏။
သူ့အပြုံးကချိုလှသည်၊ ချိုမြိန်သောအပြုံးကို ထုတ်လုပ်တတ်သည့် နှုတ်ခမ်းပါးတစ်စုံ ချစ်သူထံ ရှိနေကြောင်း ကျွန်တော် ဘာ့ကြောင့်မေ့လျော့နေခဲ့ပါသနည်း၊
ကျစ်ကျစ်ဆုပ်ကိုင်ထားသော ကျွန်တော့်လက်ထဲတွင် ချစ်သူ၏ အေးစက်စက်လက် တစ်စုံရှိ သည်၊
ကျောက်ချထားသော သင်္ဘောများသည် ကျွန်တော့်တို့လိုပင် ငြိမ်သက်စွာရပ်တန့်နေတတ် ပါသလား၊
ကြေးနီရောင်ပါးနှစ်ဖက် မီးလင်းဖိုကြောင့်နွေးနေရော့မည်၊
ကျွန်တော်သွား၇မည့် ခရီးရှည်တစ်လျှောက်တွင် ဂရုစိုက်တတ်လွန်းသော ဇွန်းခရင်းတစ်စုံ လောက် အမြဲလိုလိုရှိနေလျှင် ကောင်းမည်၊
တွေးကြည့်ရုံနှင့်လွမ်းလာသည်၊
***
ဘုရားရေ.. ကျွန်တော်သူ့ကို လွမ်းနေတာပါလား။ (သူဆိုသည်မှာ အချစ်ဝထ္ထုတစ်ပုဒ်လည်း ဖြစ်နိုင်ပြီး၊ ထိုဝထ္ထုထဲတွင်ပါဝင်သော ဇာတ်ကောင်တစ်ကောင်လည်းဖြစ်နိုင်ပါသည်။ ထို့အတူ ကျွန်တော့်ချစ်သူလည်းဖြစ်နိုင်သေးကြောင်း ကြားဖြတ်ပြောကြားခဲ့ပါရစေ။)
တို့နှစ်ယောက်ရဲ့ အခြားတစ်နေရာ ဟူသော ကော်ဖီဆိုင်လေးကို ကျွန်တော်လွမ်းနေပါသည်ဟုဆိုလျှင် ချစ်သူယုံမည်လား။ ကျွန်တော့်စိတ်တွင်တော့ သူဖွဖွလွင်လွင် ရယ်မောလှောင်ပြောင်နေလိမ့်မည် ထင်ပါသည်။ ထိုကော်ဖီဆိုင်ကလေး၏ အလင်းမှိန်ပျပျကြား ပျောက်ဆုံးသွားခဲ့ပြီဖြစ်သောချစ်ခြင်းစကားများကို မည်သူပြန်လည်ရှာဖွေပေးနိုင်ပါမည်နည်း။ စားပွဲထိုးတစ်ယောက်သည်သော်လည်း ကောင်း၊ ကော်ဖီဆိုင်ပိုင်ရှင်သည်လည်းကောင်း ဆုကြေးများစွာ မက်လုံးပေးသည့်တိုင် ထိုအမှုကို အောင်မြင်အောင် ပြုနိုင်မည်ဟုမထင်ပါ။
ကုန်လွန်ခဲ့ပြီးသော နှစ်သက်ဖွယ်နေ့ရက်များကို လွမ်းရခြင်းလောက် လူကို အနေအထိုင်ခက်စေသည့် အချိန်များရှိမည်မထင်ပါ။ သို့သော် ထိုသို့ အနေအထိုင်ခက်နေသည့် အခြေအနေမျိုးတွင်ပင် ချိုမြိန်သောရသတစ်ခုရှိနေကြောင်း မည်သို့ရှင်းပြမှ ခင်ဗျားယုံကြည်နိုင်မည့်ကို ကျွန်တော်မသိ။
နားထဲတွင် ချစ်သူ့အသံများကြားယောင်လာ၏။
ထိုသို့ သူ့အသံကြားယောင်လာကြောင်း ကျွန်တော်ပြောခြင်းသည် စကားလုံးများကို ဖတ်ရင်း ကျွန်တော့်နားထဲကြားယောင်လာ သည့် ခံစားမှုမျိုးကိုပြောခြင်းသာဖြစ်သည်။ အမှန်တော့ ထိုစကားသံများဆိုသည်မှာ သူနှင့် ကျွန်တော် အဆက်အသွယ်ပြတ်တောက်နေ သည့်ရက်များအတွင်း သူ ကျွန်တော့်ထံပေးပို့ထားသည့် အီးမေးလ် တစ်စောင်ပါ စာသားများသာဖြစ်သည်။
