Coffee collage

ဤ စာစုကို 

                  “ကျွန်တော့်ထံ ပျံသန်းရောက်ရှိလာသော သတိတရချစ်ခြင်းအနုပညာနှင့် ကော်ဖီအတူသောက်ကြရန် တစ်ခေါက်ပြန်လာဖို့ နှစ်ပေါင်းများစွာ မေ့လျော့နေသော သူမ၏ မေ့လျော့ခြင်းအနုပညာ” ဟူသော ရှည်လျားလှသည့် နာမည်ပေးလျှင် သင့်လျော်မည်လော။

ကျွန်တော့်အခန်းသည် စွဲမက်ဖွယ် ကော်ဖီရနံဖြင့် မွှေးပျံ့နေ၏။

            ထိုရနံ့တို့ ထွန်းကားပြည်တည် နန်းစိုက်ရာမှာ ကျွန်တော့်အလုပ်စားပွဲပေါ်က ကီးဘုတ်လေးဘေးနားတွင်။

            ကျွန်တော် ကော်ဖီတငုံသောက်၏။ ကော်ဖီနှင့်အတူ သတိရလွမ်းဆွတ်ခြင်းကိုလည်း တငုံသောက်မိ၏။ ထိုသောအခါ ကော်ဖီနံ့ သင်းပျံ့သော လွမ်းဆွတ်သတိရခြင်း အရသာသည် ကျွန်တော့်ကို ရီတီတီဖြစ်လာစေ၏။ ယစ်မူးလာစေ၏။

            နားထဲတွင် သီချင်းသံများကြားလာရ၏။ မည်သူဆိုနေသနည်း။ မည်သည့်နေရာက ထွက်ပေါ်လာသည့် သီချင်းသံနည်း။ သတိရခြင်းတွင်သော်လည်းကောင်း အလွမ်းတွင်သော်လည်းကောင်း သီချင်းဆိုတတ်သည့် လုပ်ဆောင်ချက်ပါသည်ဟု မကြားဖူး။ 

            အိုး ….။ ထိုသီချင်းသံများသည် ကော်ဖီခွက်ထဲမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

             အိုး …

 

 

“ဝေးခဲ့ကြရပြီ အချစ်ရေ.. တစ်ပြည်ခြားနေတဲ့ တို့ဘဝတွေ . . . 

သတိရတိုင်းလည်း စာမှန်မှန်ရေးလေ .. ဟင် .. သိပ်ချစ်တယ်မေ..။

အချိန်အကြာကြီး ခွဲမထားနဲ့တော့လေ..

တစ်နေ့နေ့ တို့နှစ်ယောက်တွေ့ချိန်လေးများ … ကိုယ်တမ်းတစောင့်စားရင်းနဲ့လေ … 

ကြိုးစားထားသမျှ အရာထင်လာပါရစေ ..၊ အားပေးတတ်တဲ့ ချစ်သူရေ …၊ 

အချိန်အကြာကြီး ခွဲမထားနဲ့တော့လေ … နှစ်ကိုယ်တူဘဝများ ငြိမ်းချမ်းအေးပါရစေ .. 

အတူနေရအောင် ပြန်လာမလား… ကိုယ်အရမ်း လွမ်းနေပြီ ကလေးရေ ..

…….

            ထို (ကျွန်တော်ဟု ဖေါ်ပြထားသော) ဇာတ်ကောင်မှာ သူလွမ်းတမ်းတနေရသော ချစ်သူ အမှန်တကယ်ရှိသည်လား။ 

            သူ့စိတ်ကူးနှင့်ရူး၍ တည်ဆောက်ထားသော အိပ်မက်ကမ္ဘာထဲမှ အတွေးပုံရိပ်တစ်ခုကိုပင် ‘ချစ်သူ” ဟူသော သင်္ကေတဖြင့် ညွှန်းဖွဲ့ထားလေသည်လား။ ယခုဖေါ်ပါ စာသားအက္ခရာ ဝါကျများသည် ဝတ္ထုတစ်ပုဒ်တွင် တပ်ဆင်ထားသော အသုံးချပစ္စည်းများ ဖြစ်နေ ခြင်းကြောင့် သူ၏အမှန်တကယ် လက်တွေ့ဘဝ (Reality) နှင့် စိတ်ကူးယဉ်ကမ္ဘာ (imagination )ကို တိတိကျကျ နယ်နမိတ်မျဉ်းသား ခွဲခြားပြရန်မှာ မလွယ်ကူပါ။ မဖြစ်နိုင်ပါ။

