ကိုယ့်စာကို ကိုယ် ပြန်တည်းရတယ်ဆိုတာ
ကိုယ့်လျှာကို ကိုယ် ပြန်လှီးရသလို တော်တော်ကြီး နာကျင်ခံစားရပါတယ်။
*******
ကျွန်တော်တို့ဟာ ‘စာပေ ကင်ပေတိုင်ခေတ်’ လို့ ကျော်ကြားလှတဲ့ စာပေစိစစ်ရေးခေတ်အရှည်ကြီးကို ဖြတ်သန်းခဲ့ကြရ ဖူးသူတွေပေါ့။ အဲဒီခေတ်ကာလကတည်းက ကိုယ့်ကလောင်မှာ ကိုယ်တိုင် ဘရိတ်တွေတပ်ဆင်ရပါတယ်။ ကိုယ်ပြောချင်တဲ့စကားလေး ပြောဖြစ်ဖို့ အလင်္ကာ၊ နမိတ်ပုံ၊ အနက်ဝှက်၊ သင်္ကေတ၊ ထပ်ဆင့်အနက်တွေသုံးပြီး သိုက်စာဝှက်သလို ဝှက်ရေးကြရတဲ့အခါလည်း ရှိပါတယ်။ ကိုယ့်ရည်ရွယ်ရင်း ခရီးပန်းတိုင် မန်းကိုရောက်ဖို့ လားရှိုးကနေ တိုက်ရိုက်လမ်းမသင့်တော့ ရှမ်းပြည်တောင်ပိုင်း ရပ်စောက် ဘက်ကနေ တကွေ့တပတ်၊ ပတ်ဝင်သွားရတာမျိုးလည်း ကြုံပါတယ်။ ကိုယ့်စာကို ကိုယ် ကြိုတင်တည်းဖြတ်ခဲ့ရသော ကာလရှည်ကြီး ပေါ့။ ဒီလို တည်းထားဖြတ်ထားတဲ့ကြားထဲကကို ဝါကျလိုက်၊ အပိုဒ်လိုက်၊ အပုဒ်လိုက်၊ စာအုပ်လိုက် အဖြတ်ခံရ အပိတ်ခံရတာမျိုးလည်း ကြုံဖူးကြပါတယ်။
ဥပမာ။ ကျွန်တော့် “ညှို့ငင်တော်” ဆိုရင်၊ အချက်အလက်စုဆောင်းဖို့ နှစ်နှစ် သုံးနှစ်လောက်အချိန်ယူရပေမယ့် တကယ်ချရေးတဲ့ အခါ တစ်လကျော်၊ နှစ်လမပြည့်လောက်ပဲ ကြာခဲ့ပါတယ်။ ဒါကို စိစစ်ရေးတင်တော့ ပြန်ကျဖို့ ၂နှစ်ကျော်ကျော် စောင့်ရပါတယ်။ ပြန်ကျလာတဲ့ အခါ စာအုပ်ရဲ့ အရေးတကြီး စာပိုဒ်တွေအပြင် မပါမဖြစ်တဲ့ အခန်းတစ်ခန်းလုံးကို ဖြတ်တောက်ပစ်လိုက်လို့ မထုတ်ဝေဘဲ ထားခဲ့ရဖူးတယ်။ ရာသီချိန်သင့်လို့ ထုတ်ခွင့်ရချိန်အထိ ဆယ်စုနှစ်တစ်ဝက်လောက်ကြာခဲ့၊ အချိန်ယူခဲ့၊ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ရဖူး ပါတယ်။