ထိုစကားလုံးများကို ကျွန်တော်က အသံအဖြစ်ကြားယောင်၏။
ကျွန်တော့်အကြားအာရုံကို ခင်ဗျားမယုံမကြည်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ နားထောင်ကြည့်ပါ။
“ရှင့်ကို ကျွန်မသိပ်ချစ်တယ်။ ရှင့်အတွက် ကိုယ်သိပ်စိတ်ပူနေတယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်မကို တနည်းနည်းနဲ့တော့ ဆက်သွယ်ပါ အချစ်ရယ်။ ရှင်ရိုက်ပို့လိုက်တဲ့ စကားလုံးတွေကို ခါတိုင်းလိုပဲ ကျွန်မ မြင်တွေ့နေပါရစေ။ ရှင် ရိုက်ပို့နေကျ Let me kiss you gently with these words. ဆိုတဲ့ ဝါကျလေးကို ကျွန်မ နောက်တစ်ခါ မြင်တွေ့ပါရစေဦး။ ရှင့်စာလုံးလေးတွေက ပေးမယ့် ညင်သာတဲ့ အနမ်းလေးတွေ ကျွန်မ ကျေကျေနပ်နပ် ခံယူပါရစေ”
စကားလုံးများက အသံထွက်တတ်ကြောင်း ခင်ဗျားမယုံကြည်ခဲ့လျှင်တော့ဖြင့် ချစ်သူနှင့် ရက်လပေါင်းများစွာ အရှင်လတ်လတ် ခွဲခွာနေရပြီးနောက် သူ့ထံမှရောက်ရှိလာမည့် ပထမဆုံးသောစာကို စိတ်နှလုံးနှင့်ဖတ်ကြည့်ရန်သာ တိုက်တွန်းလို ပါသည်။
ရေပြင်နှင့် မြေပြင်တနံတလျားသည် သူနှင့် ကျွန်တော့်အကြား ခါးသီးစွာ တားဆီးခြားနားထားကြောင်း ယခုမျှ ပြောပြလျှင် ခင်ဗျား သဘောပေါက်လောက်ပြီထင်ပါသည်။ ချစ်သူနှင့် ကျွန်တော့်အကြား ပါးလျလျ အသက်ကလေးကို ဆက်သွယ်ပေးထားသူမှာ ကမ္ဘာတစ်ခုလုံးကို ပတ်လွှမ်းသိုင်းခြုံထားသည့်ပင့်ကူမျှင် ဝါယာကြိုးများသာဖြစ်ကြကြောင်း ကိုလည်း ကျွန်တော် ထပ်မံရှင်းပြရန် လိုတော့မည်မထင်ပါ။ သို့သော် ကျွန်တော်သည် ထိုပင့်ကူမျှင်ကြိုးများယှက်ဖွဲ့ထား သည့်နေရာနှင့် လက်လှမ်းမမီနိုင်သော တောတောင် များသို့ ရောက်နေသည့်အခိုက်သည် အနိမ့်ပါးဆုံးကျန်ရှိနေသည့် ချစ်သူနှင့်ဆက်သွယ်ခွင့်တို့အား ကျွန်တော်လက်လွှတ် ဆုံးပါးခဲ့ရသည်မှာ အကြိမ်များစွာရှိပါပြီ။
ချစ်သူ၏စကားသံများကို လေလှိုင်းမှကြားရသည်ဟု ထင်ယောင်မိသည့် တစ်ခဏတွင် ကျွန်တော်တို့ ဆုံတွေ့ခဲ့ဖူးသော ပင်လယ်ရေလှိုင်းများကို သတိရမိသည်။
“ကလေးရယ် မင်းကိုငါချစ်တဲ့အချစ်ဟာ အဲဒီပင်လယ်ထက် ကျယ်လည်းကျယ် နက်လည်းနက် ပါတယ်လို့ ပြောပြချင် လိုက်တာ”
ထိုစကားကို ကျွန်တော် သူ့အားပြောဖြစ်ခဲ့ပါသလား။
သူ့ကိုမပြောဖြစ်ဘဲ တစ်ကိုယ်ရေ တီးတိုးညည်းညူမိခဲ့သည်လား။ အတန်ပင်ပေါကြောင်ကြောင်နိုင်သည့် ဝါကျ တစ်ကြောင်းဟု သတ်မှတ်မိသော်လည်း ထိုစဉ်က ဤသို့ပင် ကျွန်တော် ခံစားခဲ့ရသည်မှာ သေချာပါကြောင်းဝန်ခံရမည် သာ ဖြစ်ပါသည်။