            ဇာတ်ကောင်၏ မျက်လုံးများသည် ကော်ဖီထုပ်ပေါ်က အမှတ်တံဆိပ်ထံရောက်ရှိသွား။ 

            တံဆိပ်ပေါ်ကအမည် (MAI LY) ။ 

            သူ့လက်က ကီးပေါ်ပေါ်တွင် တဖျောက်ဖျောက်တချောက်ချောက် လှုပ်ရှား။ ကော်ဖီရနံ့များက လက်ကို စေညွှန်အမိန့်ပေး လိုက်ပုံရ။

            သူ့ရှာဖွေတွေ့ရှိချက်မှာ ….။

            “ဗီယက်နမ်နာမည် Mai Ly သည် Mai နှင့် Ly ဟု အမည်နှစ်မျိုးဖြင့် ပေါင်းစပ်အမည်တစ်ခုဖြစ်သည်။ Mai သည် “ဇီးသီး” သို့မဟုတ် “apricot ပန်း” ကိုဆိုလိုသည်။ Ly သည် “ကြာပန်း” ဟု အဓိပ္ပါယ်ရသည်။ ကြာပန်းသည် ဗီယက်နမ်ယဉ်ကျေးမှုတွင် မြင့်မြတ်သောပန်းဖြစ်ပြီး ၎င်းသည် သန့်ရှင်းခြင်း၊ အလှတရားနှင့် ဉာဏ်အလင်းတို့နှင့် ဆက်စပ်နေလေ့ရှိသည်။ ရေပန်းစားလှသော ဗီယက်နမ်အမည်တစ်ခု ဖြစ်သည်။ Mai Ly ဆိုသည့် နာမည်သည် ဗီယက်နမ်မိန်းကလေးတစ်ယောက်အတွက် လှပပြီး အဓိပ္ပါယ်ရှိသော နာမည်တစ်ခု။ ခွန်အား၊ အလှတရားနှင့် အစပြုမှုအသစ်များစွာဖြင့် ဆက်စပ်နေသည့် နာမည်တစ်ခုပါ။” ဟူ၍ဖြစ်သည်။

            ယခုအခါ ထိုဗီယက်နမ် အပျိုမသည် လှပစွာ ကမ္ဘာပတ်၍ သူမအားစွဲမက်ချစ်ခင်စေရန် ညှို့ယူဖမ်းစားနေချေပြီ။

            ၁၉၅၀ကျော်မှ ၇၀ကျော်အထိ ခါးသီးလှသော ဗီယက်နမ်စစ်ပွဲများအတွင်း ထိုသူမသည် မည်သို့ရှင်သန်ခဲ့သည်/ လှပ ပျိုမြစ်ခဲ့သည်/ ရဲစွမ်းသတ္တိအပြည့်ဖြင့် တိုက်ပွဲဝင်ကာ သူ့နိုင်ငံကို သူ မည်သို့ပြန်လည်ထူထောင်ခဲ့သည်ကို သိလိုလာသည်။ 

            သွေးညှီနံ့များ/ အလောင်းများ/ ဒဏ်ရာအနာတရများ/ ငတ်မွတ်မှုများ/ ရှိုက်ငင်ငိုကျွေးသံများ/ မီးလောင်ညှော်နံ့နှင့် ပြိုကျပျက်စီးနေသော အဆောက်ဦများကြားမှ ထို”ကြာပန်း” လေး ရှင်သန်ထမြောက်လာခဲ့ရသောခရီးသည် စိတ်ဝင်စားဖွယ် အတိပြီးနေ လိမ့်မည်မှ မုချ။

ဤ ကမ္ဘာကြီးကို မတော်တဆမှုများက ထိန်းကြောင်းမောင်းနှင်နေသည်ဟုပြောလျှင် လွန်အံ့မထင်။

            အာဒမ်နှင့်ဧဝသည် အချစ်ကို မတော်တဆတွေ့ရှိခဲ့ကြဟန်တူသည်။ ထိုတွေ့ရှိမှုက လူသားမျိုးနွယ်ကို ဖြစ်ထွန်းစေခဲ့။

