Assorted Cake အတွက် ခုရေးခုတင်လိုက်တဲ့ကဗျာမုန့် ပူပူနွေးနွေးလေး။
**********
Calling
……………
ဒေါသတကြီးအော်ဟစ် ခြိမ်းခြောက်ဆူညံပေါက်ကွဲခဲ့တဲ့
ကျည်ဆံ၊ အမြောက်သံတွေလည်းငြိမ်ဆင်း
မြို့လည်မှာ အထီးကျန်ခြင်းလမ်းတစ်စင်းသာရှိတော့ပြီပဲ
အဲ့ဒီ စစ်ဒဏ်ခံမြို့ကလေးရဲ့ တစ်ခုတည်းသောလမ်းပေါ်
ငါလျှောက်လာတဲ့အခါ၊
ငါ့ဘေးမှာ
အတိတ်ရဲ့ ပဲ့တင်သံတွေဟာ တဝုန်းဝုန်းပြိုကျလာနေခဲ့။
အိပ်မက်တစ်ခုလို လျှပ်တစ်ပြက်အတွင်း ပြိုပျက်ကျသွားတဲ့ ငါ့မြို့ကလေး
တစ်ချိန်က လူစည်ကားခဲ့တဲ့လမ်းများ
ခုတော့ ကြေကွဲတိတ်ဆိတ်
တို့မြို့က ရှူထုတ်လိုက်တဲ့ ထွက်သက်မှာ
ရယ်မောသံမပါ
ပျော်ရွှင်စရာသီချင်းတွေမရှိ
အထီးကျန်ခြင်းအတိနဲ့
ဝမ်းနည်းခြင်းမိုးတိမ်တွေသာ
တစ်မြို့လုံးရဲ့ကောင်းကင်မှာ ထူထူထဲထဲ အုပ်မိုးလို့
နှင်းခါးတွေ သိပ်သိပ်သည်းသည်းကျလာမယ့် ညကလည်း
ရှေ့မှာ အသင့်စောင့်ဆိုင်းလို့။
အရင်က ရှင်သန်ခြင်းဝိညာဉ်တွေနဲ့ နိုးထနေတဲ့ အဆောက်အုံတွေဟာ
ခုတော့ သရဲတစ္ဆေတွေလို။
ကွဲကြေနေတဲ့ ပြတင်းပေါက်များ
ပျက်စီးသွားတဲ့ အပျက်စီးတွေကြားက ငါလျှောက်ခဲ့တယ်။
ခုတော့ဖြင့်
ငါ့မြို့လေးဟာ
လူသူကင်းမဲ့တဲ့ ချောက်အနက်ကြီးထဲ
ခုန်ချ သတ်သေသွားခဲ့ရပြီပဲ
ဒါကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ။
ညဘက်ရောက်တော့
စစ်ပွဲရဲ့ သွေးဆာနေတဲ့ အော်ဟစ်သံတွေ တိတ်ဆိတ်သွား
ဒီလောက်ကြောက်စရာကောင်းတဲ့ အထီးကျန်မြင်ကွင်းနဲ့ အလောင်းကောင်တွေကြားမှာမှ
ဘယ်သူတွေက မြို့ကလေးနဲ့အတူ ငါ့ကိုထားသွားခဲ့တာလဲ?
ပန်းတိုင်ပျောက်နေတဲ့မြို့
အရုဏ်ကျင်းလို့ အလင်းမရောက်နိုင်သေးတဲ့မြို့လမ်းမှာ
ငါဖြတ်လျှောက်နေရတယ်။
ငယ်ဘဝ အမှတ်တရတွေက
တရွေ့ရွေ့နဲ့ အရိပ်တိုင်းမှာ ပါလာနေတယ်။
ဒါပေမယ့်
မျှော်လင့်ချက်တွေကတော့
ဟော့ဒီ စစ်အမှောင်ထဲမှာ
အားငယ်စွာ တုန်ယင်ခြောက်ခြားနေတုန်း။
ဘဝကို မီးတောက်တစ်ခုလို လင်းလက်
မျှော်လင့်ချက်အသစ်နဲ့ ရှေ့ဆက်ဖို့
ငါ့ခြေလှမ်းတွေကို စတင်လိုက်မယ်။
ဒီ အထီးကျန်လမ်းမကြီးရဲ့ တိတ်ဆိတ်မှုတွေကပဲ
အတိတ်ဆိုးကနေ အနာဂတ်သစ်ကိုတည်ဆောက်မယ့်အခွင့်အလမ်း
ရခဲ့တဲ့ ဒဏ်ရာတွေကို ကုစားဖို့
ခိုင်မာမြဲမြံတဲ့ မေတ္တာတရားတွေတည်ဆောက်နိုင်ဖို့
အခွင့်အလမ်းတွေကို ငါမြင်ခဲ့ရတယ်
ဒီအခွင့်အလမ်းတွေကို ငါ့လက်နဲ့ ဖန်တီးမယ်။
ဒီမြို့ဟာ ဒီနေရာမှာ ပျက်စီးပြိုကျသွားခဲ့ရပြီ
အပျက်စီးပုံကြီးထဲ နစ်မြုတ်နေတဲ့ ‘စိတ်ပျက်အားငယ်မှုမြေပြင်’ပေါ်မှာ
မျှော်လင့်ချက်ပန်းအသစ်တွေ မုချ ပွင့်လာမယ်လို့ ငါယုံတယ်။
ဟောဒီ တိတ်ဆိတ်တဲ့ညကြီးထဲမှာ
ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ ငါ့မြို့အတွက်
မကြာခင်မှာ
အာရုဏ်လာတော့မယ်။
ဟေ့ နေ့သစ်
မင်းကို ငါ အော်ခေါ်လိုက်တယ်၊
ကောင်းမွန်ပျော်ရွှင်ခြင်း အပြည့်အသိပ်ထည့်ထားတဲ့ အိပ်ကိုလွယ်ပြီး
နက်ဖြန်မနက် ငါ့ဆီ အရောက်လာခဲ့ပါ။
အရာရာကို ငါတို့ အသစ်ပြန်စမယ်။ ။
ငြိမ်းအေးအိမ်
Monday, November 6, 2023 at 5:09PM