***
လေပြေဟာ တို့ဆီကို လှိုင်းတွေသယ်ဆောင်လာတယ်။
ငုတ်ဝင်လုဆဲနေရောင်ဟာ ပင်လယ်ရေကို ရွှေခြည်ငွေခြည်လက်စေတယ်။
ဖြူဝါဝါ သူ့ရင်ညွန့်ထက်မှာ ပင်လယ်ငွေရည်တွေတလက်လက်။
မကြုံဖူးတဲ့ လှိုင်းတွေ ရေတွေကို ကြောက်ရှာလွန်းလို့ ရိုးအအ သူ့မျက်လုံးဟာ ချောင်ပိတ်မိ နေတဲ့ ယုန်လေးတစ်ကောင်လို ဝိုင်းစက်။
သူ့ကို ဆုပ်ကိုင်ထားတဲ့ ငါ့လက်နှစ်ဖက်မှာတော့ အလိုလို ခွန်အားတွေပြည့်နှက်။
သိပ်မလှမ်းမကမ်းမှာ လှိုင်းကြီးကြီးတစ်လုံး မို့မောက်လှိမ့်တက်လာနေတယ်၊ တဖြည်းဖြည်း ကနေ မြန်မြန်ဆန်ဆန်ကြီး။ သူ ဖြစ်တည်ရုန်းကြွလာနေပုံက ငါ့ရင်ထဲက ဆန္ဒတွေ၊ အချစ်ဆိပ်တွေ အုံဖွဲ့ပွင့်ကန်လာနေတဲ့အတိုင်းပါပဲ။
နောက်တစ်ကြိမ် လှိုင်းတစ်ချက်အရိုက်မှာ ကိုယ့်ရင်ခွင်ထဲ သူ ပြိုလဲကျလာတယ်။
ခန္ဓာကိုယ်နှစ်ခုထိတွေ့လိုက်ချိန်မှာတော့ ပင်လယ်ရေအေးထဲမှာပါလာတဲ့ သူ့ကိုယ်အနွေးဓာတ်ကိုငါရလိုက်တယ်၊ အဲဒီအနွေး ဓာတ် ဟာ ငါ့နှလုံးအိမ်ထဲထိ စီးဝင်သွားပုံပဲ၊
ငါရင်တွေခုန်လာလိုက်တာ၊
ငါ့ တစ်ကိုယ်လုံး ပူနွေးလာတယ်၊
ငါ စုံမက်တဲ့ ကိုယ်သင်းနံ့ကလေးကိုလည်း အနီးကပ်ဆုံး ဆွတ်ယူဖမ်းဆုပ်ခွင့် ရလိုက်မိရဲ့၊ ပင်လယ်နံ့။ ဆားနံ့။ လေစိမ်းစိမ်းနံ့ တွေကြားမှာ ချစ်သူ့ရနံ့ကသင်းပျံ့ပျံ့၊
ရေအပင့်မှာ လွင့်မျောပါသွားမှာစိုးလို့ ကြောက်လန့်တကြား သူ လှမ်းဖက်တွယ်လိုက်တဲ့ အခါမတော့ သူ့ပါးပြင်ဟာ ငါ့ရင်ဘတ် မှာ ကပ်လို့။
ဒါဟာ ချစ်ခြင်းတံဆိပ် ခတ်နှိပ်ခြင်းသာ ဖြစ်လိုက်ပါတော့။
ဒီလိုအချိန်မျိုးတွေ သက်တမ်းရှည်ကြာစမ်းပါလေ။
သွေးကြောထဲကသွေးတွေဟာ ပင်လယ်ဒီရေထက်ပြင်းတဲ့အဟုန်မျိုးနဲ့ ငါ့တစ်ကိုယ်လုံးမှာလှည့်ပတ်သွားလာနေတယ်။ ရင်ခုန်သံ တွေက ဟောဒီလှိုင်းသံတွေထက် ကျယ်လောင်နေမှာပဲ။
ဤအဖြစ်အပျက်မျိုးသည် သူနှင့် ကျွန်တော့်အကြား တစ်ကြိမ်တစ်ခါတည်းသာကြုံဆုံဖူးခဲ့သော အဖြစ်မျိုးသာဖြစ်သည်။ တစ်ကြိမ်တည်း ပေမယ့် တစ်သက်စာ အမှတ်တံဆိပ်ခတ်နှိပ်ပြီးသားဖြစ်ခဲ့မည်ကို ဘယ်သူက သတိမူမိနိုင်ခဲ့ပါ မည်လဲ။
အဲသည်တုန်းက လေပြေညင်း၊ သောင်ခုံ၊ လှိုင်းကွဲများသည် ခုနေခါမှာတော့ သူနှင့် ကျွန်တော့်အကြား ခြားနားထားသည့် တံတိုင်းထဲတွင် နစ်မြုပ်လို့။
ငရုတ်သီးရင့်ရင့်တစ်တောင့်လို အမြဲ စပ်သော..