            လူတို့သည် “မီး”ကိုလည်း မတော်တဆပင်တွေ့ခဲ့၏။ ထိုမှတစ်ဆင့် ချက်ပြုပ်စားသောက်ခြင်းထွန်းကားလာပြီး ယဉ်ကျေးမှုမြင့် သွားခဲ့၏။

            ပန်းသီးကြွေကျခြင်းမှ ကမ္ဘာ့ဆွဲအားကို ဆင်ခြင်နိုင်ခဲ့၏။  ယင်းအသိတရားက သိပ္ပံပညာရပ်၏ အားကိုးအားထားရာ ပင်မတွေ့ရှိမှုများထဲ တစ်ခုပါဝင်သွားကာ အရွေ့တစ်ခုကို တွန်းတင်ပြန်၏။

            သစ်ပင်ခွကြားတွင် ကြွေကျနေသော သစ်သီးများနှင့် မိုးရေ အရောအနှောများကို ငှက်များသောက်မိရာက သေရည်သောက်သုံးခြင်းဓလေ့ တစ်ကမ္ဘာလုံးကို ပတ်မွှေ့၏။ “အရက်” ဟူသော စာ/ စကားမရှိသော နိုင်ငံ ကမ္ဘာ့မြေပုံပေါ်တွင်မရှိတော့။

            ယခုလည်း ၉ရာစုတုန်းက အီသီယိုပီးယားက ဆိတ်ကျောင်းသူ Kaldi တစ်ယောက် အပင်တစ်ပင်က ဘယ်ရီသီးတွေကို မတော်တဆမြုံ့မိရာက တက်ကြွစိတ်တွေဖြစ်လာတာ သတိထားမိပြီး ကော်ဖီကို တွေ့ရှိသည်ဆို၏။ 

ကော်ဖီတွေ့ရှိပုံ ဒဏ္ဍာရီထဲက  ဘယ်ရီသီးတွေစားပြီး သူ့ဆိတ်တွေနဲ့အတူ ပျော်ရွှင်နေတဲ့ ဆိတ်ကျောင်းသူ Kaldi

            အချစ်ကို မတော်တဆတွေ့ရှိရာမှ ပြန့်ပွားလာသော လူသည်၊  လူနှင့်ဆိတ် မတော်တဆတွေ့မိရာမှဖြစ်ထွန်းလာသော ကော်ဖီယဉ်ကျေးမှုထဲ စူးနစ်ပျော်ဝင်သွားပြီး ချစ်သူကို လွမ်းနေခြင်းကဖြင့် အတန်ငယ်ကသိကအောင့်နိုင်လှသည်။

            ယနေ့ခေတ်၌ ကော်ဖီသည် ကမ္ဘာတစ်ဝှမ်းတွင် အကျယ်ပြန့်ဆုံးသော အဖျော်ယမကာများထဲမှ တစ်ခုဖြစ်ပြီး ကြွယ်ဝပြီး ကွဲပြားသော ကော်ဖီယဉ်ကျေးမှုသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့ လျက်ရှိသည်ဟု မှတ်ချက်ပြုလျှင် ငြင်းဆန်ဖို့ခက်မည်။     

လူတွေ တစ်နှစ်သောက်သုံးနေသော (သို့မဟုတ်) ကော်ဖီကုန်သွယ်မှုပြုနေသော ငွေကြေးပမာဏသည် ဘီလျံ ၁၀၀ ခန့်ရှိနေပြီဖြစ်သည်။ ထိုပမာဏမျှသော ငွေကြေးများဖြင့် ဆင်ရဲနွမ်းပါးသူများဘဝကို ဖြည့်ဆည်းပေး ကြည့်နေမိပြန်၏။

            ကော်ဖီတစ်ခွက်ဖြင့် အိပ်မက်များစွာမက်နိုင်သော်လည်း ထိုကော်ဖီတစ်ခွက်ဖြင့် ချစ်သူကို ပြန်လာအောင် ညှို့ငင်ခေါ်ယူနိုင်စွမ်း မရှိသူတစ်ဦးသည် မှုန်ပြပြအလင်းအောက်က ကော်ဖီဆိုင်ထောင့်လေးတွင်ထိုင်ရင်း  “ကော်ဖီအတူသောက်ကြရန် တစ်ခေါက်ပြန်လာ”  သီချင်းကို တီးတိုးညည်းနေပြန်သည်။

Friday, September 8, 2023 at 5:22 PM

Visited 186 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *