“အရိပ် ကပွဲ”
ဦးညီပုကို မမီခဲ့
ခင်မောင်ရင်ကို မသိခဲ့
ဒါပေမယ့် တဘဝလုံး ‘ရိကပွဲ’ ထဲက မထွက်နိုင်ခဲ့။
အမေ့ရင်ခွင် နွေးနွေးထဲက ‘ရိကပွဲ’
တုန်ခြင်း မှုန်ခြင်း သည်းခံပါဆိုတဲ့ ကျောင်းဘောလုံးကွင်းထဲ
လေလာတိုင်း ယိမ်းခါနေတဲ့ ပိတ်ကားဖြူညစ်ညစ်ပေါ်က ‘ရိကပွဲ’
ရွှေဘနဲ့အတူ မျက်နှာဖြူတွေကို လက်သီးနဲ့ ထိုးခဲ့တဲ့ ‘ရိကပွဲ’
နှစ်မွှာအသည်းမှာ စန္ဒာနဲ့အတူ မျက်ရည်တွေကျ ငိုခဲ့ရဖူးတဲ့ ‘ရိကပွဲ’
ခင်သန်းနု လက်ထောက်လိုက်ရင် ဘယ်ဘက်လက်က
အတွင်းခွင်နေတယ်ဆိုတဲ့အထိ အသေးစိတ်ကြည့်ရင်း
မင်းသမီးကို ရင်ခုန်တတ်တဲ့အရွယ်က ‘ရိကပွဲ’
ဗန်တိုလူလေးကြည့်ပြီး သိုင်းရူးဖြစ်ခဲ့တဲ့ ‘ရိကပွဲ’
မီးပုံပွဲမှာ စုကာဝေးကာကြောင့် ဂစ်တာတီးဖြစ်၊
ဝင်းဦးအသံနဲ့တူအောင် တုပြီး သီချင်းဆိုဖြစ်စေတဲ့ ‘ရိကပွဲ’
သောကြာနေ့ ကားသစ်တင်တိုင်း
တစ်ပတ်စာ စုထားတဲ့ မုန့်ဖိုးတွေ ကုန်ခဲ့ရတဲ့ ‘ရိကပွဲ’
သမန်းကျားကို ဆယ့်သုံးခါကြည့်ဖြစ်ခဲ့တဲ့ ‘ရိကပွဲ’
စိမ်းတယ်လို့ မှတ်မှာလား သီချင်းဆို
ခေါင်းလောင်းဘောင်းဘီဝတ်၊
တန်ဆောင်တိုင်ပွဲခင်းမှာ စောင်းငန်းစောင်းငန်းလမ်းလျှောက်ရင်း
လူပျို မဖြစ်တဖြစ်လေးကို
လူလုံးပြစေခဲ့တဲ့ ‘ရိကပွဲ’
အမေကြည်ကြည်ဌေး၊ မေသစ်ကနေ ကြည့်လာလိုက်တာ
ဖွေးဖွေးတို့ ရွှေမှုန်ရတီတို့အထိ အကြည့်မပျက်ခဲ့တဲ့ ‘ရိကပွဲ’
ရွှေဘ၊ ကျော်ဆွေကနေ ဒေါင်း၊ မိုရီဆာကီဝင်းအထိ ငေးကြည့်ရခြင်းမပျက်ခဲ့တဲ့ ‘ရိကပွဲ’
‘ရိကပွဲ’ထဲ ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ နစ်ဝင်နေခဲ့တာ ရာစုနှစ်တစ်ဝက်ကျော်ပြီပဲ
ခု ‘ရိကပွဲ’၊ သူ့အသက် အနှစ်တစ်ရာတဲ့၊
ကျွန်တော်တို့ လွန်သွားပြီးနောက် နှစ်ရာပေါင်းများစွာ
လူသစ်တွေရဲ့ ဝိညာဉ် အနုပညာအားနဲ့ ‘ရိကပွဲ’ ဟာ လှုပ်ခတ်ရှင်သန်နေဦးမှာပါပဲ။
‘ရိကပွဲ’ ကျန်းမာပျော်ရွှင်ရှိပါစေ။ ။
မှတ်ချက်။ ။ ‘ရိကပွဲ’ ဆိုသည်မှာ ထားဝယ်စကားဖြင့် ‘ရုပ်ရှင်’ (အရိပ်များ က ပြသောပွဲ) ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
ငြိမ်းအေးအိမ်