ပင်လယ်ရေလို အမြဲလို ငံကြွက်သော..
မီးတစ်တောက်လို အမြဲ ပူပြင်းသော…
ပြဒါးပျယ်မှန်တစ်ချပ်လို ပုံဖေါ်ရခက်လွန်းသော… အရာသည် ကွဲကွာနေရချိန်၏ ချစ်ခြင်းများဟု ကျွန်တော်ကပြောလျှင် ခင်ဗျားအနေဖြင့် အပြောင်အပျက်စကားဟု မမှတ်ယူစေလိုပါ။
တစ်ခါတစ်ရံတွင် ဝါကျများဖြင့် တစ်ကိုယ်ရေလွမ်းနေရသည့်အလုပ်မှာ အတော်ခြောက်ကပ်ကပ်နိုင်ပုံ ပေါ်ပါ သည်။ သို့သော် ထိုသို့ပြုလုပ်ရင်းဖြင့်ချစ်သူကိုသတိရနေခြင်းမှလွဲ၍ ခင်ဗျားမှာ အခြားလုပ်ကိုင်နိုင်စရာ မရှိခဲ့ လျှင်တော့….။
သေချာပါသည်။
ခင်ဗျားသည် ယခုဖတ်ခဲ့သည်ထက် ရှည်လျားသော အလွမ်းဝါကျများကို မငြီးမငွေ့ ရေးဖွဲ့နေမိပေလိမ့်မည်။ ထိုဝါကျများကို သီချင်းအဖြစ်သော်လည်းသီဆိုကောင်းသီဆိုနေမိပေလိမ့်မည်။
သို့သော် ထိုသို့ပြုလုပ်မိစေရန်အတွက် ခင်ဗျားမှာ အမှန်ပင်စွဲစွဲလန်းလန်းချစ်ခင်သော ချစ်သူတစ်ဦးရှိနေရန်နှင့် ထိုချစ်သူနှင့် ခင်ဗျား ယာယီဖြစ်စေရက်ရှည်ကွဲကွာနေရန်လိုကြောင်းတော့ သတိပေးခဲ့ပါရစေ။
အလို .. ကျွန်တော်သည် ချစ်သူနှင့်ကွဲကွာနေရခြင်းဟူသော ဒဏ်ရာနက်နက်တစ်ချက်တည်းနှင့်အလူးအလဲခံစားနေရပုံပါပဲ။ ထိုအနာတရမှ လွတ်မြောက်ဖို့ နေ့သစ်တစ်ခုကိုမျှော်နေသည်လား။
နံနက်ခင်းအသစ်တိုင်းသည် သူတို့အတွက်တော့ အဓိပ္ပာယ်ရှိကြပေလိမ့်မည်။ ထိုအဓိပ္ပာယ်သည် သေချာမှုတစ်ခု ဟုတ်မဟုတ် ကတော့ ကျွန်တော်လည်း မသေချာပါ။ အဝေးသို့လှမ်းမျှော်ကြည့်လိုက်သောအခါ နေရောင်များကြားတွင် တိမ်ညိုတစ်စကို တွေ့လိုက်ရသည်။ ထို တိမ်တိုက်များထဲတွင် မျှော်လင့်ခြင်းမိုးရေစက်များ ပါဝင်နေမည်လား။ သိပ်တော့ မသေချာပါ။ လင်းတောက်နေသောနေရောင်အောက်မှာပင် အရာရာသည် ဝေဝါးနေခဲ့လေသည်။ ။
တပ်ဆင်ခြင်း။။ ဤ ဝတ္ထုကို ဆရာဇော်ဇော်အောင်ရေးသားခဲ့သော ဝတ္ထုတိုမှ စာသားတစ်ပိုဒ်၊ ကိုယ်တိုင်ရေးသားခဲ့သော ဝတ္ထုများမှ စာသားငါးပိုဒ်နှင့် လက်ရေးစာမူတစ်ပိုင်း၊ မနော်ဟရီ၏ “နံနက်ခင်းပုံပြင်”မှ စာသားတစ်ပိုဒ်ကို (၂၀၂၃ စက်တင်ဘာလတွင်)ထပ်မံ အသုံးပြုတပ်ဆင်ထားပါသည်။ တပ်ဆင်ထားသည့် စာပိုဒ်မှ စာသားများအား စာလုံး အမည်း/အစောင်းဖြင့် ဖေါ်ပြထား ပါသည်။
၂၀ဝ၄ ခုနှစ်၊ မတ်လ (၁၇/၁၈)
(မော်လမြိုင် အထ္ထရံဟိုတယ်/ဖာအံ ပရင့်စက်မိုတယ် )