ဒီလိုနဲ့ နေသာတဲ့နေ့ရက်များ၊ လူလို သူလို နေထိုင်ခွင့်ရစပြုတဲ့ နှစ်များကို ဖြတ်သန်းခွင့်ရလာတော့ ကိုယ်ပြောချင်တာလေးကို (လုံးဝ) လွတ်လွတ်လပ်လပ်မဟုတ်ပေမယ့် အတန်သင့်ပြောဆိုတင်ပြခွင့်ရခဲ့ဖူးပါတယ်။ လွမ်းစရာ့နေ့ရက်လေးတွေပါ။ အဲ့ဒီနှစ်ကာလတွေ မှာ အမှောင်ခေတ်ကနဲ့ မတူတဲ့အပြောအဆိုအရေးအသားမျိုးနဲ့ ခေတ်ကိုပြုပြင်ဖို့ ကိုယ်မြင်တာ ကိုယ်ရေးခွင့်ရခဲ့ပါတယ်။ တစ်ချို့လည်း ပုံနှိပ်ဖေါ်ပြခွင့်ရခဲ့လို့ ဖေါ်ပြခဲ့ထားပြီးသားတွေပါ။
အခု၊ အဲဒီဆယ်စုနှစ်တစ်ဝက်လောက်ကရေးခဲ့တာတွေကို စုည်းပြီးစာတစ်အုပ်လုပ်မယ်လို့ စီစဉ်ထားတာတွေကို ပြန်ကြည့်တော့ မိုးကြီးလေထန်နေ့ရက်တွေ၊ နှင်းခါးတွေ သိပ်သိပ်သည်းသည်းကျတဲ့ညတွေနဲ့ ဒီမိုး၊ ဒီမြေ၊ ဒီရေ၊ ဒီရာသီမှာ ဖူးပွင့်ဖို့ မသင့်သေးတဲ့ ပန်းကလေးတွေ တွေ့ရပါတယ်။ စာအုပ်ဖြစ်ချင်တော့ ဒါတွေကို နာကျင်စွာ ပြန်တည်းရ၊ ပြန်ချန်ရပါတယ်။ ကိုယ့်အတွက်တော့ ဒီအလုပ်ကို လုပ်နေရတဲ့အခိုက်ဟာ အတော့်ကို ပင်ပန်းခက်ခဲလှတဲ့ နေ့တွေ အချိန်တွေကို ဖြတ်သန်းရခြင်းပါပဲ။
*****
မုန့်ဆိုင်က အမှာစာရောက်ပါတယ်။
မုန့်ဆိုင်ကို ပို့လိုက်တော့မလို့ နဂိုကတည်းက တစ်ဘူးစာ အသင့်ပြင်ထုပ်ပိုးပြီးသား ကိုယ့်ကိတ်မုန့်ဘူးလေးကို ဖွင့်ကြည့်ပါ တယ်။ ဘူးထဲမှာ ပွင့်ချိန်မတန်သေးတဲ့ ပန်းကလေးတချို့တွေ့ပါတယ်။ သူတို့က ကျွန်တော့်ကို ညှိုးငယ်စွာမော့ကြည့်ပါတယ်။ ဒီရာသီ ဒီအချိန်ခါမှာ ကျွန်တော် မတတ်နိုင်ပါ။ သူတို့ကို ခဏဖယ်လို့ “လူလိုနေရမယ့်နေ့ရက်များ” လို့ အမည်တပ်ထားတဲ့ ဘူးအသစ်ထဲမှာ ပြန်သိမ်းရပါတယ်။ သူတို့နေရာမှာ အခြားသင့်တော်မယ့် မုန်းလေးတွေ ပြန်စီထည့်ရပါတယ်။
ဒီလိုနဲ့ ကျွန်တော် မုန့်ပို့ချိန်နောက်ကျခဲ့ပါတယ်၊။
ဒါပေမယ့် သိပ်မကြာခင်မှာတော့ ကျွန်တော့်မုန့်ဘူးလေးကို မုန့်ဆိုင်ကောင်တာမှာ မြင်တွေ့ကြရပါတော့မယ်။
အဲ့တော့မှ ဝယ်ယူမြည်းစမ်းကြည့်ကြပေါ့။
ကျွန်တော့် မုန့်တွေထဲမှာ ‘အမှောင်မှာ ပွင့်သော ပန်းကလေးများ” အနံ့နဲ့ အရသာ ထည့်သွင်းပေးထား/ပေးလိုက်ပါတယ်။
………….
ကျန်းမာအဆင်ပြေရှိကြပါစေ
ငအအ
Monday, 6 November 2023 at 12:35PM